အိပ်မက်ပုံဆောင်ခဲ
September 10, 2008
ဒီလမ်းက မြို့ထဲကနေတိုးထွက်လာခါစကတော့ လမ်းမကြီး တစ်ခုပါပဲ။ ဗာဒံပင်တွေ ပိတောက်ပင်တွေရဲ့ အရိပ်တွေဖြတ်လာရင်း အစိမ်းရောင်နုနု တစ်ချို့တစ်ဝက်ဖုံးထားတဲ့ လယ်ကွင်းတွေရဲ့ကြား ရောက်တော့ ထရပ်ကားနှစ်စီးသာရှောင်နိုင်တဲ့ သာမန်လမ်းတစ်ခုဖြစ် သွားတော့တယ်။ သေးသွယ်လာတဲ့ လမ်းနဲ့အပြိုင်မြို့တွင်းမှာ ရှုပ်ထွေးနေ တတ်တဲ့လူတွေဟာ တစ်စတစ်စ ကျဲသွားတယ်။ ခုနစ်ထပ်ရှစ်ထပ် တိုက်တာကြီးတွေကနေ တဖြည်းဖြည်းအရပ်နိမ့်ကျသွားတဲ့ တစ်ထပ် တိုက်ပုပုလေးတွေ ပျဉ်ထောင်သွပ်မိုးတွေနဲ့အတူ ရောင်စုံပလတ်စတစ် ဆိုင်းဘုတ်တွေလည်း မရှိသလောက် နည်းသွားတယ်။
ညနေစောင်းလို့ အနောက်ဘက်ဆီက မိုးရိပ်ဆင်လာကတည်း က လမ်းမတန်းလို့ ဒီမြို့စွန်က လူတွေခေါ်တဲ့လမ်းဟာ လူရိပ်တွေပြေလာ တယ်။ စက်ဘီးစီးလူတွေလည်း အလျင်အမြန်ဖြတ်သန်းသွားနေကြတယ်။ မြို့ထဲကနေ တစ်ဖြည်းဖြည်း မြန်လာခဲ့တဲ့ မော်တော်ကားတွေဟာ ဒီဘက်ပိုင်းမှာ အရှိန်ပြင်းပြင်း ဖြတ်မောင်းသွားကြတယ်။ မကြာလိုက် ပါဘူး။ ဒီလမ်းမပေါ် သစ်ရွက်ကြွေတွေ ရှပ်တိုက်သွားကြတယ်။ ဖုန်မှုန့်တွေ လှိုင်းထဝှေ့ဝဲသွားကြတယ်။ အိမ်တွေရဲ့ ပြတင်းပေါက်တွေ အားလုံးစေ့ ထားကြတာကို မြင်နေရတယ်။ လင်းလက်စလမ်းမီးတွေလည်း ဖျပ်ခနဲ့ ပြတ်တောက်သွားတယ်။ လမ်းမီးပြတ်သွားတာနဲ့အပြိုင် မီးကင်းမျော်စင် ဆီက မီးငြိမ်းကြဖို့ သတိပေးနေသံကို ကြားရတယ်။ မကြာပါဘူး။ မိုးသက်လေပြင်းတွေ ကျလာတယ်။ သစ်ကိုင်းခြောက်တွေ ကျိုးကျတယ်။ လျပ်စီးတစ်ဝင်းဝင်း လက်လိုက်ပြီးတိုင်း တိမ်တိုက်မဲမဲတွေဟာ ဂျိုးဂျိုး ဂျိမ့်ဂျိမ့်မြည်ဟီးပြီး မိုးစက်တွေ တစ်ဝေါဝေါ သွန်ချနေပါတော့တယ်။ ပူလောင်တဲ့နေ့ခင်းနဲ့ အိုက်စပ်စပ်ညခင်းကို ဆက်သွယ်ပေးတတ်တဲ့ ဆည်းဆာအချိန်လေးကတော့ မိုးဦးညမှာ လွင့်စင်ပါသွားပြီ။ ဒါ မိုးဦးပါပဲ။
