သူငယ်ချင်းတစ်ယောက်နှင့် တွေ့ဆုံခြင်း
September 10, 2008
ခုံလက်မှတ်ဖြတ်ပိုင်းလေးကိုကိုင်ပြီး ကျုပ်ခုံကိုလိုက်ရှာတယ်။ ပထမတော့ စားစရာ သာက်စရာလေးတစ်ခုခု လမ်းမှာစားရအောင် ၀ယ်ဦးမှလို့ စိတ်ကူးမိသား။ ဒါပေမယ့် တကယ်တမ်း ရထားထွက်တော့ မယ်ဆိုတော့ ဟိုကိစ္စဒီကိစ္စပေါ်လာတာနဲ့ စားဖို့ကိစ္စမေ့သွားတယ်။ ရထားက ဥသြသံပေးပြီးစထွက်နေပြီ။ ကျုပ်ခုံကို ခုထိမတွေ့သေးဘူး။ အတွဲကလည်းမမှားတော့ အနားကလူတစ်ယောက်ကို မေးကြည့်လိုက် မိတယ်။
”ဟုတ်တယ်ဗျ။ ဒါ အတွဲခုနစ်ပဲ။”
ဒါနဲ့ ကျုပ်လည်း ခုံနံပါတ်တွေ အသေအချာ လိုက်ကြည့်ရ တယ်။ ရထားက တလိမ့်လိမ့်ပြေးနေပြီ။ ကျုပ်ခုံကိုတွေ့တော့ ရထားဟာ အတော်ကလေးအရှိန်ရသွားပြီ။ ခုံက နှစ်ယောက်တွဲခုံဆိုတော့ ကျုပ် ဘေးကခုံမှာ လူတစ်ယောက် ရောက်နှင့်နေပြီ။ သူက အပြင်ခုံဆိုတော့ ပြတင်းပေါက်နဲ့ကပ်ရက်။ ကျုပ်က အတွင်းဘက်၊ ခရီးဆောင်အိတ်ကို သံစင်ပေါ်တင်ပြီး အကျအနချည်လိုက်တယ်။ ပြီးမှ ချွေးတလုံးလုံးနဲ့ စေးကပ်နေတဲ့ မျက်နှာတစ်ပြင်လုံးကို လက်ကိုင်ပုဝါနဲ့ သုတ်လိုက်တယ်။ ရထားအပြေးမှာ လေကတိုးဝင်လာပေမယ့် အတွင်းခုံကဆိုတော့ သိပ်မ ထိရောက်လှဘူး။ ဒါနဲ့ ကျုပ်အထက်က ပန်ကာခလုတ်ကို ထနှိပ် လိုက်တယ်။
”ဘုရား၊ ဘုရား”
ကျုပ် ဘုရားတ လိုက်မိတယ်။
မူးအောင်ပါလား။ ကျုပ်လက်ဟာ ပန်ကာခလုတ် မရောက်ခင် မှာပဲ တွန့်သွားမိတယ်။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ဆိုသမှုတ်လား။ ပန်ကာကို မိမိရရဖွင့်လိုက်ပြီး ခုံပေါ်ပြန်ထိုင်လိုက်တယ်။
သြော် . . . ဖြစ်မှ ဖြစ်ရပလေ။ ဒီတစ်ခါမှာလဲ ကမ္ဘာကြီး ကျဉ်းလှချည့်ကလားလို့ ကျုပ်တွေးဖြစ်လိုက်တော့တယ်။ မူးအောင်ဟာ ကျုပ်ကိုအကဲမခတ်မိသလိုနဲ့ စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။ ကျုပ် လည်း စိတ်ထဲကတော့ ဒီကောင် သူကစပြီး