လူတစ်ယောက်ရဲ့ ဒိုင်ယာရီ
August 3, 2009
(အမှတ်တရ စကားချပ်)
အဲဒီတုန်းက ၁၉၉၆-၉၇ ကာလတွေဖြစ်ပါတယ်။ မန္တလေးမှာ ကျနော်စာပို့နေကျ။ ပါဆယ်ထုတ်နေကျ စာတိုက်က ကွမ်းခြံစာတိုက်ပါ။ အရင် ကွမ်းခြံရပ်မှာရှိရာက နောက်တော့ ကျနော်တို့ ရွာဟိုင်းဈေးဘေးက ၃၉ လမ်း၊ ၈၅ လမ်းထောင့်က အင်္ဂလိပ်ခေတ် တိုက်ဟောင်းကြီးတခုရဲ့ အခန်းတခန်းမှာ ဖွင့်ခဲ့တာလို့သိရပါတယ်၊ ကျနော် မန္တလေးစရောက်တဲ့ ၉၁ ခုနှစ်ကတည်းက အဲဒီနေရာမှာရှိနေရာက ၉၆ လောက်အထိဖြစ်ပါတယ်။ အတိကျတော့ မသိပါ။
ဒါပေမယ့် နာမည်ကျော် မန္တလေးရဲ့ နာမည်ကျော် ရွာဟိုင်းဈေးအနောက်ဖက်က ရွာဟိုင်းသုဿန်ကြီးကို ဖျက်ပြီးတော့ နှစ်အတန်ကြာတော့ အဲဒီကွမ်းခြံစာတိုက်ကို သုဿန်ဟောင်းရဲ့ ကွင်းပြင်ကြီးကို ကျော်ပြီး တောင်ဖက် အင်းစပ်စပ်တွေကြား ပြောင်းလိုက်ပါတယ်။
ဒီသုဿန်က နာမည်ကြီးလို့ပြောရတာက နိုင်ငံရေးအထင်ကရဖြစ်တဲ့ သခင်ဗဟိန်းအုတ်ဂူနဲ့ စာဆိုကြီး အလင်္ကာကျော်စွာ မြို့မငြိမ်းတို့ ရဲ့ နောက်ဆုံး မြေမြုပ်သင်္ဂြုဟ်ရာ အမှတ်တရ နေရာကြီးဖြစ်လို့ပါပဲ။
ဒီမြင်ကွင်းတွေနဲ့ လူတယောက်အကြောင်း ခံစားရေးခဲ့ပါတယ်၊ မဟေသီမဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်၊
———————————————————————
လူတစ်ယောက်ရဲ့ ဒိုင်ယာရီ
ပြာလဲ့သော ကောင်းကင်ကားတစ်ချပ်ထဲ ဖြူလွလွသိုးအုပ်များ အလုအယက်တိုးဝှေ့နေသကဲ့သို့ တိမ်လိပ်များ ခပ်နိမ့်နိမ့်ပျံသန်းနေသည်။
နေသာသောတစ်ရက်တွင် စာတိုက်သို့ ကျွန်တော်ပထမဆုံး ရောက်ရှိသွား ခဲ့သည်။ ဤရောင့်ရဲနိုင်ကြသော မြို့ကလေး၏ တစ်ခုတည်းသော စာတိုက်မှာ မြို့၏ အခြားညစ်ထေးသော အဆောက်အအုံများအတိုင်းပင် အရောင်မွဲမွဲ ခိုအုပ်များလည်း ရှိနေသည်ကို တွေ့ရသည်။ စာတိုက်ရှိရာ အဆောက်အအုံ၏ အညိုဖျော့ဖျော့ အုတ်ရိုးများသည် နှစ်ကာလများစွာ၏ ရိုက်နှက်မှုကို အကြိမ်ကြိမ်ခံထားရသဖြင့် အလွန်ညိုးရော်နေ၏။ စတုဂံ ကျကျ နှစ်ခန်းတွဲ အဆောက်အအုံ၏ နဖူးတွင်မူ အင်္ဂလိပ်အက္ခရာဖြင့် ရွှေဟူသော အဓိပ္ပါယ်ရသည့် စကားလုံးတစ်လုံးကို စပါးနှံနှစ်ခုရံ၍ သရုပ်ဖော်ထားသည်။ စာ၏အောက်တွင်မူ ၁၈၉၁ ဟူ၍ ဂဏန်းလေး လုံးကို တွေ့ရသည်။
