ဇွတ်အချိုး

September 10, 2008

တံခါးပေါက်အထက်က ”ဆရာများ နားနေခန်းနှင့် ရုံးခန်း” ဟူသော အစိမ်းရောင် သစ်သားတန်းလေးပေါ်ရှိ အဖြူရောင်စာလုံးလေး များကို သူမြင်ရသည်။ ညာတံခါးရွက် အတွင်းထောင့်တွင် အဆံအနည်း ငယ်သာ ကျန်တော့သည့် တံမြက်စည်းတစ်ချောင်းနှင့် အပြာရောင် ပလတ်စတစ်ဂေါ်ပြားလေး ရှိနေသည်။

မြန်မာစာပြသော ဆရာကမူ သတင်းစာအဟောင်းလေး မျက် နှာအုပ်ကာ သမ်းနေသည်။ သင်္ချာဆရာနှင့် သိပ္ပံဆရာနှစ်ယောက်က တော့ စကားတစ်ပြောပြောနှင့် စစ်တုရင်ကစားနေကြ၏။ ထိုင်ခုံခုနှစ်ခုံနှင့် ၀န်းရံထားသော လေးထောင့်အသားစားပွဲပေါ်တွင် ရေနွေးကြမ်းထည့် သော ဓာတ်ဗူးအ၀ါကြားလေးတစ်လုံး၊ ကြွေအကြမ်းပန်းကန် ငါးလုံး၊ ဆေးလိပ်ပြာခွက်တစ်ခွက်နှင့် လက်ဖက်အုပ်တစ်လုံး ရှိနေသည်။ သမိုင်း နှင့် ပထ၀ီသင်သောဆရာမှာ စားပွဲ၏မြောက်ဆုံး အစွန်ပြတင်းပေါက် ဘေးတွင် မီးခိုးအူနေအောင် ဖွာရှိုက်ရင်း အင်္ဂလိပ်ဆရာနှင့် စကားပြော လိုက် စစ်တုရင်ကစားနေသော ဆရာနှစ်ယောက်ကို မထိတထိ စနေ သည်။

ကျောင်းအုပ်ဆရာကြီးကတော့ ထောင့်ဘက်စားပွဲအစွန်း ပြ တင်းပေါက်ကို ကျောပေးကာ သူနားမလည်သော စာအုပ်တစ်အုပ်ကို တစူးတစိုက် ဖတ်နေသည်။ တကယ်တော့ သူ့ကို အလယ်တန်းပညာ သင်ကြားပေးနေကြသော ဆရာများမှာ မူလတန်းပြဆရာများနှင့် ဘွဲ့ရပြီး ခါစ အငှားဆရာများသာ ဖြစ်သည်။ ကျောင်းအုပ်ဆရာကြီးမှာလည်း မူလတန်းကျောင်းအုပ်သာ ဖြစ်သည်။

”မောင်ကျော်မင်းထွန်းလား – လာဟေ့”

ဆရာကြီးက ခေါင်းမော့လာသည်ဆိုရုံမျ အနည်းငယ်စောင်းကာ ပါဝါမျက်မှန်ကိုင်း အနက်ကြီးပေါ်မှကျော်၍ သူမရင်းနှီးဖူးသော မျက် လုံးများနှင့် ပင့်ကြည့်ကြည့်သည်။ အတန်ကြာ စာအုပ်ကိုဆက်ဖတ်ပြီးမှ စာအုပ်ကို စက္ကူခေါက်ကာ စကားစသည်။

”အဲဒီခုံမှာထိုင်”

ဆရာကြီး ညွန်ပြသော မျက်နှာချင်းဆိုင် အနေအထားရှိ ခုံပေါ်သို့ မ၀ံ့မရဲ သူထိုင်လိုက်သည်။ စိုးရွံ့စိတ်ကြောင့်လားမသိ။ ကြိမ် ခင်းခုံပေါ် သူထိုင်နေမိသည်ဟု မခံစားမိချေ။

”မင်း ကျောင်းသုံးရက် ပျက်တယ်နော်”

ဆရာကြီးအသံက ခပ်အေးအေးပင်။ နှာတံပေါ်မှ မျက်မှန်ကို ညာဘက်လက်ညှိးတစ်ချောင်းထဲနှင့် မြှင့်လိုက်ကာ သူ့ကိုစူးစိုက်ကြည့်နေ သည်။ ရုတ်တရက် သူမဖြေနိုင်ဘဲ ရှိ၏။