နှုတ်ဆက်ရင်ကောင်းမှာလို့ တွေးနေဖြစ်တယ်။ ဒါပေမယ့် ဒီကောင် စာဖတ်မပျက်ဘူး။ သူ့ဘေးမှာ လူတစ်ယောက် သက်ရှိထင်ရှားရှိနေတယ်ဆိုတာကိုတောင် သတိထားမိပုံ မပေါ်ဘူး။ ဒီကောင် မသိမမြင်ချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင် တယ်။
သြော် . . .အချိန်ဆိုတာ အရာရာကို ပြောင်းလဲပစ်တတ်တာ ကလားလို့ ကျုပ်တွေးမိတယ်။ လွန်ခဲ့တဲ့လေးနှစ်လောက်ကသာ သူနဲ့ ကျုပ် ခုလိုမျိုးတွေ့ကြရင် သူရောကျုပ်ရော နှုတ်မဆက်ချင်လို့ မဆက် တာနေမှာပါပဲလို့တွေးရင်း ကျုပ်မှာပါလာတဲ့ စာအုပ်လေးတစ်အုပ်ကို လွယ်အိတ်ထဲက ထုတ်ဖတ်လိုက်တယ်။
ဗုဒ္ဓေါ၊ ကျုပ် ဣနြေ္ဒမပျက်သာထုတ်လိုက်ရပေမယ့် လိပ်ပြာက မလုံလှဘူး။ ဒါ မူးအောင်ဝယ်ပြီး လက်ဆောင်ပေးခဲ့ဖူးတဲ့ စာအုပ်ပဲ၊ ပြဿနာ။ ဒီကောင် =ကျုပ်ကိုများ စာအုပ်ကြည့်နေသလိုပုံနဲ့ အကဲခတ် နေမလား။ အို . . .ဘာပဲဖြစ်ဖြစ် သူကအဖက်မလုပ်ချင်မှတော့ ကိုယ် က ဘာလို့အောက်ကျို့နေရမှာလဲ။ ကျုပ် စာအုပ်ထဲမှာ စိတ်မရောက်တော့ ဘူး။ အတွင်းဘက်ကို ခပ်ရို့ရို့ထိုင်ရင်း စာအုပ်ကိုသာ စိုက်ကြည့်နေလိုက် တယ်။ စာအုပ်ထဲက စာလုံးတွေဟာ ဟိုတုန်းကသူရယ်၊ ကျွန်တော်ရယ် ကြိုက်လှပါရဲ့ဆိုပြီး ပြောခဲ့ဆိုခဲ့ မှတ်ခဲ့ကြတဲ့စာတွေ။ ကျုပ်မသိမသာနဲ့ သူဖတ်နေတဲ့စာအုပ်ကို မျက်လုံးနဲ့လှမ်းကစားကြည့်လိုက်တယ်။ ကြည့်စမ်း၊ ဒီကောင် အပေါစားစာတွေ၊ ဖတ်နေတာ။ ဟိုတုန်းက အပျော်တမ်း၊ အဆိပ်အတောက်တွေလို့ဆိုပြီး နှစ်ယောက်သား ကိုင်မကြည့်ဖူးတဲ့စာတွေ ဒီကောင်ဖတ်နေတာပါလား။ အရင်ကဆိုရင် ဒီကောင် ဒီလိုစာတွေ ဖတ်နေတာတွေ့လို့ကတော့ နာပြီသာမှတ်။ ကျုပ်က ဒီကောင် ဒီလိုစာတွေ ဖတ်နေတာတွေ့လို့ကတော့ လူရှေ့သူရှေ့ရောက်ရင် ရှက်အောင်စçတယ်။ ပျစ်ပျစ်နှစ်နှစ် ဝေဖန်လိုက်တာပဲ။
