ကျောက်သမားလှေကြီး
September 10, 2008
မူဆယ်မြို့နှင့် ရွှေလီမြစ်ခြားထားသော ရွှေလီမြို့၏ ကျောက် ကြမ်းခင်းလမ်းမတစ်ခုပေါ်တွင် တရုတ်ဆိုက္ကားသမားများ၊ တက္ကဆီကား များနှင့် မြန်မာကျောက်စိမ်းကုန်သည်များ ဥဒဟိုသွားလာနေကြသည်။ ရွှေလီနေသည် မန္တလေးနေလိုပင် ပူပြင်းလှသည်။
”ကျောက်မဲ”၊ ”ဆိုင်းထောင်”စသော အမည်များနှင့် မြန်မာ စားသောက်ဆိုင်တို့တွင် မြန်မာလူမျိုးများ ဟိုတစ်စုဒီတစ်စု ရှိနေကြ၏။ တစ်ခါတစ်ရံ လေပြည်မြူး၍ လှုပ်ရှားသွားတတ်သော အုန်းထန်းပင်တန်း များသည် ထူးထူးခြားခြား စိမ်းစိုနေသည်။ ဒေသစံတော်ချိန် မွန်းလွဲ ၃-နာရီခွဲခန့် ရှိပြီဖြစ်သော်လည်း နေပူရှိန်က လျော့မသွားသေးပေ။ လမ်းမတစ်ဘက်ရှိ မြန်မာလက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် မြန်မာလူမျိုး အဖိုးကြီးတစ်ယောက်နှင့် လူလတ်ပိုင်း လူရွယ်တစ်ယောက်သည် လက်ဖက်ရည်တစ်ခွက်စီ သောက်နေကြရင်း ရွှေလီ၏ ပူပြင်းလှသော ရာသီဥတု အကြောင်းကို ပြောဆိုနေကြသည်။
”ဘမောင်ရ၊ မန္တလေးနေလောက်ပဲ ပူတာပါမောင်ရာ၊ မင်း မန္တလေးသားမဟုတ်လားကွ”
”မဟုတ်ဘူး၊ ဘိုးမြတ်ကလည်း ရွှေလီနေက ကျွန်တော်တို့ မန္တလေးထက် ဆယ်ဆကိုပူတယ်ဗျ”
ကိုဘမောင်သည် ”ကြံအောင်” လက်ဖက်ရည်ဆိုင်မှ ထွက်လာ ကြသော မြန်မာကုန်သည်အမည်ခံ ကျောက်စိမ်းသမားများ၏ အဆီပြန် နွမ်းလျမျက်နှာများကို တစ်ချက်လှမ်းငေးရီရင်း ပြောသည်။
”အရောင်းအ၀ယ်က အေးလေ ရင်တွေပူလာလေပဲ။ တရုတ် တွေက ကျွန်တော်တို့ကျောက်စိမ်းကို စက်ရုံတွေက ထွက်နေတယ်လို့များ ထင်နေသလားမသိပါဘူးဗျာ။ မတတ်သာလို့သာနော်။ မင်းတို့ကောင် တွေကို အလကားပေးခဲ့ရသလိုတော့ မရောင်းနိုင်ဘူး။ လမ်းမပေါ်ချပြီး တူနဲ့သာထုထားခဲ့မယ်လို့ကို ပြောချင်တာ”
သူ့စကားကို ကြားတော့ ဘိုးမြတ်ကရယ်သည်။ ဘိုးမြတ်မှာ အသက်ခြောက်ဆယ်ကျော်၊ အသားမည်းမည်း တုတ်တုတ်ခိုင်ခိုင်နှင့် ခပ်ပေပေ ကျောက်သမားကြီးဖြစ်သည်။ နေကာမျက်မှန် အညိုကြီးတပ်၍ ကွမ်းများကို မနိုင်မနင်းစားနေသောကြောင့် အတော်အသင့် ကလေးငယ် ဆိုလျင် လန့်ဖြန့်တောင်သွားနိုင်သည်။