”မှတ်ပုံတင် စာပို့ချင်လို့ပါ” စာတိုက်မှူးသည် ကျွန်တော်၏ ခပ်လွင်လွင် စာအိတ်ကလေး အား ‘အာရ်’ဟူသော တံဆိပ်တုံးကို ဒုန်းကနဲထုကာ စာပို့တန်ဖိုး သုံးကျပ်ဟူသည့် ဖြတ်ပိုင်းကလေးကို လှမ်းပေး၏။ ကျွန်တော်သည် အခြားမြို့များမှ စာတိုက်များနည်းတူ ၀တ်ကျေတန်းကျေ ချိတ်ဆွဲထား သော လျော့ရဲရဲဇယားများ ဖြူရော်ရော် မြေပုံတစ်ချပ်နှင့် ဆေးကျဆေးန မကောင်းသော ပြက္ခဒိန်များ ချိတ်ဆွဲထားသည့်နံရံများမှ အကြည့်လွှဲကာ ငွေသုံးကျပ်ကို စာတိုက်မှူးထံ လှမ်းပေးလိုက်သည်။
စာတိုက်ပုံးနီနီလေး ၏အလွန် အုတ်လှေကားပေါ်တွင်မူ လူတစ်ယောက်အိပ်မောကျနေ၏။ နေ့စဉ်ရက်ဆက် အိပ်ရေးပျက်ထားသူ တစ်ယောက် သို့မဟုတ် ပစ္စက္ခ လောကကြီးအား နေ့များအဖြစ်သာ မြင်လိုသူတစ်ယောက် အိပ်စက်နေ သကဲ့သို့ ခြေပစ်လက်ပစ်အိပ်နေသူဖြစ်သည်။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်း တွင် အ၀တ်အစားမပါရှိပါ။ သို့သော် ထိုသူမှာ အလွန်အားမာန်ချိနဲ့နေသူ တစ်ယောက်ဟု မြင်ရုံနှင့် သိနိုင်သူဖြစ်သည်။ စာသား၏တစ်ဘက်ခန်းမှာ ဆေးမရှိတော့သည့် တံခါးမကြီးနှစ်ချပ်ပိတ်ထားသော လူနေအိမ်သာ ဖြစ်ဟန်ရှိပါသည်။ မီးသွေးခဲများကလည်း အိမ်ရှေ့တွင် တစ်စစီပြန့်ကျဲ နေ၏။ သစ်သားတံခါးမကြီးနှင့် အုတ်နံရံများ၏ ညာဘက် အထက် ကျကျတွင်မူ မီးသွေးခဲနှင့် ရေးသားထားသောစာများ ဟိုတစ်ခု ဒီတစ်ခု ရှိနေ၏။ ‘ဒီနေ့ ထမင်းမစားရသေး’ ဟူသော စာကြောင်းမှာ ခပ်နိမ့်နိမ့် နေရာတွင်ရှိသည်။ ထိုစာလုံးများ၏ ညာဘက်အထက်ကျကျတွင်မူ ‘ငါးကျပ်တန်စုတ်လို့ လက်ဖက်ရည်ဝယ်မရ’ ဟု ရေးထားသည်။
စာတိုက်က ကျွန်တော် ပြန်လာသောအခါ ပလက်ဖောင်းပေါ် တွင် အစာရှာနေသောခိုကလေးများ ဗြုန်းကနဲ အပေါ်သို့ပျံတက်သွား ကြသည်။ တနင်္လာနေ့တစ်ရက်တွင် ကျွန်တော့်ထံ စာပို့သမားတစ်ယောက် ရောက်လာကာ ငွေလွှဲစာတွင်လက်မှတ်ထိုးဖို့ ငွေပို့လွှာကဒ်အားပေးသည်။ ကျွန်တော့်ထံ ပို့လိုက်သောငွေမှာ မဂ္ဂဇင်းတိုက်တစ်ခုမှ စာမူခဖြစ်၍ နောက်တစ်နေ့မနက် စာတိုက်တွင် ငွေလာထုတ်ယူရန်လည်း မှာသွား သည်။