ရထားဟာ အရှိန်ပြင်းပြင်းနဲ့ ပြေးလွှားနေတယ်။ မူးအောင်ဟာ ပြတင်းပေါက်ကို အသာချပိတ်လိုက်တယ်။ ပြီးတော့ ခပ်အုပ်အုပ်အလင်း ရောင်ကြားမှာ စာကိုပဲ ဆက်ဖတ်နေလိုက်တယ်။ အပြင်လေမ၀င်တော့ ရထားဟာ ပိုပူလာသလိုပဲ။ ကျုပ် ဒီကောင်ကို စပြီးနှုတ်ဆက်ရကောင်း မလား။
”ဟကောင် ငါ့ကိုတောင် မမြင်ဘူးလား”လို့။
ဒါပေမယ့် ကျုပ်ပါးစပ်ဟာ ‘အာစေး’ ထည့်ထားသလို ပြော မထွက်ဘူး။ နာရီဝက်ကျော်ကျော်ကြာမှ ရိပ်မိတယ်ဆိုတာ ဘယ်လိုမှ ယုတ္တိမရှိဘူးလို့ ကျုပ်စဉ်းစားမိပြန်တယ်။
ကျုပ်စိတ်တွေဟာ လွန်ခဲ့တဲ့သုံးနှစ်လောက်ကို ပြန်ရောက်သွား မိတယ်။ ကျုပ်ဟာ ကျုပ်မိတ်ဆွေတစ်ယောက်တည်းနေတဲ့ ဘုန်းကြီး ကျောင်းထဲမှာ မိတ်ဆွေဖြစ်သူနဲ့ စကားကောင်းနေတုန်း လူတစ်ယောက် က ကျုပ်ကိုနှုတ်ဆက်တယ်။
”ဟာ . . .မူးအောင် ဘယ်တုန်းကရောက်လဲ”
မူးအောင်ဟာ မဖြေသေးဘဲ ပြုံးပြုံးကြီးလုပ်နေတယ်။ ဒီကောင့် အသားအရေတွေကလည်းမဲလို့။ အစိမ်းပုတ်ရောင် ကုတ်အင်္ကျီကြီးက ဖားဖားယားယားနဲ့ ဆံပင်ကလည်း ဖိုသီဖတ်သီဆိုတော့ ပုပု၀၀သူ့ခန္ဓာ ကိုယ်က ပိန်နေသလိုပဲ။
”ခုရောက်တာကွာ” တဲ့။
မူးအောင်ကိုကြည့်ရတာ တစ်ခုခု အဆင်မပြေဖြစ်လာခဲ့ သလိုပဲ။ ဒါနဲ့ ကျုပ်လည်းသူနဲ့ အိမ်ကိုပြန်လာခဲ့တယ်။ ဒီတုန်းကတော့ မူးအောင်ဟာ မိဘတွေနဲ့ စိတ်ကတောက်ကဆဖြစ်ပြီး သုံးနှစ်လောက် မပြန်ဘဲနေဖို့ ရောက်လာတာဆိုတာ ကျုပ်ဘယ်သိပါ့မလဲ။
အဲဒီနေ့ကစပြီး ကျုပ်အိမ်မှာ မူးအောင်တည်းတယ်။ ကျုပ်အိမ် မှာက ကျုပ်မိဘနှစ်ပါးနဲ့ ကျုပ်ရယ်ပဲရှိတာပါ။ ဒါပေမယ့် အိမ်ကတော့ အလွန်ကျဉ်းကျပ်လှတဲ့ ဆယ်ပေပတ်လည် နံရံကပ်အိမ်လေးပါပဲ။
မူးအောင်နဲ့ကျုပ်က ငယ်စဉ်ကတည်းက တစ်ရွာထဲအတူနေ၊ တစ်ချိန်တည်း အရွယ်ရောက်ပြီး ငယ်ကတည်းက တွဲခဲ့ကြတာပါ။ အခြေအနေအရ ငါးနှစ်လောက် လူချင်းကွဲသွားကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အလွန်ချစ်ခင်ကြတယ်ဆိုတာ အလွန်သေချာခဲ့တာပါ။ ကျုပ်နဲ့မူးအောင်ဟာ စားအတူ၊ သွားအတူ၊ ဆိုးတူကောင်းဖက် နေခဲ့ ကြတယ်။ မူးအောင်ကြောင့် ကျုပ်အပေါင်းအသင်း ၀င်ဆန့်ခဲ့၊ ဘီယာ လေး၊ အရက်လေး သောက်တတ်လာခဲ့သလို ကျုပ်ကြောင့် မူးအောင်ဟာ စာပေသမားတွေနဲ့ ရင်းနှီးလာခဲ့တယ်။
ဒီလိုနဲ့ တစ်နှစ်လောက်ကြာလာခဲ့တယ်။ ဒါပေမယ့် မူးအောင်ဟာ ကျုပ်ထက် အပေါင်းအသင်းဆိုတာကို ပိုခင်တွယ်တဲ့သူ။ မိဘနဲ့ အပေါင်း အသင်းမှာ အပေါင်းအသင်းဘက် လိုက်ခဲ့တဲ့သူလို့တောင် ကြွေးကျော် တတ်တဲ့သူပါ။ ကျုပ်ဟာ မူးအောင်ရဲ့ အပေါင်းအသင်းတွေနဲ့တော့ သိပ်ခွင်တည့်လှတဲ့သူ မဟုတ်ပါဘူး။ မူးအောင် အလည်လွန်တာ၊ စီး ကရက်တွေ အလွန်အကျွံသောက်လာတာ၊ ကိုယ့်အပေါ်ဘယ်လိုမှ စိတ်ဝင် စားမှုမရှိတဲ့၊ တန်ဖိုးထားဖို့မကောင်းလှတဲ့ မိန်းမတစ်ယောက်အတွက် အရူးအမူး ကြေကွဲပြတာတွေနဲ့ပတ်သက်ပြီး ကျုပ်နဲ့သဘောကွဲစပြုလာ တယ်။ ပြီးတော့ ကျုပ်ရဲ့အနုပညာကို အကြောင်းပြပြီး တစ်ကိုယ်တည်းနေ တတ်တာတွေ၊ အတ္တကြီးတတ်တာတွေကို သူငြိုငြင်စပြုလာခဲ့တယ်။
ခြောက်လ၊ ခုနစ်လလောက်ကြာတော့ မူးအောင်ဟာ ကျုပ်အိမ် မှာ မနေပျော်တော့ဘူး။ ဒီလိုနဲ့ သူ့မိဘကလှမ်းပို့တဲ့ငွေနဲ့ ၀ယ်ထားတဲ့ စာအုပ်တချို့နဲ့ သူနဲ့အတူ အ၀တ်အစားဝယ်စဉ်က ကျုပ်ဖို့ သူဝယ်ပေးခဲ့တဲ့ အ၀တ်အစားတစ်စုံကို ကျုပ်အိမ်မှာထားခဲ့ပြီး တခြားသူငယ်ချင်း တစ် ယောက်ရဲ့အိမ်ကို တစ်စတစ်စ ပြောင်းရွေ့သွားပါတော့တယ်။ ကျုပ် စိတ်မကောင်းဘူး။ ကျုပ်ရဲ့ အတွင်းစိတ်၊ အပြင်စိတ်၊ ဒုက္ခသုခတွေ အားလုံး ခရေစေ့တွင်းကျသိသွားတဲ့အချိန်မှာမှ ကျုပ်ကိုခွာသွား တာဆိုတော့ ကျုပ်ကို စော်ကားတယ်ဆိုပြီး ဒေါသဖြစ်မိသေးတယ်။
ဒါပေမယ့် မူးအောင်ဟာ အိမ်ကို တစ်ပတ်တစ်ခါလောက် လာလည်တတ်တယ်။ ပြီးတော့ တီဗွီ၊ ကက်ဆက် ကျွမ်းကျင်တဲ့ အော်ဒီယိုဆရာတစ်ယောက်ဆီမှာ တပည့်ခံနေတယ်လို့တော့ပြောတယ်။