ကိုဘမောင်မှာမူ အသက်လေးဆယ်အရွယ်သာ ရှိသေးသည်။ သူ့လက်ထဲတွင် ပီနန်အိတ်အသေးစားနှင့် အထုပ်တစ်ထုပ်ကို ကိုင် ထား၏။
”ကျွန်တော်တို့ တက်လာတာလေးယောက်၊ လေးယောက်ထဲမှာ နှုတ်ခမ်းမွှေးဘမြင့်တစ်ယောက်ပဲ အိမ်ကတောင့်တင်းတာ။ ကျွန်တော်တို့ သုံးယောက်က ဒီကရပါမှ နောက်အရင်းအနှီးလုပ်ဖို့ရမှာ။ အိမ်မှာလည်း ဘာမှပြည့်ပြည့်စုံစုံ ရှိတာမဟုတ်ဘူး။ ဒီကြားထဲ ကိုသိမ်းမောင် ငွေပေါင် (မန္တလေးက အတိုးနဲ့ ကြိုယူသုံးထားငွေ) ခုနစ်သောင်းကို ကျွန်တော် အာမခံပေးထားရတာ။ သူက နှုတ်ခမ်းမွှေးဘမြင့်တို့နဲ့ အတူတည်းတာ။ နှုတ်ခမ်းမွှေးဘမြင့်ဆိုတဲ့လူကလည်းကြည့်ဦး ဘိုးမြတ်ရ။ ဖဲရိုက်တယ်၊ ဂျင်ထိုးတယ်၊ တီဗွီဂိမ်းကစားတယ်။ တီဗွီဂိမ်းကစားတာနဲ့တင် တရုတ် ငွေငါးထောင်လောက်ကုန်နေပြီ။ ထမင်းမစားခင် ဘီယာလေးက နှစ် ယောက်သားတွယ်လိုက်သေးတာ။ ခု ဒီရောက်တာဆယ့်ငါးရက်ရှိပြီ။ ပစ္စည်းက တစ်လုံးမှ မရောင်းရသေးဘူး။
အမှန်မှာ တစ်ဘက်ကမ်းမှ တရားဝင်ခွင့်ပြုလည်ပတ်ချိန်တွင် ညအိပ်ခွင့်မရှိပေ။ ကိုဘမောင်သည် လက်ထဲမှအိတ်အား ခုံဘေးသို့ အသာအယာချလိုက်သည်။
”ကိုသိန်းမောင်ပေါ့ ဘိုးမြတ်ရာ။ ပစ္စည်းကလည်း ဈေးကွက် မကောင်းလို့ဆိုပြီး တစ်လုံးမှချမရောင်း၊ ထိန်ချုန်းကမလာလို့ ခွေးမင်း (ကူမင်း) ကမလာလို့နဲ့။ ခု ထန်ချုန်းက ၀ယ်လက်တွေလာတယ်ဆိုပြန် တော့ ပစ္စည်းဈေးနှိမ်တယ်။ နှိမ်မှာပေါ့ သူတို့ပဲ ၀ယ်မယ့်သူရှိတာကိုး။ မန္တလေးမှာ ငါးသောင်းပေးတဲ့ပစ္စည်းကို ဒီမှာ တရုတ်ငွေတစ်ထောင် ပေးမဲ့သူ တစ်ယောက်ပဲရှိတယ်။ ကျန်တဲ့လူတွေက ကိုင်တောင်မကြည့်ဘူး။ ကိုသိန်းမောင်ပြောတာလည်းကြည့်ဦး ဘိုးမြတ်ရ။ ‘ထိန်ချုန်းကုန်သည်၊ ထိန်ချုန်းကုန်သည်နဲ့ ဘာမှ ကျောက်ပညာနားလည်တာမဟုတ်ဘူး ဘမောင်ရ။ ထွန်တုံးနဲ့နွားဖက်နေတဲ့ တောသားတွေ။ ခုမှ ငွေလေးကိုင်ရလို့ ကျောက်စိမ်းလာလုပ်နေတာ။ ဘာအဆင့်မှ မရှိတဲ့ကောင်တွေကို ငါတို့လို ဘိုးဘွားစဉ်ဆက်လုပ်လာကြတဲ့သူတွေက ကိုယ့်ပစ္စည်း ၀ယ်ပါစေ၊ ၀ယ် ပါစေနဲ့ ဒီကောင်တွေ မျက်နှာကြည့်ပြီး ပုတီးစိပ်နေရတာတဲ့။ အောက် တန်းကျတယ်။ ရှက်စရာတောင် ကောင်းတယ်ကွာ’ တဲ့။ အဲဒီလူကမှ အိညတ် အိညတ်နဲ့ ခပ်ရွတ်ရွတ် ပြောတာဗျ”