”ဟို ကျွန်တော် ခွင့်တိုင်စာ ပို့ခဲ့ပါတယ်”
”ခွင့်တိုင်စာဆိုတာ အကြောင်းပြချက် မခိုင်လုံလည်း ရေးလို့ရ တာပဲကွာ၊ မင်းတို့ရွာနဲ့ ဒီရွာဆိုတာက ရေအိုးနဲ့ ရေမှုတ်ပဲ။ ဘာဖြစ်လို့ ပျက်ရတာလဲ ပြောပါဦး”

ဆရာကြီးမှာ ကျောင်းအုပ်ဆိုသော်လည်း အသက်မကြီးလှသေး ပေ။ လေးဆယ်ကျော်ခန့် ဖျတ်ဖျတ်လတ်လတ်ပင် ဖြစ်သည်။ သို့သော် ဆရာများနှင့်ယှဉ်ပါက အကြီးဆုံး။

”ကျွန်တော် အအေးမိပြီး ဖျားလို့ပါ”
”အေး – ဘာပဲဖြစ်ဖြစ်ပေါ့ကွာ”

ဆရာကြီးမှာ စကားမဆက်သေးဘဲ စာအုပ်ကိုကိုင်ရင်း ရပ်နေ ၏။ အာချောင်းရှင်းနေတာလား၊ တမင် အာရုံဆွဲဆောင်စေရန်လား ဆရာ နှစ်ယောက်ဆီမှ ခပ်ကျယ်ကျယ်ရယ်သံများ ထွက်လာပြီး ပြန်လည် တိတ် ဆိတ်သွား၏။

”တို့-တွဲဘက်ကျောင်းမျိုးဆိုတာ၊ ရှင်းရှင်းပြောမယ်။ ကိုယ့် ဆရာနဲ့ ကိုယ့်တပည့်နဲ့၊ ကိုယ့်မေးခွန်းနဲ့ ကိုယ့်အဖြေနဲ့ဆိုရင် အရေး မကြီးဘူးပဲ ဆိုပါစို့၊ အခုမင်းတို့ ရှစ်တန်းဆိုတာက အစိုးရစစ် – စုစုပေါင်းမှ အယောက်နှစ်ဆယ်ပဲရှိတယ်။ ရှစ်တန်းအောင်ချက် ရာခိုင် နှုန်းဟာ ဒီမြို့နယ်မှာ ဘယ်နှစ်မဆို အမြင့်ဆုံးရခဲ့တာ လေးနှစ်ဆက် တိုက်ရှိပြီ။ ကျောင်းသားငါးဆယ်ဆိုလည်း အားလုံး အောင်ခဲ့ကြတာပဲ။ ဟိုမှာကြည့်”

ဆရာကြီးက ပြောပြောဆိုဆို စာအုပ်ကိုကိုင်ရင်းက ပေါလစ် မသုတ်သော သစ်သားဗီရိုကြီးကို လှမ်းñွှန်ပြသည်။ တကယ်တော့ သစ်သားဗီရိုကြီးထဲမှာ ဘာမှ ထူးထူးထွေထွေမရှိသည်ကို သူသိသည်။ မြေဖြူဘူးခွံ တချို့နှင့် ဘောပျက်တစ်ခု၊ နှစ်ခုသာရှိမည်။ ဤလခ ပေးတက်ရသော၊ ကျောင်းဆရာ မလုံလောက်သော၊ စည်းကမ်းအလွန် ကြီးသော၊ စာအုပ်စာတမ်း အလွန်ဆင်းရဲလှသော တွဲဖက်ကျောင်းရှိ သုံးလုံးတည်းသော ဗီရိုများအကြောင်း ကျောင်းသက်လေးနှစ်ရှိခဲ့သော သူ နောကျေအောင် သိနေပြီးဖြစ်သည်။

သို့သော် ဗီရိုပေါ်မှာ ဘယ်တုန်းကတင်ထားမှန်း မသိသော သို့မဟုတ် သူ ဘယ်တုန်းကမျ သတိထားမမြင်မိသော ငွေဒိုင်းကြီးတစ်ခု နှင့် ဆုတံဆိပ်တချို့။ သူကြည့်နေလိုက်ရ၏။ သို့သော် စိတ်မ၀င်စားလှပါ။

