ကားတိုက်မှု
September 10, 2008
မီးတောက်တွေက ကျွန်တော်ဆံပင်တွေကို နောက်ဆုံးပြန်လွှတ် ပေးလိုက်တယ်။ ပြီးတော့ မီးသဂြိုဟ်စက်ထဲက ပြန်ထွက်လာတယ်။ နံရိုးအပြိုင်းပြိုင်းနဲ့ ပိန်လှီနေတဲ့ လူနှစ်ယောက်ရဲ့လက်တွေက ကျွန်တော် လဲလျောင်းနေတဲ့ ဆေးနီမခြောက်သေးတဲ့ ခနော်ခနဲ့ တလားခေါင်းကို ကပ်ဆွဲထုတ်လိုက်တာပါ။ ကျွန်တော့်အမေကလည်း ငိုနေရာကပြန်တည် သွားတယ်။ အမေ့ရဲ့အသံဟာ လောကဓာတ်တစ်ခွင်လုံးကနေ ပြန်လာပြီး အမေ့လည်ချောင်းထဲကို ၀င်သွားကြတယ်။ ကျွန်တော့်အမေရဲ့လက်က ကျွန်တော့်ညာခြေထောက်ကို ကိုင်ထားရကာလွှတ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ဆွေမျိုးတွေရဲ့အကြည့်ဟာ ကျွန်တော့်ဆီကနေ ဖယ်ခွာသွား တယ်။ လူတချို့က ကျွန်တော့်ကို အသုဘယာဉ်ထဲ နောက်ပြန်ထမ်းသွား ကြတယ်။ ပြီးတော့ ကျွန်တော် လဲလျောင်းနေရတဲ့၊ အသုဘယာဉ်ဟာ နောက်ဆုံးကနေ နောက်ပြန်ထွက်တယ်။ အသုဘပို့တဲ့ သူတွေဟာ ကားတွေပေါ်မှာ နောက်ပြန်ထိုင်နေကြရဲ့။ ကားတန်းဟာ မြို့ရှိရာ တောင်အရပ်ကို နောက်ဆုတ်ခုတ်မောင်း နေကြတယ်။ ကားလမ်းဘေး တစ်လျောက် လယ်ကွင်းတွေဟာ မြေပေါ်မှာ ငိုက်စိုက်ကျလို့ နေဟာ မွန်းလွဲပိုင်း အပူချိန်ကနေ တဖြေးဖြေး ပြန်မြင့်လာနေတယ်။ အသုဘပို့ ကားတန်းဟာ မြို့ထဲကို နောက်ဆုတ်ဝင်လာကြပြီး ကျွန်တော်နေခဲ့တဲ့ အရပ်ထဲကို နောက်ပြန်ဝင်လာကြတယ်။ ကျွန်တော်ပါတဲ့ အသုဘကားဟာ ၀ိုင်းအုံငိုယိုနေကြတဲ့ ကျွန်တော့်ဆွေမျိုးတွေရဲ့အလယ်မှာ ပြန်ရောက် သွားတယ်။ လမ်းမပေါ်မှာ တစ်စစီလွင့်နေတဲ့ အိုးခြမ်းပဲ့တွေဟာ ရေအိုး တစ်လုံးအဖြစ် အရပ်ထဲက လူတစ်ယောက်ရဲ့လက်ထဲမှာ ၀ုန်းကနဲ ပြန်ဖြစ်သွားတယ်။ လက်နှစ်ဘက်မှာ ပတ်တီးဖြူဖြူတွေ စည်းထားတဲ့ ကျွန်တော့်ညီမလေးဟာ ကျွန်တော့်အဒေါ်ရဲ့လက်ထဲမှာ သတိမေ့သွား ရင်းက ပြန်သတိဝင်လာတယ်။ ညီမလေးရဲ့ စူးစူးဝါးဝါး အော်ဟစ်သံဟာ ပြန်ပိတ်သွားတဲ့ ညီမလေးရဲ့ ပါးစပ်ထဲကို ပြန်ဝင်သွားကြတယ်။ ကျွန် တော့်ကို ကျွန်တော့်ညီရယ်၊ ကျွန်တော့်အစ်ကိုဝမ်းကွဲရယ်၊ နောက်ဆုံး ကျွန်တော့်သူငယ်ချင်းတွေရယ်က အသုဘယာဉ်ပေါ်ကနေ အိမ်အပြင် ဘက်မှာခင်းထားတဲ့ ကျွန်တော့်ခုတင်ပေါ် ပြန်တင်နေကြတယ်။ ရေအိုးကို ကိုင်ထားတဲ့လူဟာ ရေအိုးကို ကျွန်တော့်ကုတင်ဘေးမှာ နောက်ပြန် လာတင်ထားတယ်။ နေဟာ တဖြည်းဖြည်းနဲ့ မွန်းတည့်သွားတယ်။ အရှေ့ဘက်ကို ရှည်ယိုင်နေတဲ့လူရိပ်တွေဟာ တဖြည်းဖြည်း ပြန်တိုသွား တယ်။ ကျွန်တော့်အမေဟာ ငိုနေတယ်။ တစ်စုံတစ်ခုကိုပြောပြီး အံကြိတ် သွားတယ်။ ဘုန်းကြီးသုံးပါးဟာ ကျွန်တော်အလောင်းပြင်ထားတဲ့ ကုတင် ဘေးမှာရှိတဲ့ ကော်ဇောနီနီခင်းထားတဲ့ တန်းလျားပေါ်ကို နောက်ပြန်ကြွ လာပြီး ထိုင်ကြတယ်။ ကျွန်တော့်ဆွေမျိုးတွေက ကန်တော့ပွဲသုံးပွဲကို ဘုန်းကြီးသုံးပါးရှေ့ ပြန်လာပို့ကြတယ်။ သာဓုခေါ်သံ သုံးကြိမ်ဟာ လောကဓာတ်တစ်ခုလုံးကနေ ပြန်လာကြတယ်။ အမေ့လက်ထဲက ရေခရားထဲကို အောက်ဖလားထဲက ပြန်ဝင်သွားတယ်။ အမျသုံးကြိမ် ဝေသံဟာ ထပ်ပြီးပေါ်လာပြန်တယ်။ နောက်ဘုန်းကြီးတွေရဲ့ ရွတ်ဖတ်သံ တွေက ရှည်လျားစွာပြန်ဝင်သွားတယ်။ ပြီးတော့ ကျွန်တော့်ဘေးက ဘုန်းကြီးတွေ ပြန်ကြွသွားတယ်။ နောက်ဆုံးတော့ ကျွန်တော့်ဘေးမှာ ကျွန်တော့်မိသားစုရယ်၊ ကျွန်တော့်သူငယ်ချင်းတွေ၊ ကျွန်တော့်ကျောင်းက ဆရာ၊ဆရာမတွေပဲ ကျန်ခဲ့တယ်။ အားလုံးရဲ့ မျက်လုံးတွေဟာ ကျွန်တော့် ဆီရောက်နေတဲ့အကြည့်ကို ပြန်ရုပ်သိမ်းသွားကြတယ်။ ပြီးတော့ တူညီ တဲ့အံကြိတ်ခြင်းနဲ့ မခံမရပ်နိုင်ဖြစ်ခြင်းတွေဟာ ကျွန်တော့်ကိုယ်ပေါ် ချပေးလာခဲ့တဲ့ ကရုဏာအကြည့်တွေနဲ့အတူ ပြန်ရုပ်သိမ်းခြင်းခံကြရတယ်။ ပြီးတော့ အမေရယ်၊ ကျွန်တော့် ညီမလေးရယ်၊ ပြီးတော့ အနားက အသားမည်းမည်း မိန်းမကြီးတစ်ယောက်ရယ်က အကြောင်းအရာတစ်ခု ကို ဒေါသသံတွေနဲ့ ပြောနေရက်က နှုတ်ဆိတ်သွားကြတယ်။ အိမ်နံရံမှာ ကပ်ထားတဲ့ နာရီလက်တံဟာ နောက်ပြန် လည်ပတ်နေတယ်။ ပြီးတော့ မနက်ရှစ်နာရီထိုးခါနီးမှ ကျွန်တော့်ကို ကားတစ်စီးပေါ် တင်ကြတယ်။ ဒီကားရဲ့စာရွက်မှာ ဆေးရုံရဲ့ လူနာတင်ယာဉ်လို့ အင်္ဂလိပ်လို ရေးထား တယ်။ အဲဒီထဲမှာ အမေဟာ ပြန်ထိုင်တယ်။ ကားလေးဟာ ကျွန်တော် နေတဲ့အရပ်ထဲကနေ နောက်ပြန်ထွက်ခွာလာပြီး ဆေးရုံကြီးထဲက ဆင် ၀င်တစ်ခုရဲ့ အလုံပိတ်အခန်းတစ်ခုထဲကို ပြန်သွင်းကြတယ်။ ပြီးတော့ ကျွန်တော့်ကို အခန်းထဲမှာ တစ်ယောက်တည်း ထားရစ်ခဲ့ကြတယ်။ အမေ့ရဲ့အသံဟာ တဖြည်းဖြည်းဝေးသွားတယ်။ အရုဏ်တက်ပြီးလို့ မနက်လေးနာရီ လောက်ကတည်းက ညသန်းခေါင်ယံအထိ ကျွန်တော် နေတဲ့အခန်းလေးထဲကို မှုခင်းဆရာဝန်တွေ၊ ရဲအရာရှိတွေ၊ ယာဉ်ထိန်း ချုပ်တွေ နောက်ပြန် အဆက်မပြတ်ရောက်လာပြီး နောက်ပြန်လှည့်သွား ကြတယ်။ ည ၁၀-နာရီလောက်ကနေ ညနေ ၇-နာရီလောက်ထိ ကျွန်တော့်ကို စစ်ဆေးချက်ယူနေကြတယ်။ ကျွန်တော့်ရဲ့ကျိုးကျေသွားတဲ့ နံရိုးချောင်းတွေကို ဆရာဝန်ကြီးက ပြန်ထားတယ်။ ပြီးတော့ ကြေမွ သွားတဲ့ ကျွန်တော့်ရင်ဘတ်တစ်ခုလုံးကို စူးစမ်းကြတဲ့ မျက်လုံးတွေဟာ ကျွန်တော့်ဆီကနေ သူတို့အချင်းချင်းဆီကို ပြန်ရောက်သွားကြတယ်။ တဖြည်းဖြည်းနဲ့ ဆရာဝန်ကြီးရဲ့လက်ပတ်နာရီက ခြောက်နာရီဆယ့်ငါး အလျော့မှာ ကျွန်တော့်ကို အရေးပေါ်ဌာနဘေးမှာရှိတဲ့ ကားတစ်စီးကို နောက်ပြန်ပြန်တယ်။ အဲဒီထဲကို အသားမည်းမည်းနဲ့ မိန်းမကြီးရယ်၊ ယာဉ်ထိန်းလေးယောက်ရယ်၊ ရဲသားနှစ်ယောက်ရယ် လာထိုင်ကြတယ်။ ပြီးတော့ အဲဒီကားက ကျွန်တော့်ကို မြို့ရဲ့မြို့လယ် လမ်းမကြီး နှစ်ခုဆုံရာ လမ်းဘေးထောင့်တစ်ခုကို သယ်သွားတယ်။ လမ်းအချက်ပြမီးတိုင်တွေဟာ စိမ်းလိုက်၊ ၀ါလိုက်၊ နီလိုက်ဖြစ်နေကြတယ်။ ရဲအရာရှိနှစ်ယောက်ဟာ ကျွန်တော့်ရဲ့ကြေမွနေတဲ့ခန္ဓာကိုယ်ကို ကားပေါ်ကနေ လမ်းမကိုပြန်ရွှေ့ ထားလိုက်တယ်။ ကျွန်တော့်ရဲ့ ပြတ်သွားတဲ့ညာလက်ကို ယာဉ်ထိန်းရဲ တစ်ယောက်ကကောက်ပြီး လမ်းပေါ်က