တန်ဖိုး – (အသုံးချမှု + အသုံးတည့်မှု) = ?
September 10, 2008
စက္ကူဖြူကို သေသေချာချာကော်နဲ့ကပ်ပြီး အနားညီအောင် ကတ်ကြေးနဲ့ñှပ်ပစ်လိုက်တယ်။ ဒီနေ့တော့ ကလေးတွေကို မုန့်ဖိုးပေး ရဦးမယ်။ တစ်ယောက်ဆယ့်ငါးကျပ်လောက်ဆိုရင် တော်ပြီပေါ့။ အိတ်ထဲ မှာကလည်း အတော်ကလေးစုတ်လို့ ဆိုင်တိုင်းက အပယ်ခံနေရတဲ့ ဒီကိုးဆယ်တန်နှစ်ရွက်ပဲ ရှိတော့တယ်။ ဒါနဲ့ပဲ စက်ဘီးကို ၂၆-လမ်း က ဘဏ်ဘက်ကို ဘမောင်နင်းလိုက်တယ်။ တော်ပါသေးရဲ့။ ငွေသုံးဆယ် ကျန်နေသေးလို့။ စက်ဘီးအပ်ရမှာက ၃-ကျပ်။ ငွေအစုတ်လဲဖို့ ဘော်လ် ပင်တစ်ချောင်းနဲ့ မှတ်ပုံတင်ကဒ်ပါ လိုလိုမယ်မယ် ထည့်ယူလာခဲ့တယ်။
ကလေးတွေကို တစ်လောကထုတ်တဲ့ ဆယ်တန်နဲ့ ငါးကျပ်တန် အသစ်တစ်ရွက်စီပေးမယ်ဆိုတဲ့ ကတိကိုလည်း ပေးထားပြီးပြီ။ ငွေအသစ် လဲတဲ့ကောင်တာမှာ ဆယ်ရွက်စီလောက် လဲခဲ့မယ်။ အိမ်နီးနားချင်းတွေ လည်း ပြတန်ပြရအောင်ပေါ့။
စက်ဘီး၊ ဆိုင်ကယ်အပ်တဲ့ ၈၂-လမ်းမှာ ဘီးပေါ်ကဆင်း။ စက်ဘီးအပ်တဲ့ လက်မှတ်ယူပြီးတာနဲ့ ဘဏ်ဘက်ကို ခပ်သုတ်သုတ် ပြေးသွားလိုက်တယ်။ ဒါပေမယ့် တနင်္လာ၊ အင်္ဂါရက်မျိုးမဟုတ်တော့ ရုံးကန္နားက၀န်ထမ်းတွေ ငွေအစုတ်လာလဲတာနဲ့ ဆုံချင်မှဆုံမှာပါ။ ဆုံလို့ကတော့ စောင့်ပေဦး။ ကျပ်တန်ရွက်အစုတ်တွေချည်း ရှေ့မှာလာ လဲနေကြရင် အိပ်တောင်စောင့်ရတတ်တယ်။ တကူးတကလာပြီး လဲကြ ရတာဆိုတော့လည်း ငွေအရေအတွက်ကလည်း များပေမပေါ့။ ကိုဘ မောင်တို့လို ကြုံလို့တစ်ရွက်စနှစ်ရွက်စ လာလဲတဲ့လူအဖို့ တန်းစီပြီး စောင့်ရတာဟာ ၀ဋ်တစ်မျိုးပဲ။
ငွေအစုတ်လဲတဲ့ ကောင်တာအထက်မှာ ငွေစက္ကူအစုတ် နမူနာ နဲ့လဲရမယ်။ လုပ်ထုံးလုပ်နည်းကို မှန်ဘောင်ကားထဲမှာ ထည့်ပြထားတယ်။ တန်းစီနေတဲ့လူတွေ သိပ်တော့များလှတယ် မဆိုသာဘူး။ ခြောက်ယောက် လောက်ပဲ။ ဒါပေမယ့် တစ်ယောက်ကို ငွေတွေက အထပ်လိုက်ကြီး။
”အင် ငွေနှစ်ရွက်ထဲနဲ့ စောင့်ရဦးမှာလား”
တန်းစီနေတဲ့လူတွေရဲ့ရှေ့ဆုံးက လူနှစ်ယောက်ပါ ကြားနိုင်တဲ့ အသံနဲ့ ကိုဘမောင် ညည်းလိုက်တယ်။ အဲဒီလူနှစ်ယောက်က သူ့ကို လှည့်ကြည့်တယ်။
”နှစ်ရွက်ထဲနဲ့ မစောင့်ချင်ဘူးဗျာ၊ ဘယ်သူ့ပေးရကောင်းမလဲ မသိဘူး”