”အဲဒါ အောင်နှုန်းအမြင့်ဆုံးနဲ့ ဂုဏ်ထူးတွေအများဆုံး ရခဲ့တဲ့ အတွက် မြို့နယ်က ချီးမြှင့်တဲ့ဆုဒိုင်းနဲ့ တံဆိပ်တွေပေါ့”

ဆရာကြီးက စကားဖြတ်ကာ သူ့ကို စိုက်ကြည့်ပြန်သည်။

”မင်းက အခုရှစ်တန်း-ရှင်းရှင်းပြောမယ်။ မင်းဆီက တို့ အများကြီး မျောင်လင့်ထားတယ်။ စာမေးပွဲက ဖေဖေါ်ဝါရီလထဲမှာ။ အခုကို ဒီဇင်ဘာလကုန်နေပြီ။ စာမေးပွဲကဖြင့် ကျောကပ်နေပြီ။ နောက် ဆို သေရေးရှင်ရေးကလွဲလို့ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ကျောင်းမပျက်ပါ စေနဲ့။ ကျောင်းပျက်ခွင့်လည်း ဆရာကြီးကမပေးနိုင်ဘူး ကြားလား”

သူခေါင်းငုံ့နေရင်းမှ မော့ကာ ခေါင်းညိတ်ပြသည်။

”ကဲ ကျောင်းတက်တော့မယ်။ အတန်းပြန်ပြီး စာကြည့်တော့”
သူရုံးခန်းက ထွက်လာခဲ့သော်လည်း သူ့စိတ်ထဲမှာ ဆရာကြီး စကားများနှင့် မပတ်သက်လှသော ခံစားမှုတချို့ ကပ်ပါလာခဲ့သည်။

—————————–

သူရွာပြန်မရောက်သည်မှာ သုံးနှစ်သုံးမိုးရှိပြီ။ ရွာမှာ လမ်းပန်း ဆက်သွယ်ရေးမကောင်း။ ရွာနှင့်ငါးမိုင်ကျော်ဝေးသော တောင်ဘက်ရွာတွင် ကားလမ်းရှိ၍ ထွက်စီးနိုင်သည်။ ရွာနှင့်နှစ်မိုင်ခန့်ကွာသော အရှေ့ဘက် ရွာတွင် ကားတစ်စီးရှိသည်။ သူသည် သူတစ်ခါမျ မစီးခဲ့ဖူးသော အ ရှေ့ဘက်ရွာမှကားကို စီး၍ပြန်ခဲ့သည်။

ကားမှဆင်းသော် လေးနှစ်ကျော်မျ ပညာသင်ကြားခဲ့ရသော တွဲဘက်အလယ်တန်းကျောင်းကြီးကို ဆေးရောင် များ ပြယ်သွားသည်မှလွဲ၍ အရင်အတိုင်း မပြောင်းမလဲ ပြန်မြင်ရသည်။ ဤမြေဘက် ခြေမချဖြစ်သည်မှာ ခြောက်နှစ်ကျော်ကြာခဲ့ပြီ။ ကျောင်း အနောက်ဘက် လမ်းမှနေ၍ ဖြတ်လျောက်ရင်း လည်ပြန်ကြည့်ပါက တစ်စုံတစ်ခုသည် သူ့ရင်အား ဆွဲနှုတ်နေသယောင်ပင်။

ဤမြေဤရေတွင် ပျော်တစ်လှည့် မပျော်တစ်လှည့် နေထိုင်ခဲ့ရသောရက်များကို သတိရ မိသည်။ မနက်ခုနစ်နာရီမှ ညနေငါးနာရီအထိ ထမင်းမစားဘဲ ကျောင်း တက်ခဲ့ရသော တစ်ချိန်က သူ့ဘ၀ကို ပြန်သတိရသည်။ စနေ၊ တနင်္ဂနွေ မရှိသော၊ ဥပုဒ်နေ့မှလွဲ၍ ကျောင်းမပိတ်တက်သော ထိုတွဲဘက်ကျောင်း သည် စာမေးပွဲရာသီဖြစ်သော ဤ ဇန်န၀ါရီ စနေရက်၌ပင် ကျောင်း ပိတ်နေတတ်ခဲ့ပြီ။