ခွေခေါက်ကျိုးပဲ့နေတဲ့ ကျွန်တော့် စက်ဘီးကြားထဲ ပြန်ထားတယ်။ ၀ိုင်းအုံနေတဲ့ အပြာနက်ရောင် လူအုပ် ကြီးကြားထဲကို ရဲအရာရှိနှစ်ယောက် နောက်ပြန်တိုးဝှေ့သွားကြတယ်။ ယာဉ်ထိန်းတွေဟာ ကြိုးဝိုင်းတစ်ခုကို ကျွန်တော်တို့ကို စောင့်ကြပ် နေကြတယ်။ ယာဉ်ထိန်း တစ်ယောက်ဟာ မျက်စိမှေးကျဉ်းကျဉ်း အသား နီစပ်စပ်လူနဲ့ စကားပြောနေရက်က ဒေါသတွေထွက်နေတယ်။ ကျွန်တော့် ဘေးက ညီမလေးရဲ့လက်မှာ သွေးတွေဟာ ချင်းချင်းနီညိုနေတယ်။ ကားလမ်းမပေါ်မှာ ပြန်စီးနေတဲ့ ညိုညိုရဲရဲသွေးတွေဟာ ကျွန်တော့် ခန္ဓာကိုယ်ထဲကို တစိမ့်စိမ့် ပြန်ဝင်နေကြတယ်။ ကျွန်တော့်ဘေးက အသားမည်းမည်းနဲ့ မိန်းမကြီးရယ်၊ ယာဉ်ထိန်းတချို့ရယ် ခွာရှဲသွားကြ တယ်။ လူအုပ်ကြီးဟာ တစ်စတစ်စကျဲပါးသွားတယ်။ ကျွန်တော့်ရဲ့ ဘယ်ဘက်လက်ကနာရီလက်တံဟာ နောက်ပြန်လည်နေတယ်။ မကြာ ခင်မှာဘဲ အဲဒီလူရဲ့ကားဟာ လဲနေတဲ့ ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကို နောက်ပြန်ဆောင့်ပြီးတက်တယ်။ ပြီးတော့ ပြတ်လုပြတ်ခင်ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ညာလက်နဲ့ သွေး၊ ကျွန်တော့်ညီမလေးရဲ့ လက်နှစ်ဖက်ရယ်၊ ခွေခေါက်တွန့်ကြေနေတဲ့ ကျွန်တော့်စက်ဘီးလေးရယ်ကို တုန့်ကနဲ ဆက်ပြီးကျော်တယ်။ ကားက နောက်ပြန် မောင်းကျော်သွားတဲ့အခါ ကျွန်တော့်ညီမလေးဟာ ချက်ချင်းကောင်းသွားတဲ့ စက်ဘီးပေါ်ကို မြေကြီး ပေါ်က ပြိုင်တူကြွတက်သွားပြီး နောက်ပြန် ထိုင်စီးနေကြတယ်။ ညီမလေး က စက်ဘီးကယ်ရီယာရဲ့အပေါ် ကျွန်တော်ကအရှေ့ကပါ။ လမ်းမီးဟာ စိမ်းနေတယ်။ မကြာခင် နီသွားပြီး ကျွန်တော်တို့ရဲ့ နောက်ပြန်နေတဲ့ စက်ဘီးက လမ်းတစ်ဘက်မှာ ရပ်သွားတယ်။ ညီမလေးရဲ့ ”ညဈေးတန်း ဘက်သွားရအောင်နော်”လို့ ပြောတဲ့အသံဟာ ယာဉ်ထိန်းခရာသံနဲ့အတူ လောကဓာတ်တစ်ခွင်လုံးကနေ ပြန်ပေါ်လာတယ်။ ။
နေထွတ်
————————-
ပန်းဝေသီမဂ္ဂဇင်း။ ဇွန်လ၊ ၁၉၉၆။
—————————-