ဘိုးမြတ်မှာ ပလတ်စတစ်တစ်အိတ်ထဲမှ ကွမ်းတစ်ယာကို ထုတ်ယူရင်း ကိုဘမောင်ကိုပေးသည်။ ကိုဘမောင်က ခေါင်းရမ်း၍ ”တော်ပြီ”ဟု ဆို၏။ ”ရွှေလီမှာ ကွမ်းဖိုးချည်းကိုက မသက်သာဘူးကွာ” ဟုပြောရင်း ထိုကွမ်းယာကို ပါးစပ်ထဲထည့်လိုက်သည်။ ကိုဘမောင်မှာ စကားမပြတ်သေး။
”နှုတ်ခမ်းမွေးဘမြင့်ဆိုတဲ့ကောင်ကလည်း ဘယ်လောက်ပွေ သလဲကြည့်ဦး။ သူ့မိန်းမက မနေ့ကမှ မူဆယ်ကူးသွားတာ။ ဒီကောင်ကြီး က မိန်းမကြီးတစ်ယောက်လုံးလည်း ဘေးမှာပါလာသေးတယ်။ ညနေ စောင်းရင် ဒေါင်းဝိုင်း ညောင်ပင်အောက်သွားပြီး အငှားမိန်းမတွေကို ခေါ်သေးတာဗျ။ ရွှေလီရောက်ရင် အဖိုးကြီးတွေကပိုဆိုးတယ် ဘိုးမြတ် ရေ။ ကြီးမိုက်ကြီးတွေ ဒီမှာလာစုနေကြတာ။ မဆော့တတ်ပါဘူးဆိုတောင် မျောက်လောက်တော့ ဆော့ကြတယ်”
”ဟေ့ကောင် ငါမပါပါဘူးမောင်ရာ” ဟု ဘိုးမြတ်က စကား ထောက်ရင်း ရယ်လေသည်။
”ကျွန်တော့်အသိ ကျောက်သမားတစ်ယောက်ဆို တီဗီဂိမ်း ကစားလို့ ဘ၀ပျက်ပြီး စားစရာမရှိ။ သောက်စရာမရှိနဲ့ တည်းခိုခန်းခတွေ လည်းမရှင်းနိုင်၊ မန္တလေးလည်း မပြန်နိုင်ဖြစ်နေတာ လေးလလောက် ရှိနေပြီ။ ကျွန်တော်လည်း ရွှေလီနောက်တစ်ခေါက်တော့ တော်ပါပြီ ဘိုးမြတ်ရာ”
”ဟ ဘမောင်ရ၊ အဲသလို မပြောရဘူးကွ။ ရွှေလီရောက်ရင် မနက်ဖြန်ပြန်မယ်လို့လည်း မပြောရဘူးတဲ့ကွ။ အဲလိုပြောရင် မပြန်နိုင် ဘူးတဲ့မောင်။ ပြီးတော့ နောက်တစ်ခေါက် မလာတော့ဘူးလို့လည်း မပြောရဘူးတဲ့။ ဒါဆို ခဏ ခဏရောက်ရသတဲ့”
ရွှေလီနေသည် အမှန်တကယ် ပူပြင်းနေပါသည်။ သို့သော် ကိုဘမောင် အပူထက်တော့မသာနိုင်ပါပေ။ သူ ဒီရောက်တာ ၁၅ ရက်ရှိပြီ။ ကယ်ရီခ၊ လမ်းစရိတ်က နှစ်သောင်းကျော်သည်။ ရွှေလီမှာ တစ်ရက်ကို မြန်မာငွေလေးရာ အနည်းဆုံးကုန်သည်။ မန္တလေးတွင်ကျန် ခဲ့သောမိသားစု၌လည်း ကလေးသုံးယောက် ကျောင်းစရိတ်၊ အိမ်သုံး စရိတ် များများမကျန်ရစ်ခဲ့။ အရင်းအနှီးကလည်း ဒီဟာတွေရောင်းရ မှဖြစ်မည်။