နှစ်ထပ်ကျောင်းဆောင်သစ် ညာဘက်အစွန်တွင် သော့ချိတ်ထား သော တံခါးဝအထက်က ”ဆရာများ နားနေခန်းနှင့် ရုံးခန်း” ဟူသော စာတန်းလေးမှာ နေရာမပျက် ရှိနေဆဲပင်။ ထိုအခိုက် သူမေ့ပျောက် မရခဲ့သော ကျောင်းသုံးရက်ပျက်၍ ကျောင်းအုပ်ကြီးကိုယ်တိုင်ခေါ်၍ သတိပေးခံခဲ့ရသော ရက်တစ်ရက်ကို သူပြန်လည်ခံစားမိလာသည်။ ကျောင်းအုပ်ဆရာကြီးတော့ ပင်စင်ယူသွားပြီလား ဟူသောအတွေးက တစ်ဆက်တည်း ၀င်လာပြန်သည်။

ရွာရောက်၍ နှစ်ပတ်ခန့်နေပြီးသော် မြို့သို့ပြန်ရန် သူပြင်ရ သည်။ မနက်စောစောအိပ်ရာထ၍ ကားစီးရန်အလို့ငှာ အရှေ့ဘက်ရွာသို့ ထွက်လာခဲ့သည်။ တကယ်တမ်း ကားပေါ်ရောက်သော်လည်း လူမပြည့်၍ ကားအမိုးပေါ်တွင် ထိုင်စောင့်ရပြန်သည်။ ထိုစဉ် အလယ်တန်းကျောင်း နေဘက် သူငယ်ချင်းတစ်ယောက် ရောက်လာ၍ အဖော်ရသွားသည်။

တကယ်တော့ ထိုသူငယ်ချင်းမှာ ကျောင်းနေတော့သည်တော့မဟုတ်။ အရင်ကလည်း တရင်းတနှီးတော့ မရှိလှပေ။ သို့သော် တစ်ဦးနှင့်တစ်ဦး ကောင်းကောင်း မှတ်မိနေကြဆဲပင်ရှိသည်။ သူငယ်ချင်းမှာ ဟိုစဉ်က အတိုင်း ရုပ်မပြောင်းလဲပေ။ပြောင်းလဲလာခဲ့သည်ကား အ၀တ်အစား၊ အနေအထိုင်နှင့် အပြောအဆို။ သူ့ဘယ်လက်တွင် တစ်ကျပ်သားခန့် ရွှေလက်ပတ်ကြိုး၊ လည်ပင်းတွင် နှစ်ကျပ်သားကုံး၊ တစ်ကုံးနှင့် လက်စွပ် က နှစ်ရံ။ တစ်ကိုယ်လုံးလည်း ရေမွှေးနဲ့ ကြိုင်နေပြီး ၀တ်ထားသော လုံချည်မှာ သော့တံဆိပ် အပြာကွက်၊ ပင်ဂွင်းစပို့ရှပ် လက်ရှည်အစိမ်း ပုပ်ရောင်။

”မင်း မိန်းမရပြီလား၊ ဘာအလုပ်တွေ လုပ်နေတာလဲ”

သူငယ်ချင်းက သူ့ကို စမေးသည်။ မရေရာသောအဖြေကို ပြန်ဖြေရင်း မေးခွန်းမူရင်းကိုပင် သူပြန်မေးမိ၏။

”ငါအခု တာမခန်သွားမှာလေ။ ဟိုမှာ ဆိုင်ခန်းလေးခန်း ဖွင့်ထားတယ်။ မိန်းမရပြီးပြီ”
”အခု မင်းတစ်ယောက်တည်းလား”
”မဟုတ်ဘူး၊ ကိုစိန်ကြီးနဲ့လေ”
”သြော်”

ကိုစိန်ကြီး ဆိုသူကို သူမသိ။

ကားက လူတဖြည်းဖြည်း များလာသည်။ ကားထွက်တော့ မည်မို့ စိတ်သက်သာသွားသည်။ ဒီရေ၊ ဒီမြေနှင့် သူလိုလူကား သိပ်မ အပ်စပ်။ အားလုံး၏ စကားများမှာ သိန်းသန်းစကားများဖြစ်၍ တာမခန်၊ ဆိုင်းထောင်၊ ဖားကန့်ဟူသော နာမည်များနှင့်မကင်းလှ။ သြော်၊ လူတွေ သိပ်ကိုပြောင်းလဲနေကြပြီ။