ကိုဘမောင်ရဲ့ ညည်းသံကိုကြားတဲ့ လူနှစ်ယောက်ထဲက နောက် က မျက်မှန်နဲ့လူက ”ပေးချင်တဲ့သူပေးပေါ့ဗျာ” ဆိုပြီး ပြုံးပြတယ်။ ကိုဘမောင်က အဲဒီလူရဲ့ရှေ့က ဘောလ်ပင်တပြင်ပြင်နဲ့ လုပ်နေတဲ့သူဆီကို ”ကျွန်တော့်ငွေနှစ်ရွက်ပါ ထည့်လဲပေးပါခင်ဗျာ” လို့ ပြောရင်းပေးလိုက် တယ်။ အဲဒီလူက အသားနက်နက်၊ ပိန်ပိန်ပါးပါး၊ လျာထိုးဦးထုပ် အစိမ်းပြာလေး ဆောင်းထားတယ်။ ကိုဘမောင်ရဲ့ ပတ်တီးအစီအရီနဲ့ ကိုးဆယ်တန်နှစ်ရွက်ကို အသာယူပြီး ဗလာစာရွက်လေးနဲ့ လုပ်ထားတဲ့ သူ့အုပ်ထဲမှာ ထည့်လိုက်တယ်။ မကြာပါဘူး။ ရှေ့ဆုံးကလူ ပြီးသွားတာနဲ့ အဲဒီလူအလှည့် ရောက်တယ်။ ကိုဘမောင်ကတော့ ကျိတ်ဝမ်းသာသွား မိတယ်။ ဒီတစ်ခါတော့ စောစောပြန်နိုင်ပြီကိုး။
ကောင်တာအတွင်းက စာရေးမကြီးက နာမည်စာရင်းစာအုပ်ကို ရှေ့ထိုးပေးတယ်။ အဲဒီလူက ဟန်တပြင်ပြင်ဖြစ်နေတဲ့ သူ့ဘောလ်ပင် အနက်ကြီးနဲ့ ရေးတော့တာပဲ။ ကိုဘမောင်ကတော့ အဲဒီလူရဲ့နာမည်နဲ့ လိပ်စာကို အသာငုံ့ကြည့်မိတယ်။ အဲဒီလူက မြောက်ပြင်ကလူတစ် ယောက်ပါ။ ကိုဘမောင်ဟန်မပျက် စာရေးမတွေဘက် ကြည့်နေမိတယ်။ မြောက်ပြင်လူရဲ့ငွေက တစ်ရာကျော်လောက်လေးပါပဲ။ ဆယ်တန်နဲ့ ငါးကျပ်တန်အစုတ်တွေ။ ဒါပေမယ့် ဆယ်တန်သုံးရွက်က အပယ်ခံရတယ်။ သုံးဆက်ပြတ်နေလို့ ဆိုလားပဲ။ ကိုဘမောင်ရဲ့ ကိုးဆယ်တန်နှစ်ရွက် ကတော့ သိပ်အစုတ်ကြီးမဟုတ်လို့ မပူရဘူး”
စာရေးမတစ်ယောက်က ကျပ်တန်သုံးအုပ်၊ လေးဆယ့်ငါးကျပ် တန်တစ်ရွက်နဲ့ ငါးကျပ်တန်တစ်ရွက် လဲပေးလိုက်တယ်။ အဲဒီလူက ငွေရတာနဲ့ ကိုဘမောင်ဘက်လှည့် ”နှစ်ဆယ်အမ်းဗျာ” ဆိုပြီး တစ်ရာဖိုး ကျပ်တန်အုပ် နှစ်ထုပ်ပေးတယ်။ ကိုဘမောင်အိတ်ထဲမှာက ဆယ့်ငါး ကျပ်တန်နှစ်ရွက်၊ ဆယ်တန်တစ်ရွက်ပဲရှိတာ။ ဒါနဲ့ အသစ်ထုတ်တဲ့ ဆယ်တန်နဲ့ ငါးကျပ်တန် ၁၅၀-ဖိုးလဲပြီး ပေးမယ်ဆိုပြီး ငွေစက္ကူအသစ် လဲတဲ့ ကောင်တာဘက် လှည့်လိုက်တယ်။
”အစ်မ တစ်ယောက်ကို အသစ်ထုတ်တဲ့ဆယ်တန်နဲ့ ငါးကျပ် တန် ဘယ်နှစ်ရွက်စီ လဲပေးလဲ”
”ဆယ်ရွက်စီ”
ကောင်တာစာရေးမကြီးက ခပ်ပြုံးပြုံးနဲ့ခပ်မှန်မှန် ပြောတယ်။ ဒါနဲ့ ကိုဘမောင်လည်း တစ်ရာဖိုးစီရှိတဲ့ စောစောကကျပ်တန်နှစ်ထုပ်ကို ကောင်တာပေါ်တင်လိုက်တယ်။