လမ်းမဘက်ကို မျက်နှာပေးပြီးဖွင့်ထားတဲ့ စားသောက်ဆိုင်က ဘက်ထရီမီးမှိန်မှိန်ဟာ မှောင်အတိဖြစ်နေတဲ့ လမ်းဘက်ကိုပြေးကျ နေတယ်။ လမ်းမပလက်ဖောင်းပေါ်မှာချထားတဲ့ ခွေးခြေခုံတစ်ချို့နဲ့ စားပွဲရှည်လေးနှစ်လုံးကို မိုးစက်တွေ တစ်ဖျောက်ဖျောက်ရိုက်နေရဲ့။ မိုးစက်တစ်ခါတစ်ခါ လာမှန်နေတဲ့ မျက်နှာစာကမှန်ဗီဒိုလေးကို အပြာ ရောင်ခပ်လွင်လွင် မိုးကာလေးနဲ့ ဖုံးထားလိုက်တယ်။ ဆိုင်ဘက်ကိုပြေးပြေး ၀င်လာတဲ့ မိုးစက်ကြောင့်မို့ အကူကောင်မလေးကို ဆေးပြယ်ချင်နေတဲ့ ဆိုင်းဘုတ်ကိုဖြုတ်ပြီး ဆိုင်အတွင်းထဲရွေ့ခိုင်းထားလိုက်တယ်။
ဆိုင်ထဲက ကောင်တာစားပွဲမှာ သူမတစ်ယောက်ထဲ ငိုင်နေ ရင်းက ဒီနေ့အဖို့ ဆိုင်ပိတ်ရပြီလို့ တွေးနေမိတယ်။ မီးရောင်ပြာပြာ လေးပြေးနေတဲ့ လမ်းမပေါ်ကို ဇောင်းပေးထိုးကျနေတဲ့ မိုးစက်ဖွေးဖွေး တွေကို အဓိပ္ပာယ်မရှိ ငေးနေလိုက်တယ်။ အဲဒီအချိန်မှာ ထစ်ကနဲ လျပ်ပြက်သံနဲ့အတူ လမ်းတစ်ဘက် ပလက်ဖောင်းကနေ လွယ်အိတ် တစ်လုံးနဲ့ လူတစ်ယောက် ခပ်ကုပ်ကုပ်လေးပြေးဝင်လာတာကို သူမ မြင်လိုက်ရတယ်။ လျပ်စီးအလက်မို့ ငုံ့ထားတဲ့မျက်နှာကို မသဲကွဲပေမယ့် ဆံပင်တွေကတော့ ပိုသီပတ်သီပါပဲ။ သူမ စဉ်းစားနေရင်း နားနှစ်ဖက်ကို ပိတ်ထားမိတယ်။ မိုးရေစိုရွဲနေတဲ့ အ၀တ်အစားတွေကြားထဲက ခပ်မြင့်မြင့် အရပ်အမောင်းနဲ့ ကျစ်လစ်ခိုင်မာတဲ့ အသားစိုင်တွေကို မီးရောင်အောက် အရောက်မှာ အထင်းသား မြင်နေရတယ်။ မီးရောင်ရှိတဲ့ ဆိုင်ဝဘက်ကို ပြေးဝင်ရပ်လိုက်တာနဲ့ မိုးချုန်းသံက ပိတ်ထားတဲ့နားနှစ်ဖက်ကို ကျယ် ကျယ်လောင်လောင် ရိုက်ခတ်လာတယ်။ လူလတ်ပိုင်းအရွယ်လို့ မှန်းလို့ ရတဲ့ လူစိမ်းကိုမြင်တာနဲ့ ခဏတော့ သူမလန့်သွားတယ်။ ဒါပေမယ့် အားတင်းပြီး ငြိမ်သက်နေတဲ့ အိမ်အတွင်းဘက်ကို တစ်ချက်ကြည့်ရင်း မတ်တတ်ရပ်လိုက်တယ်။ အတော်ပါပဲ။ ဆိုင်နောက်ဖေးမှာ ထိုင်းမှေးနေ တဲ့ အကူကောင်မလေးရှေ့က ရောက်လာပြီး လူစိမ်းကိုလာတွေ့တယ်။
”မုန့်ဟင်းခါး ပူပူလေးရနိုင်မလားဗျာ”
နိုင်ငံခြား အရက်ပုလင်းတွေ စီတင်ထားတဲ့ သစ်သားဗီဒိုတန်း ဘက်ကိုဝှေ့ကြည့်ရင်း သူကမေးတယ်။
”မရဘူးရှင့်။ အသုပ်စုံတော့ ရတယ်။ ဘီယာရမယ်”
အကူကောင်မလေးက ခပ်လေးလေးဆီးဖြေတယ်။ သူမက တော့ မိုးရေစိုလို့ ရှုပ်ပွေနေတဲ့ ဆံပင်ပိုသီပတ်သီဖြစ်နေတဲ့ ၀တ်စား ဆင်ယင်မှုနဲ့ ရေñှစ်ရမလောက်စိုနေတဲ့ လွယ်အိတ်အညိုလေးကို ငေးကြည့်နေမိတယ်။ လူပုံကလည်း အတော်ချမ်းနေပုံပါပဲ။