အင်္ဂါနေ့မနက်ပိုင်းတွင် ကျွန်တော်စာတိုက်ကို ရောက်ခဲ့သည်။ စာတိုက်သို့မ၀င်ခင် စာတိုက်နှင့်တစ်ဆက်တည်းရှိသည့် တစ်ဖက်ခန်းကို ကျွန်တော်ကြည့်ဖြစ်အောင် ကြည့်မိသည်။ တစ်ခါက တွေ့ခဲ့ဖူးသောလူမှာ အိမ်ရှေ့အ၀င်ဝ လှေကားခုံပေါ်တွင် ခပ်ငူငူထိုင်နေ၏။ သူ့၏မျက်နှာမှာ တစ်စုံတစ်ရာကိုမကျေနပ်သော လူတစ်ယောက်၏ မျက်နှာမျိုးဖြစ်သည်။ သူ့ခန္ဓာကိုယ်မှာ ချေးအထပ်ထပ်နှင့် ဖြစ်သော်လည်း အသားအရေ စိုပြေခဲ့သူဖြစ်ကြောင်း တွေ့မြရသည်။ ထိုလူရှိ အထူးဆန်းဆုံး အင်္ဂါရပ်မှာ မျက်လုံးများဖြစ်ပြီး၊ မရှိသော တစ်စုံတစ်ရာကို စူးစိုက်ကြည့်နေသကဲ့သို့ ဖြစ်သည်။ သူ့မျက်ကွင်းများမှာလည်း ချိုင့်ခွက်နေပြီး သူ့ဘ၀၏ ကျန်ခဲ့ သောနေ့ရက်များတွင် တစ်ကြိမ်မျ အိပ်စက်ပစ်ခဲ့ဘူးသူမဟုတ်ဟု ထင်ရ သည်။
ကျွန်တော် စာတိုက်ရုံးထဲဝင်လိုက်ချိန်တွင် မနေ့က စာပို့သမား ရောက်မလာသေးပါ။ စာတိုက်မှူးမှာ သတင်းစာတစ်စောင်ကို စူးစူး စိုက်စိုက်ဖတ်နေ၍ အထွေထွေ အလုပ်သမားဖြစ်ဟန်ရှိသူမှာ ရုံးဖိုင်များကို နေရာတကျ ပြင်ဆင်နေသူကို တွေ့ရ၏။
”ကျွန်တော့်နာမည်နဲ့ ငွေပို့လွှာရောက်လာတယ်ဆိုလို့ ငွေထုတ် ဖို့လာတာပါ” ကျွန်တော်က အထွေထွေလုပ်သားကို ပြောလိုက်သည်။ ထို အခါ သတင်းစာဖတ်နေသော စာတိုက်မှူးက ”သြော် – ထိုင်ပါဦး” ကျွန်တော်သည် အနီးရှိ ခုံတစ်လုံးပေါ်တွင် ၀င်ထိုင်လိုက်သည်။
”စာပို့သမား မရောက်သေးဘူးဗျ။ သူယူလာလိမ့်မယ်။ ခဏ စောင့်ပါ” ဟုပြောကာ သတင်းစာကို ဆက်ဖတ်နေတော့၏။ ကျွန်တော်မှာ အုတ်နံရံတစ်ဘက်ရှိ အခန်းထဲသို့သာ စိတ်ရောက်နေသည်။ ထိုလူ မိနစ်အတန်ကြာသောအခါ စာပို့သမား ရောက်လာသည်။ ထို့နောက် စကားစမြည်ပြောက စာမူခငွေကို ကျွန်တော့်အားပေးလေသည်။ ကျွန် တော်သည် မဖြစ်စလောက်သော စာမူခငွေအရေအတွက်ကို အထူး အဆန်းကြည့်နေသည့် စာပို့သမားအား အကြည့်လွှဲလိုက်၏။