”အင် ဒီကလဲပေးလိုက်တဲ့ ကျပ်တန်အထုပ်တွေနဲ့ လဲလို့မရ ဘူးရှင့်။ တစ်ခြားငွေနဲ့ပဲ လဲပေးပါတယ်။”
အဲဒါမှ ကိုဘမောင်ခွကျပြီ၊ ဒီနှစ်ရာဖိုး ကျပ်တန်နှစ်ထုပ်ဟာ ရုတ်တရက် တန်ဖိုးမရှိတော့သလိုပဲလို့ ကိုဘမောင်တွေးလိုက်မိတယ်။ သူ့နောက်က မြောက်ပြင်သားကြီးရဲ့မျက်နှာကို သူကြည့်လိုက်တယ်။ ပြီးမှ ကောင်တာစာရေးမကို မေးလိုက်တယ်။
”ဒါဖြင့် ဒီကျပ်တန်တွေက ဘယ်မှာမှ သုံးလို့ရမှာလဲ”
”တစ်ခြားတစ်နေရာရာမှာ သုံးလိုက်ပေါ့”
ဒီမှာတင် မြောက်ပြင်သားကြီးက ကိုဘမောင်ကိုပြောတယ်။
”ခင်ဗျားမှာ တစ်ခြားငွေအပိုတွေ မပါဘူးလား။ ပါရင်လဲလိုက် ပေါ့။”
”လဲလောက်အောင် မပါဘူးဗျာ”
ကိုဘမောင် အိတ်ထောင်ကိုပွတ်ပြီး ပြန်ဖြေလိုက်တယ်။ ပြီးတော့ ဘဏ်တံဆိပ်တုံးရိုက်ထားတဲ့ ပြန်ထုပ်ကျပ်တန်ရွက်လေးတွေကို ကြည့်လိုက်တယ်။
”ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို နှစ်ဆယ်တော့ အမ်းလိုက်တော့ ဗျာ”
ကိုဘမောင် ဘာမှမပြောသာတော့ဘူး။ သူ့အိတ်ကပ်ထဲမှာ ကျန်တဲ့ငွေသုံးဆယ်ထဲက နှစ်ဆယ်ပေးလိုက်ရတယ်။ အဲဒီလူကတော့ ခပ်တည်တည်ပဲ စောစောကရတဲ့ ငွေငါးဆယ်နဲ့ ကိုဘမောင်ဆီက ငွေနှစ်ဆယ်ရောပြီး အသစ်လဲတဲ့ကောင်တာမှာ လဲနေတော့တယ်။ ကိုဘ မောင်လည်း စိတ်ပျက်ပျက်နဲ့ ဘဏ်ကထွက်လာပြီး ၂၆-လမ်းမတစ် လျောက် ငေးကြည့်လိုက်တယ်။ အရိပ်အမှောင်တွေထဲက ရုတ်တရက် ထွက်လာရလို့လားမသိဘူး မြင်ကွင်းအားလုံးက မိုးလေမှုန်နေတဲ့ ရှုခင်း တစ်ခုလိုေ၀၀ါးနေတယ်။
စက်ဘီးပြန်ရွေးယူမယ်လုပ်တော့ စိတ်ကူးတစ်ခုဝင်လာတယ်။ စက်ဘီးလက်မှတ်ပေးတဲ့လူကို
”အစ်ကို…အကြွေနှစ်ရာဖိုးလောက်များ မလဲချင်ဘူးလားဗျာ” လို့ အောက်ကျို့တဲ့လေနဲ့ ကိုဘမောင်မေးလိုက်တယ်။ ဒီနေရာမှာတင် လဲလို့ရရင် အသစ်ထုတ်တဲ့ငွေနှစ်မျိုး သွားလဲဖို့ အဆင်ပြေသေးတယ် မဟုတ်လား။ စက်ဘီးလက်မှတ်ဆရာကလည်း ဘဏ်ထုပ်ကျပ်တန် နှစ်ထုပ်ကို မသိမသာ စောင်းကြည့်ရင်း