ဒါပေမယ့် ကျုပ်ကို အလေးအနက် မထားတော့ဘူး။ ကျုပ် အခံရခက်တဲ့အထိ သူ့အနေအထိုင်တွေ ပြောင်းလာတယ်။ ဒါပေမယ့် ကျုပ် သူ့အပေါ် သံယောဇဉ်မပြတ်ခဲ့ဘူး။ တွေ့လည်း စီးကရက်မသောက် ဖို့၊ အရက်ကို အပျော်သောက်ဆိုပေမယ့် ရက်ဆက်မသောက်ဖို့ အမြဲပြော တယ်။ ကျုပ်က တစ်ခါတစ်ရံ ဖဲကစားတတ်တော့ သူက ကျုပ်ကို ဖဲသမားလို့ တွေ့တိုင်း လူပုံအလယ်မှာ အခံရခက်အောင်စတတ်တယ်။
ကျုပ်က သူ့ကို အပေါင်းအသင်း သိပ်မက်ပြီး ဘ၀ကိုအလေ အလွင့်မခံဖို့ပြောတုန်းက သူကျုပ်ကို ပြောတဲ့စကားတစ်ခွန်း မှတ်မိသေး တယ်။
”လူဆိုတာ ကိုယ်ယုံကြည်ရာမှာ ကိုယ်နေပျော်တာ သဘာဝပဲ။ ဘ၀ဆိုတာ မင်းနားမလည်သေးပါဘူးကွာ။ မင်းမိဘက ကျွေးမွေးနေတော့ ဘ၀ဆိုတာ မင်းဘယ်နားလည်းပါ့မလဲ။ ဘ၀ဆိုတာ ကိုယ့်ဘာသာရုန်း ကန်မှ” တဲ့။
သူက ကျုပ်စာလေးဘာလေးရေးတာကို အလုပ်လို့ ဘယ်တုန်း ကမှမပြောခဲ့ဘူး။ သူ့ပါးစပ်ကလည်း ပိုက်ဆံရမှအလုပ်လို့ အမြဲပြောခဲ့ တယ်။ ကျုပ်ခံပြင်းလိုက်တာဗျာ။ ဒီအယူအဆနဲ့ပဲ သူနဲ့ကျုပ် ကတောက် ကဆဖြစ်ခဲ့ရတာ အကြိမ်ကြိမ်။
ဒီလိုနဲ့ တဖြည်းဖြည်းဝေးလာကြရင်း တစ်နေ့တော့ သူနဲ့ကျုပ် ရဲ့ နောက်ဆုံးဆုံမှတ်ကို ရောက်လာခဲ့တယ်။ ဒါကတော့ သူသင်နေတဲ့ အော်ဒီယိုဆရာဆီကို ကျုပ်ရဲ့ ရေပြင်ညီမျဉ်းတွေထပြီး ခုန်နေတဲ့တီဗွီကို အပြင်ခိုင်းတာပဲ။ သူဟာ ကျုပ်အိမ်ကိုလည်း အားနာ၊ သူ့ဆရာကိုလည်း အားနာနဲ့ ကြားထဲမှာ ဆယ့်ငါးရက်လောက် ကြာသွားတယ်။ ကျုပ်အိမ် ကလည်း အိုရှင်းလည်းလွတ်၊ ၀ူခုန်းလည်းလွတ်ဆိုတော့ ပူညံပူညံ လုပ်လာပြီ။ ကျုပ်ကိုယ်တိုင်ကလည်း ကြာတော့သည်းမခံနိုင်တာနဲ့ နောက် ဆုံးရက်မှာ သူ့ဆီသွားပြီး တစ်ညလုံးထိုင်စောင့်ပစ်လိုက်တယ်။ သူလည်း ဟိုပြေးရ၊ ဒီပြေးရနဲ့ လုပ်ပေးရှာပါရဲ့။ အဲဒီနေ့က တီဗွီရတော့ ညဆယ့် တစ်နာရီခွဲနေပြီ။ သူလည်း ကျုပ်အိမ်ထိလိုက်လာပြီး ပြန်တော့ ကျုပ်စက် ဘီးကိုစီးသွားတယ်။