ခိုမွဲမွဲလေးများသည် လမ်းတစ်ဖက် ပလက်ဖောင်းဆီသို့ တ ဖျတ်ဖျတ် ပြန်ဆင်းသွားကြ၏။ ဤစာမူခမှာ လွန်ခဲ့သောနှစ်က ထုတ်ခဲ့ သော လစဉ်မဂ္ဂဇင်းစာအုပ်မှ စာမူခဖြစ်သည်။ ဒီလ ၀တ္ထုတစ်ပုဒ်မှ ပါမလာသေးပါ။
စာတိုက်ပုံးကလေးထဲသို့ ကောင်မလေးနှစ်ယောက် စာလာထည့်နေ၏။ ကျွန်တော့်ချစ်သူဆီမှ စာမလာတော့သည်မှာ တစ် နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ကျွန်တော်သည် စာပို့သမားအားနှုတ်ဆက်ကာ ခပ်ဖွဲဖွဲကျနေ သော နေရောင်များထဲသို့ လမ်းလျောက်ထွက်လာခဲ့သည်။
”ဒေါင်”
ပလက်ဖောင်းပေါ်သို့ အရောက်တွင် ဒန်ခွက်တစ်လုံးက ကျွန်တော့်ခြေထောက်နား လွင့်ရောက်လာ၏။ ကျွန်တော် ခွက်လာရာ တစ်ဖက်ခန်းကို လှည့်ကြည့်လိုက်မိသည်။
”ငွေငါးဆယ် လာပေးသွားတယ်” ”လုံးဝ လက်မှတ်မထိုးဘူး” မီးသွေးခဲများဖြင့် ရေးထားသော တံခါးရွက်ကြီးများပေါ်မှ စာများကို အထင်းသားဖတ်လိုက်ရလေသည်။ ထိုသူမှာ ကျွန်တော့်ကို မကြည့်ဘဲ မြေကြီးကိုသာကြည့်ကာ တံတွေးကို တပျစ်ပျစ်ထွေးနေ၏။ ကမ္ဘာမြေကြီးမှာ အလွန်သည်းခံနိုင် ကြောင်း သူသိရော့လေသလား မသိနိုင်ပါ။
ကျွန်တော်နေထိုင်ရာသို့ စာများရောက်လာသကဲ့သို့ ကျွန်တော် ကလည်း စာတိုက်သွား၍ အကြိမ်ကြိမ် စာသွားပို့ဖြစ်ခဲ့သည်။ ကျွန်တော် စာတိုက်သို့ ရောက်တိုင်းလည်း စာတိုက်ဘေးခန်းမှလူနှင့် သူ၏လက်ရာ များကို အမြဲတွေ့ခဲ့ရသည်ချည်းဖြစ်သည်။
မိန်းမ = သစ္စာမရှိ ငွေမက်တယ်။ မုန်းတယ်။ အချစ်ဆိုတာ ကြားဖူးတာပဲ ရှိတယ်။ လုံးဝ လက်မှတ်မထိုး။ နမ်းတယ်။ လက်မခံ။ ပေါင်မုန့်တွေဟာ အသိုးတွေ။ တံခါးရွက်စာများသည် တစ်ကြိမ်တစ်ကြိမ် ကျွန်တော် စပ်စု လိုက်တိုင်း နှိုးဆွနေတတ်သည်။ နွေတစ်ရက်တွင် နှစ်နှစ်ကြာသည့်တိုင် စာပြန်ဖို့ ပျက်ကွက်ခဲ့ပြီဖြစ်သော ကျွန်တော့်ချစ်သူထံသို့ စာတစ်စောင်နှင့် မဂ္ဂဇင်းတိုက်တစ်ခုသို့ ၀တ္ထုတိုတစ်ပုဒ်ပို့ရန် ထိုစာတိုက်ဘေးသို့ ကျွန်တော် ရောက်သွားခဲ့ပါသည်။
စာတိုက်သည် အလွန်အိုစာသွားသောလူတစ် ယောက်လို နွမ်းလျနေ၏။ သို့သော် စာထည့်သူတို့၏ ခပ်ဆွေးဆွေး သီချင်းများကို သီဆိုနေကြသည်။ စာတိုက်ရှေ့မှ စာတိုက်ပုံးလေးမှာ ဖုန်မှုန့်တွေ ဖွေးဖွေးထင်နေကြ၏။