”ကျွန်တော်လည်း တစ်ရာဖိုးကို မရသေးဘူးဗျာ” လို့ ပြန်ပြော တယ်။ ဒါနဲ့ဘဲ ကိုဘမောင်လည်း ငွေထုပ်လေးနှစ်ထုပ်ကို အသာ ပြန်ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိတယ်။ ပြီးမှ ခါးကြားအသာ ထိုးလိုက်ရင်း စက်ဘီးကိုဆွဲထုတ်ပြီး အိမ်လှည့်ပြန်ဖို့ စိတ်ကူးလိုက်တယ်။ ဒီမှာတင် ကလေးနှစ်ယောက်ရဲ့မျက်နှာကို ပြန်မြင်မိရင်း မောသွားမိပြန် တယ်။ မြောက်ဘက်လှည့်ပြီး ဒါးတန်းဘိလပ်ရည် သက်သာဆိုင်ဘက် သွားပြီး စပါကလင်သောက်ဦးမှလို့ တွေးတယ်။ ဒါနဲ့ ၂၄-လမ်းကနေ မြောက်ဘက်ကိုဆင်းတယ်။ ဒါးတန်းသက်သာဆိုင်က ကိုဘမောင် မကြာ ခဏ ရောက်နေကျနေရာပါ။ အဲဒီရောက်တော့ လူကသိပ်မရှိသေးဘူး။
ကံကောင်းတယ်လို့ ပြောရမလားပဲ။ လူတစ်ယောက်က ငွေရှင်း တဲ့ကောင်တာမှာ ငွေလက်ခံနေတဲ့ အဘိုးကြီးကို နှစ်ရာတန်တစ်ရွက်နဲ့ အကြွေလဲနေတာကို မြင်လိုက်တယ်။ ဒါနဲ့ ကိုဘမောင်လည်း ၀မ်းသာ အားရနဲ့ မ၀ံ့မရဲအနားကပ်သွားပြီး ”ဒီကျပ်တန်နှစ်အုပ်နဲ့ မလဲချင် ဘူးလားခင်ဗျာ”လို့ အချိုသပ် မေးလိုက်တယ်။ အဲဒီလူက သိပ်ပြီး ချမ်းချမ်းသာသာထဲက ဟုတ်ဟန်မတူဘူး။ ပေစုတ်စုတ်လို့ ပြောမရ တောင်မှ သိပ်သန့်ရှင်းတဲ့ ၀တ်စားဆင်ယင်မှုမျိုး မရှိလှဘူး။ အဲဒီလူက ကိုဘမောင်ကို အသေအချာကြည့်တယ်။
”အဲဗျာ ကျွန်တော်ကလည်း ဆယ်တန်နဲ့ တခြားအကြီး အကြွေတွေပဲ လိုချင်တာ”
ဒီတော့ ကိုဘမောင်လည်း တွန့်သွားပြန်တယ်။ သူလည်း ဒီလိုနှစ်ရာမျိုးကို မလိုချင်ပဲကိုးလို့ တွေးလိုက်မိတယ်။ အဲဒီမှာ ဘိလပ် ရည်စက်ရုံ ၀န်ထမ်းက ”ဟာဗျာ ကျွန်တော်တို့ လဲယူလိုက်ရအောင်” လို့ ငွေရှင်းကောင်တာမှာထိုင်နေတဲ့ အဘိုးကြီးကို ပြောလိုက်တယ်။ သူတို့နှစ်ယောက်ဟာ ကိုဘမောင်လက်ထဲက ကျပ်တန်နှစ်အုပ်ကို တခြား လူ အတင်းလာဦးပြီးလဲမှာစိုးတဲ့အလား အလျင်အမြန်ပဲယူပြီး ငါးဆယ် တန်လေးရွက် ထုတ်ပေးလိုက်တယ်။ ဒီတင် ရလာတဲ့ငါးဆယ်တန်လေး ရွက်ကိုစေ့စေ့ကြည့်ရင်း ကိုဘမောင် ပြုံးလိုက်မိတယ်။ ပြီးမှ အိပ်ကပ်ထဲ အသာထိုးထည့်ရင်း လက်ကျန်ငွေတစ်ဆယ်နဲ့ စပါကလင်တစ်လုံး မှာလိုက်တယ်။
အဲဒီအခါကျမှ ဖအေလုပ်သူပေးလာမယ့် အသစ်ထုတ်လိုက်တဲ့ ဆယ်တန်နဲ့ ငါးကျပ်တန်အသစ်ကျပ်ချွတ်တစ်ရွက်စီကိုယူဖို့ မျော်နေ ကြမယ့် ကလေးတွေရဲ့မျက်နှာလေးတွေကို ကိုဘမောင မြင်ယောင်လာ မိတယ်။ ။
နေထွတ်
————————–
ရွှေစည်းစိမ်မဂ္ဂဇင်း။ အမှတ် ၁၃၊ ဇွန်လ၊ ၁၉၉၇။
——————————-