နောက်ရက်မနက်မှာ ကျုပ် သူ့အပေါ်နှိပ်စက်သလို ခိုင်းမိတဲ့ အတွက် အားလည်းနာ၊ ကျေးဇူးလည်းတင်မိတယ်။ စက်ဘီးလာပိုတဲ့ အချိန်မှာ လေပြေထိုးဖို့အမျော်၊ ဒီကောင်ပေါ်မလာဘူး။ ညနေပိုင်း ရောက်မှပေါက်ချလာပြီး ဘာမပြောညာမပြောနဲ့ စက်ဘီးလာထားသွား တယ်။ ကျုပ် အထိုင်ခိုင်းတာတောင် မထိုင်တော့ဘူး။
သူပြန်သွားတော့ ကျုပ်ဒေါသဖြစ်လိုက်တာလေ။ ဒီလိုနဲ့ နောက် ရက်တစ်ရက်မှာ ကျုပ်တို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ တွေ့ကြတော့ သူက ကျုပ်ကိုခေါ်တယ်။ ကျုပ်လည်း ဒေါသစိတ်နဲ့ မင်းနဲ့စကား မ ပြောချင်တော့ဘူးကွာ”လို့ ခပ်တည်တည် ပြောပစ်လိုက်တယ်။
အဲဒီနေ့ကစပြီး ကျုပ် သူနဲ့စကားမပြောတော့ဘူး။ တမင်ရှောင် တာမဟုတ်ပေမယ့် သူရှိနေတတ်တဲ့ နေရာတွေကို ကျုပ်မသွားတော့ဘူး။ သူလည်း ကျုပ်ဆီမလာတော့ဘူး။ ဒါပေမယ့် သူနဲ့ကျုပ်ဟာ ဘာမှကြီးကြီး ကျယ်ကျယ်ကတောက်ကဆဖြစ်၊ ခွန်းကြီးခွန်းငယ်ဖြစ်ခဲ့ကြတာ မဟုတ် လေတော့ မလွဲသာလို့တွေ့ရင် မရိုင်းရအောင် ကျုပ်ကပဲစပြီး စကားပြော ပါတယ်။
ဒီလိုနဲ့ပဲ မူးအောင်နဲ့ကျုပ်ဟာ လည်ပင်းဖက်သူငယ်ချင်းဘ၀ ကနေ သူစိမ်းပြင်ပြင်တွေ ဖြစ်သွားခဲ့ကြတယ်။
အခုဆိုရင် တစ်နှစ်တောင်ကျော်လောက်ပြီ။ ပြောရရင် ကျုပ် သူနဲ့တွေ့ရင် မျက်နှာပူသလို ခံရလည်းခက်၊ နေရလည်းခက်တယ်။
အခုလို ပြန်တွေ့ကြပြန်တော့ ကျုပ်ကစပြီး စကားပြောဖို့ ခက်နေသလို သူကလည်း စဖို့ခက်နေပုံပါပဲ။ သူလည်း သူ့လမ်းသူ လျောက်သွားခဲ့ပြီဖြစ်သလို ကျုပ်လည်း ကျုပ်လမ်းပေါ်မှာ လျောက်နေ တာပါ။
ရထားဟာ တဂျုန်းဂျုန်းမြည်ရင်းက အရှိန်သတ်ပြီး ဖြည်းဖြည်း နဲ့ရပ်သွားတယ်။ ကျုပ်စာကိုပဲ ကုန်းဖတ်နေမိတယ်။ လောကကြီးမှာ ရှိနေတာကို မရှိသလိုနေရခြင်းနဲ့ သိနေတာကို မသိသလိုနေရခြင်း လောက် ပင်ပန်းဆင်းရဲတာမရှိဘူးလို့ ကျုပ်ထင်မိတယ်။