”ခင်ဗျားစာတွေ အလာကျဲသွားတယ်ဗျာ” စာတိုက်မှူးက တရင်းတနှီး နှုတ်ဆက်လေသည်။ ကျွန်တော့် တွင်ရှိသော ချစ်သူတစ်ယောက် လွန်ခဲ့သောနှစ်က ပျောက်ရှသွားခဲ့သည့် အကြောင်းကို ကျွန်တော်မပြောဖြစ်ပါ။ နွေသည် မည်မျပူလောင်ကြောင်း ကိုသာ ပြောဖြစ်ခဲ့၏။
”ဟား ဟား ဟား”
ထိုစဉ် ရယ်သံပေါ့ပေါ့တစ်ခုသည် ကျွန်တော်တို့ကြားသို့ ပျံ့လွင့် လာ၏။ စာတိုက်မှူး မျက်နှာပျက်သွားသည်ကို ကျွန်တော်မြင်လိုက် သည်။
”သူက တစ်မျိုးဗျာ” ကျွန်တော်သည် ရေငတ်ချိန်ဖြစ်၍ စမ်းချောင်းကို တွေ့သော အခါ ပျော်သွားမည့်သူဖြစ်သည်။ ”နေပါဦး။ သူက ဘာဖြစ်လို့လဲ” ”သူက ဒီအဆောက်အအုံ ပိုင်ရှင်လေဗျာ” လမ်းပေါ်မှာအိပ်ရသည့်လူက အဆောက်အအုံပိုင်ဆိုင်သည် ဆိုတော့ ကျွန်တော်အံ့အားတသင့်ဖြစ်ရသည်။
”သူက ဘွဲ့ရတစ်ယောက်ပဲ။ အမှုတစ်ခုနဲ့ ပထမထောင်ကျပြီး ဒုတိယ စိတ်ရောဂါကုဆေးရုံကို ပို့ထားရတာဗျာ။ ဆွေမျိုးမရှိဘူး။ မိန်းမတော့ရှိတယ်။ မပေါင်းဘူးဗျ။ သားသမီးလည်းမရှိဘူး။ သနားပါ တယ်ဗျာ။ ကုလို့မရတော့ဘူးဗျ။”
”နမ်းတယ်။ လက်မခံ” တဲ့။
ထိုနေ့မှ မြို့ကလေးသည် အလွန်ဆိတ်ငြိမ်နေသည်။ ကျွန် တော်သည် ပူနွေးစူးရှသော နေရောင်များအောက်တွင် လမ်းလျောက် လာခဲ့သည်။ လေသည် လူတစ်ယောက်၏ နားဝမှထွက်သော အာငွေ့ များကဲ့သို့ လတ်ဆတ်မှုမရှိပါ။ ရွက်သစ်လောင်းစ သစ်ပင်ရိပ်များကလည်း နေသားကျအောင် အရိပ်မပေးတတ်သေးပါ။ အိုဟောင်းနေသော အ ဆောက်အအုံများပေါ်တွင် ခိုငှက်များ မရှိတော့သည့်အလား တိတ်ဆိတ် နေသည်။
လမ်းတစ်ဖက် ပလက်ဖောင်းပေါ်အရောက် စာတိုက်ရှိရာ ကျွန်တော်လှမ်းကြည့်လိုက်သည်။
စာတိုက်အား ကစားကွင်းအသစ်တောင်ဘက်တွင် ပြောင်းရွှေ့ ထားပါသည်။ စာတိုက်အဆောက်အအုံတစ်ခုလုံး တံခါးပိတ်ထားပါသည်။
တစ်ဖက်ခန်းမှ ဒိုင်ယာရီကား မရှိတော့ပါ။ သန့်ပြန့်သော နီညိုရောင် ဆေးအသစ် သုတ်ထားသည်ကိုသာ တွေ့ရပါသည်။ လူအရိပ် တစ်စုံ တစ်ရာမျလည်း မမြင်တွေ့ရပါ။ ကျွန်တော့်လက်ထဲက စာအိတ်တစ် လုံးသည် ၀တ္တုတစ်ပုဒ်ဖြစ်ပါတယ်။