”ကျွန်တော်တော့ ရူးချင်တာပါပဲ ဘိုးမြတ်ရာ။ ကျွန်တော်တို့က ပစ္စည်းကို တာမခန်၊ ဖားကန့်က ပင်ပင်ပန်းပန်း၊ ခက်ခက်ခဲခဲ ရှာဖွေ ၀ယ်ရတာ။ ဒီရောက်တော့ ဟင်းရွက်ကန်စွန်းရွက်လောက်တောင် တန်ဖိုး မရှိတော့ဘူး။ ပေါလိုက်တဲ့ ပစ္စည်းတွေများဗျာ။ ဟိုဘက်မှာ ကျန်မှကျန် သေးရဲ့လားမသိပါဘူး။ ကိုယ်ကသာ ကိုယ့်တွက်ကိန်းနဲ့ကိုယ် မရောင်းနိုင် တာဗျ။ ရောင်းနိုင်တဲ့သူကျတော့လည်း ပေးတဲ့ဈေးရောင်းပြီး ပြန်သွား ကြတာပဲ”
”ကျွန်တော်ကတော့ မန္တလေးကအစ်မကြီးတစ်ယောက် ပြော သွားတဲ့စကား သဘောကျတယ်။ သူကပြောတယ် ‘ဘမောင်ရယ် ငါတို့က ပစ္စည်းကို ဖားကန့်မှာ ရွှေလိုရှာပြီးဝယ်ရတယ်။ ရွှေလီရောက်တော့ ချီးယိုသလိုယိုထားခဲ့ရတယ်တဲ့။ မူဆယ်ဘက်မှာ တရားဝင်ပွဲရုံဖွင့်ခွင့်ရှိရင် ကျွန်တော်တို့ ဒီလိုနာမှာ မဟုတ်ဘူးနော်။ တည်းခိုခန်းခလည်း မြန်မာပဲ ပေး။ ကယ်ရီခလည်းသက်သာ။ စားစရိတ်၊ နေစရိတ်လည်း မထောင်း တော့ဘူး။ ဟိုကောင်တွေလည်း ဈေးမနှိမ်ရဲတော့ဘူး။ ဒီမှာကျ နှဲ့ပြီး နှိမ်ဝယ်တာခံနေကြရတာမှ”
သူသည် ပြောချင်ရာပြောရင်း လက်ဖက်ရည် နောက်ဆုံးလက် ကျန်ကို အပြီးသတ်သောက်လိုက်သည်။ ဘိုးမြတ်သည် သူ့အားကြည့်ကာ ရယ်မောရင်းစကားစပြော၏။
”မင်းတို့ ငါတို့က လှေမှားပြီးစီးလာကြတာ ဘမောင်ရ။ ငါ တို့စီးမိတဲ့လှေကြီးက ဇာတ်သမလှေကြီး ဖြစ်နေတာကိုး”
”ဇာတ်သမလှေ၊ လုပ်စမ်းပါဦး”
”ဒီလိုကွ။ ဟိုတုန်းက မြစ်တစ်ခုထဲမှာ ဗေဒါဒိုက်တွေက စီးနေသတဲ့ကွ။ ‘ဟေ့ အားလုံးနောက်ဆုတ်ကြကွ၊ အရှုပ်တကာ့အရှုပ် ဗေဒါဒိုက်လာပြီ’လို့ အော်လာသတဲ့။ အဲ – သူတို့နောက်က ကပ်ပါလာ တာက သပွတ်အူဒိုက်တဲ့။ ”ဟေ့ ဗေဒါဒိုက် နောက်ဆုတ်ကွ။ အရှုပ်တ ကာ့အရှုပ် သပွတ်အူဒိုက်လာပြီ”လို့ ပြောတော့ ဗေဒါဒိုက်လည်း နောက် ဆုတ်ပေးရသတဲ့။ အဲ သူတို့နောက်က ပါလာတာကတော့ ဇာတ်သမ လှေကြီးတဲ့ကွ။ ”ဟေ့ ဗေဒါဒိုက်နဲ့ သပွတ်အူတွေ အကုန်နောက်ဆုတ် ကြစမ်း။ ဒီမှာ အရှုပ်တကာ့အရှုပ် ဇာတ်သမလှေလာပြီ” လို့လည်း ပြောရော ဗေဒါတွေရော၊ သပွတ်အူတွေပါ ဖယ်ပေးလိုက်ရသတဲ့မောင်။ ခု ငါတို့လည်း ဇာတ်သမလှေ စီးလာမိတာပေါ့ကွာ”
ထိုစဉ် လက်ဖက်ရည်ဆိုင်ရှေ့ ပလက်ဖောင်းမှ မြန်မာသုံး ယောက် ဖြတ်လျောက်သွား၏။
”ဟေ့ကောင် – မြဆောင် ဘယ်လဲ”