မူးအောင်ဟာ တဖြည်းဖြည်း ခုံဟိုဘက်အစွန်းကို ရောက်သွား သလို ကျုပ်လည်း ခုံဒီဘက်အစွန်းကိုကပ်နေပြီ။
လူ့ဘ၀မှာ ချစ်ခင်စိတ်နဲ့ ပေါင်းသင်းရတာလည်း ဆင်းရဲ၊ အတ္တစိတ်၊ မာနစိတ်နဲ့ ကွေကွင်းရတာလည်း ဆင်းရဲပါကလားလို့ ကျုပ်တွေးနေမိတယ်။ ပြီးတော့ ကျုပ်တစ်ကိုယ်ကောင်းဆန်ခဲ့တာတွေ၊ ကျုပ်တို့နှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးစရာခင်မင်မှုလေး အေးစက်ပြီး ယိုယွင်းလာတာကိုသိရက်နဲ့ ဖာထေးမိဖို့ မကြိုးစားခဲ့တာတွေကို နောင်တ ရနေမိတယ်။
မာန၊ အာဃာတတွေမရှိမှ လောကဟာ သာယာတာပါကလား လို့လည်း ကျုပ်တွေးနေမိတယ်။
နောက်တစ်ဘူတာမှာတော့ ကျုပ်ရှေ့က အရိပ်တစ်ခု မသိမသာ ဖြတ်သွားပါတယ်။ တကယ့်ကို မသိမသာပါ။ နာရီဝက်လောက်ကြာတော့ ကျုပ် မူးအောင်ဘက်ကို လှည့်အကဲခတ် ကြည့်မိတယ်။
ကျုပ် ပြုံးလိုက်မိတယ်။ မဲ့ပြုံးလား၊ ယဲ့ပြုံးလား၊ သဲ့ပြုံးလား။ ကျုပ်မသိဘူး။ ဒါပေမယ့် ကျုပ်ရင်ထဲမှာ တစ်စုံတစ်ခုကို ကြေကြေကွဲကွဲ ခံစားနေရတယ်။ ပြီးတော့ ဟာသွားသလို၊ ပေါ့ပါးသွားသလိုလည်း ဖြစ်မိတယ်။
ရထားဟာ စက်သံမြန်ပြီး တဟုန်ထိုးပြေးလွှားနေပြီ။ မူးအောင် ရဲ့ လပ်သွားတဲ့ခုံနေရာလေးကို ကျုပ်ငေးကြည့်နေမိတယ်။ ဟောဒီခုံမှာ ထိုင်သွားတဲ့သူဟာ ကျုပ်နဲ့သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်ခဲ့ဖူးတယ် ဆိုတာ မယုံနိုင်စရာပဲ။
ကျုပ်လည်ပင်းကိုစောင်းပြီး ချိုးလိုက်တယ်။ မူးအောင်တော့ ဘယ်လို ခံစားနေခဲ့မလဲမသိဘူး။ ကျုပ်တော့ ဘယ်ဘက်တစ်ခြမ်းစောင်းပြီး ဇက်ကြောတွေ နာနေတော့တယ်ဗျာ။ ။
နေထွတ်
————————————-
ရုပ်သံမဂ္ဂဇင်း။ နိုဝင်ဘာလ၊ ၁၉၉၆။
————————————–
July 7, 2009 at 8:24 am
အရင်တစ်ခေါက်က မဖတ်ရသေးတာတွေကို ထပ်လာဖတ်တာပါ…အစ်ကို စာဆက် မရေးတော့ဘူးလား…ရေးဖို့ တိုက်တွန်းပါတယ်…