ကျွန်တော်သည် ထိုလမ်းအတိုင်း အနောက်ဘက်သို့ ဆင်းခဲ့ သည်။ မိုးသစ်ပင်ကြီးများသည် လမ်းတစ်ဖက်တစ်ချက်စီတွင် တုန်လှုပ် ချောက်ချားဖွယ် တိတ်ဆိတ်နေ၏။ လမ်းဘေးကဖေးဆိုင်တစ်ချို့တွင်တော့ လူအများထိုင်နေကြသည်။ သူတို့အဖို့ ထူးထူးခြားခြား ပြောင်းလဲသွား ဟန်မရှိပါ။
ကျွန်တော်သည် ကျောက်ကြမ်းခင်းထားသောလမ်းပေါ်မှ ခြောက်သွေ့သောကွင်းပြင်ဆီသို့ရောက်သွား၏။ ပလတ်စတစ်အမှိုက်များ၊ သားရေပုပ်နံ့များဖြင့် အကျည်းတန်လှသော ကွင်းပြင်ကြီးထဲသို့ ရောက် လာခဲ့သည်။ နေပူလှသော ကွင်းပြင်ကြီးထဲတွင် တံလှပ်များက တမလွန်မှ ၀ိညာဉ်များအလား တလှပ်လှပ်ခုန်နေကြသည်။ အထီးထီးသော ကွင်းပြင် ကျယ်ထဲတွင် ခွေးလေးများ တစ်ကောင်စနှစ်ကောင်စတွေ့ရသည်။ ကွင်း၏ ခြုံနွယ်များ၊ မြက်ရိုင်းများရှိနေသော အစပ်တွင်မူ အညိုရောင်မြင်းတစ် ကောင် မြက်စားနေ၏။
တစ်ခါတစ်ရံတွင် အဝေးမှကားဟွန်းသံများ ကြားရတတ်သည်။ ဟိုယခင်ကတော့ ဤကွင်းပြင်တွင် ခြေသလုံးအိမ်တိုက်များ၊ အိမ်ပြေးများနှင့် စည်ကားခဲ့ဖူးပါသည်။ ငိုကြွေသူများ၊ အလွမ်းပြေလာ ကြသူများ နိစ္စဓူဝရှိပါမည်။ ကွင်း၏ တောင်ဘက်တွင် စာတိုက်အဆောက် အအုံသစ်ကို ထင်ထင်ရှားရှား မြင်နေရသည်။
လူသူလေးပါး အလွန်တိတ် ဆိတ်သောနေရာတွင် အနီရောင်စာတိုက်ပုံးလေးမှာ ခပ်ငိုင်ငိုင်ရပ်ရှာ၏။ ကျွန်တော်သည် စာတိုက်ရှိရာသို့ ဦးတည်ကာ ကွင်းပြင်ကိုဖြတ် လာခဲ့သည်။ တစ်ခါတစ်ရံ ကျွန်တော်ဖိနပ်များသည် မြေထဲမှ မထင်မရှား ပေါ်နေသော အရိုးအကြွင်းအကျန်များအား ထိခိုက်သွားတတ်၏။ မြက် ရိုင်းများနှင့် အသုံးမ၀င်သောအပင်ငယ်များသည် စိမ်းစိုနေကြသည်။
”ဟော တစ်ဦးတည်းသောဖောက်သည်ကြီးပါလား။ လာဗျို့”
အပြာနုရောင် အဆောက်အအုံထဲမှာ စာတိုက်မှူး၏အသံသည် ကျွန်တော့်အား လှမ်း၍ ဆီးကြိုနေ၏။ ကျွန်တော်သည် စားပွဲတစ်လုံး အနီးမှ ခုံတစ်လုံးပေါ်တွင် ခြေပစ်လက်ပစ်ထိုင်လိုက်သည်။
”နေက အတော်ပြင်းတာပဲဗျာ” ကျွန်တော်က စာတိုက်မှူးကို ပြောလိုက်သည်။ စာပို့သမားများ ရောက်လာသေးဟန် မတူပါ။