ကိုဘမောင်က ဘိုးမြတ်စကားကို ပြုံးနားထောင်နေရင်းမှ အသားအရေခပ်နွမ်းနွမ်းနှင့် လူတစ်ယောက်ကို လှမ်းနှုတ်ဆက်လိုက် သည်။ ထိုသူသည် လက်ဖက်ရည်ဆိုင်ရှေ့သို့ ရောက်လာလေ၏။
”ကိုဘမောင် ဒီမှာဘာလုပ်နေတာလဲ။ ဟို ဦးမြပွဲရုံမှာ ၀ယ် လက်ကုန်သည်တွေရောက်လို့ ကျုပ်ပစ္စည်းတွေတောင် အခြားကပြောင်းပို့ ထုတာ နှစ်တုံးတောင်ရောင်းပြီးပြီ”
ကိုဘမောင်လည်း ၀မ်းပန်းတသာဖြစ်သွားကာ
”ဈေးပေးတော့ မိုက်ရဲ့လား”
ဒီရက်ပိုင်းတော့ မန္တလေးဈေး ဘယ်ရောက်မလဲဗျာ။ ဒီမှာကြာ ကြာနေရင်လည်း တည်းခိုခန်းခနဲ့၊ စရိတ်နဲ့၊ အရက်ဖိုး၊ ဟိုဖိုး၊ ဒီဖိုးနဲ့ အိမ်ငွေပါမှာ မဟုတ်ဘူး။ ဘ၀ပျက်တော့မယ်။ ရတဲ့ဈေးနဲ့ရောင်းရတာပဲ။ ကိုက်တဲ့ ဟာလည်း ကိုက်ပေါ့ဗျာ”
”ဟုတ်လား ဒါဆိုငါလည်း ငါ့ပစ္စည်းတွေလိုက်ပို့ဦးမှ။ ဟေ့ – ဒီဝိုင်းက ပိုက်ဆံယူမယ်”
သူသည် ပြောပြောဆိုဆို ထိုင်ရာမှထသည်။ မီးခိုးရောင် စ ပို့ရှပ်အင်္ကျီအိတ်ထဲမှ တရုတ်ငွေစက္ကူများနှိုက်၍ ငွေကိုရှင်း၏။ ထို့နောက် သူ့ခုံဘေးတွင်ချထားသော ကျောက်ထုပ်ထားသည့် ပီနန်အိတ်ကလေးကို ကောက်ကိုင်လိုက်သည်။
”ဘိုးမြတ် နောက်မှတွေ့ကြတာ့ပေါ့ဗျာ။ ဒီမှာလိုက်သွားလိုက်ဦး မယ်။ ဖြစ်လိုဖြစ်ငြားပေါ့ဗျာ”
သူသည် ကိုမြဆောင်နှင့်အတူ ဆိုင်အပြင်သို့ ထွက်ခဲ့၏။ ဆိုင်နှင့်မလှမ်းမကမ်းရောက်သောအခါ -
”ဟေ့ကောင် . . .ဘမောင်”
ဘိုးမြတ်အသံ။ ဘိုးမြတ်ရှိရာ ကျောဘက်သို့ သူလှည့်ကြည့် လိုက်သည်။
”ဗေဒါဒိုက်၊ သပွတ်အူဒိုက်နဲ့ ဇာတ်သမလှေတွေ အကုန် နောက်ဆုတ်ကြနော်။ ဟောဒီမှာ အရှုပ်တကာ့အရှုပ်ဆုံး ကျောက်သမား လှေကြီးလာနေပြီဟေ့”
သူမချိပြုံး ပြုံးလိုက်မိ၏။ ဘိုးမြတ်ကတော့ သူ့စကားသူ သဘောကျ၍ ရယ်မောကျန်ရစ်ခဲ့သည်။
မူဆယ်မြို့နှင့် ရွှေလီမြစ်ခြားထားသော ရွှေလီမြို့၏ ကျောက် ကြမ်းခင်းလမ်းမတစ်ခုပေါ်တွင် တရုတ်ဆိုက္ကားသမားများ၊ တက္ကစီကား များနှင့် မြန်မာကျောက်စိမ်းကုန်သည်များ ဥဒဟိုသွားလာနေကြသည်။ ရွှေလီနေသည် မန္တလေးနေလိုပင် ပူပြင်းလှပါသည်။ ။
နေထွတ်
—————————
မြန်မာ့ဓနမဂ္ဂဇင်း။ ဇန်န၀ါရီလ၊ ၁၉၉၈။
—————————-