ထိုသူငယ်ချင်းမှာ မိဘဆင်းရဲ၍ ခုနစ်တန်း တစ်ကြိမ်ကျသည် နှင့် ကျောင်းထွက်သွားခဲ့သူ ဖြစ်သည်။ သို့သော် သူနှင့် အာလာပသလ္လာပ အလို့ငှာ ဟိုတုန်းက တွဲဘက်ကျောင်းကြီးအကြောင်း စကားစပ်မိ၏။ ရွာသားများ အလုပ်အကိုင် အဆင်ပြေကြသည်နှင့် ကျောင်းရန်ပုံငွေ သိန်းဂဏန်းထိ တိုးလာသည်ဟုသိရသော် သူ ပီတိဖြစ်ရသည်။

”ကိုစိန်ကြီးတို့ကိုက လေးသောင်းလှူထားတာ၊”

သူငယ်ချင်းက သူ့အိတ်ထဲမှ ကွမ်းယာထုပ်ကိုထုတ်ကာ သူ့အား လှမ်းသည်။ သူက လက်ကာပြလိုက်၏။

”ကိုစိန်ကြီး လာလေ၊ အမိုးပေါ် ဒီမှာက အချောင်ကြီး”

သူငယ်ချင်းက အောက်ကိုငုံ့ကာ လှမ်းအော်၏။ သူကတော့ သူမတွေ့မြင်ရတာကြာသော ပတ်ဝန်းကျင်ကို အမြင့်မှ ငေးမောကြည့် နေမိ သည်။

မကြာပါ၊ ကားစထွက်သည်။

၆-တန် ဘတ်စ်ကားကြီးမှာ မညီညာသောမြေလမ်း အကွေ့ အကောက်များပေါ်တွင် တလိမ့်လိမ့် ရွေ့နေသည်။ သူနှင့်သူငယ်ချင်းမှာ စကားပြတ်သွားသည်။

”ကျော်မင်းထွန်းကြီးလား”

ထူးထူးခြားခြား ခေါ်သည့်အသံကို တရင်းတနှီး သူကြားလိုက်ရ သည်။

”ဟာ ဆရာကြီးပါလား၊ ဟုတ်တယ် ဆရာကြီး၊ အခုဆရာကြီး ဘယ်လဲ”

ဆရာကြီးမှာ ဖိုတိုဂရေး နှစ်ထပ်မျက်မှန်နှင့် ငယ်နေသလားပင် အောက်မေ့ရသည်။ ကြိုကြား ဖြူနေခဲ့သော ဆံပင်များမှာ နက်မှောင်ကာ စိုနေ၏။ အသားလတ်၍ အနည်းငယ်ဝလာသည် ထင်၏။

”ခရီးထွက်မလို့ကွ”
”ကျောင်းကကော”

သူအသိချင်ဆုံးမေးခွန်းကို အလောတကြီးမေးမိသည်။

”ဆေးပင်စင် ယူလိုက်တာ လေးနှစ်ကျော်ပြီ၊ တာမခန်းဘက် မှာ ဆိုင်ခန်းဖွင့် ဈေးရောင်းနေတာ။ ဆိုင်ခန်းနှစ်ခန်း ရှိတယ်။ အလုပ်က တော့ မောင်မြင့်တို့နဲ့ အတူတူပဲ”

သူသည် တရိပ်ရိပ် ပြေးကျန်ရစ်သော သစ်ပင်များကို ငေးနေ မိသည်။ ”မောင်မြင့်တို့နဲ့ အတူတူပဲ” ဆိုသော စကားနှင့် ”ကိုစိန်ကြီး” ဟူသော မောင်မြင့်၏ စကားအသုံးတို့ကို အဓိပ္ပာယ်မရှိ၊ ထပ်တူမကျစွာ ဇွတ်အချိုးချနေမိ၏။

ဆရာကြီးကတော့ မောင်မြင့်နှင့်အတူ သူစိတ်မ၀င်စားလှသော စကားများကို အားပါးတရ ရယ်မောကာ ပြောနေကြသည်။ ကားပေါ်မှ တွဲလောင်းချထားသော ဆရာကြီး၏ခြေအစုံမှ ပိုးယောကချင်လုံချည် ကွက်စိပ်လေးမှာ လေထဲတွင် တဖျတ်ဖျတ် ခါနေတော့သည်။     ။

နေထွတ်—————————-

ရုပ်ရှင်မဂ္ဂဇင်း၊ အမှတ် ၆၊ သြဂုတ်လ၊ ၁၉၉၅။

———————————

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.