”ကျွန်တော်လည်း တစ်ယောက်တည်းဗျာ။ ညဆိုလည်း ခွေးအူသံအရှည်ကြီးပဲ ကြားရတယ်။ ဒီအနားမှာ လူတွေမနေရဲကြ ဘူးဗျာ” စာတိုက်မှူး၏ မျက်လုံးများမှာ အနည်းငယ်ပြူးနေသယောင် ကျွန်တော်တွေ့ရသည်။
သူ၏ အသားအရေမှာလည်း လှောင်အိမ်ထဲမှ သတ္တ၀ါကောင်အလား ညှိးခြောက်နေသည်။
”မှတ်ပုံတင်ပြီး ပို့မှာပါ” ကျွန်တော်သည် စာအိတ်ကို မှတ်ပုံတင်ကောင်တာပေါ် တင် လိုက်ကာ စာတိုက်မှူးကို မကြည့်တော့ဘဲ အဝေးကွင်းပြင်ကြီးကိုသာ ငေးနေမိ၏။ တံဆိပ်ထုသံ၊ မှတ်ပုံတင်ဖြတ်ပိုင်း ဆုတ်သံများမှာ ကျွန် တော့်အာရုံထဲတွင် အကျယ်ကြီးကြားနေရသည်။
”၀တ္ထုပဲလားဗျာ”
ကျွန်တော်က မကြားသလိုနှင့် ကွင်းပြင်ကျယ်ကိုဖြတ်၍ တိုက် လာသော လေစိမ်းများကို တစ်ဝရှူပစ်လိုက်၏။ ကျွန်တော် အလန့် တကြားဖြစ်သွားရသည်။
လေများတွင် စိမ်းရွှေရွှေအနံ့များ ပါလာသော ကြောင့် ဖြစ်သည်။
”ခင်ဗျားတို့ ဘာလို့ဒီနေရာမျိုးကို ရွှေ့လာရတာလဲ”
ကျွန်တော်ကမေးလိုက်တော့ စာတိုက်မှူးက အသံနက်ကြီးဖြင့် တဟားဟား ရယ်ပါသည်။
ထို့နောက်မှ အရယ်ရပ်ကာ ခပ်မျင်းမျင်း ပြောသည်။
”လူတွေက ကြောက်စရာကောင်းသဗျာ။ အငှားစာချုပ်က ကုန်သွားပြီ။ သူ့မိန်းမက ဆက်မငှားတော့ဘူး” စာတိုက်မှူး၏စကား အစီအစဉ်မကျလှပေ။
သို့သော် ဘယ်သူ့ မိန်းမလဲဟု ကျွန်တော်ပြန်မမေးမိပါ။
”နောက်ဆုံးတော့ ဒီလူက လက်မှတ်ထိုးပေလိုက်တာဗျ။ နေပါ ဦး။ ခု ခင်ဗျားဝတ္ထုက ဘာအကြောင်းလဲ”
ကျွန်တော်သည် စာတိုက်မှူးအား ဘာမှမပြောမိဘဲ ပြန်လာ ခဲ့သည်။
စာတိုက်မှူး၏ရယ်သံမှာ ကျွန်တော့်ကျောဘက်တွင်ေ၀၀ါး၍ ကျန်ရစ်ခဲ့သည်။ ကွင်းပြင်ကျယ်ကြီး၏အလွန် အမှိုက်ပုံးများ အကြား အရောက်တွင် ကျွန်တော်တစ်စုံတစ်ခုကို တွေ့လိုက်ရ၏။
လူ – သစ္စာမရှိ ဒါပေမယ့် ငါလက်မှတ် ထိုးပေးလိုက်တယ်။
အုတ်နံရံတစ်ခုပေါ်တွင် မီးသွေးခဲဖြင့်ရေးထားသော စာနှစ် ကြောင်းသာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ထိုနေ့က စာတိုက်သို့ပို့ဖြစ်သော ၀တ္ထုမှာ ယခုရေးနေသော ၀တ္ထုဖြစ်ကြောင်းကိုတော့ စာတိုက်မှူးအား ကျွန်တော်ပြောခဲ့ဖို့ ကောင်းပါသည်။ ။
———-
နေထွတ်
မဟေသီမဂ္ဂဇင်း ၁၉၉၈။
——————————-