”အေးဗျာ ရတာပဲပေးဗျာ။ အစုံသုပ်ဖြစ်ဖြစ် ဘီယာတော့ မလိုပါဘူး။ ရေနွေးပူပူလေးတော့ ဖြစ်နိုင်ရင် ရချင်တယ်”
သူမလူစိမ်းကို ကရုဏာသက်မိပြီး တစ်လုံးတည်းသော ဓာတ်ဗူး အနီလေးကို မကြည့်လိုက်တယ်။ ကံမကောင်းစွာပါပဲ။ ရေနွေးက တစ် စက်မှမရှိတော့ဘူး။ တစ်စတစ်စ ခိုက်ခိုက်တုန်လာတဲ့ သူ့ကိုကြည့်ပြီး ကောင်မလေးကို နောက်ဖေးမီးဖိုမှာမီးမွေးပြီး ရေနွေးတည်ဖို့မှာလိုက် တယ်။ ကောင်မလေးကတော့ အိမ်မှုန်စုန်မွှားနဲ့ မှောင်နေတဲ့နောက်ဖေး ထဲကို ဓာတ်ဗူးလေးကိုင်ပြီး ခပ်သွက်သွက်လေး ထွက်သွာတယ်။
သူမက ခရမ်းချဉ်သီးနှစ်လုံးနဲ့ ငရုပ်သီးစိမ်းသုံးတောင့်လောက် ကို ရေခွက်ထဲမှာ စိမ်လိုက်တယ်။ ဒညင်းသီး ဆားရေစိမ်နှစ်လုံးကို ခပ်စိပ်စိပ်လေးလှီးလိုက်ပြီး အကြီးဆုံးလို့ထင်ရတဲ့ ကြွေပန်းကန်ပြားပေါ် ထည့်နေတယ်။
”မိုးကလည်းဗျာ ဒီနေ့မှာ သည်းသည်းနိုင်လွန်းတယ်”
လူစိမ်းက လမ်းမဘက်ကို လှမ်းငေးရင်း စကားစလာတယ်။ ဒီအသံမျိုးကို သူမကြားဖူးသလိုပါပဲ။ ဒါပေမယ့် လူမျိုးစုံနဲ့ ဆက်ဆံနေရတဲ့ သူမအတွက် မှတ်ဉာာဏ်က ချို့တဲ့ပါတယ်။ သူမ ဘာမှ ပြန်မပြောဘဲ သူမအလုပ်ကိုပဲ ဆက်လုပ်နေလိုက်တယ်။
”ဒီဘက်မှာ ကျွန်တော့်အသိတစ်ယောက်လာရှာတာ ပြောင်း သွားသလားမသိဘူး။ မိုးကလည်း မိုးဦးပေမယ့် သည်းလိုက်တာဗျာ။ မြို့စွန်ရောက်မှ မီးကပျက်နေသေး။ ငှက်တောင်ပြန်ပေါ်မှာ စိုးရတယ်။
လူစိမ်းကပြောရင် မျက်နှာပေါ်အုပ်ကျနေတဲ့ ဆံပင်ရှည်ရှည် တစ်ချို့ကို အပေါ်သပ်တင်လိုက်တယ်။ မေးရိုးကားသယောင့် ထင်ရတဲ့ ခပ်သွယ်သွယ် မျက်နှာပြင်က ပါးသိုင်းမွေးစိမ်းစိမ်းက မီးရောင်ထဲမှာ ခပ်ရေးရေးမြင်နေရတယ်။ သူ့မျက်နှာကို သူမ လှမ်းကြည့်မိရင်း ခံစားမှု တစ်ခုဝင်လာတယ်။ သနားတာလား၊ ကြောက်ရွံ့တာလားပြီးတော့ ရင်းနှီး သလိုသလို မသိမသာ စိတ်ကလေးပါပဲ။
”အဆက်အသွယ်ပြတ်သွားတာကြာပြီဗျ ရင်းရင်းနှီးနှီး ဖြစ် နေပြီးမှ ကွဲသွားကြတာဆယ်နှစ်လောက်ရှိပြီး အရင်ကတော့ ဒီဘက်မှာ လိုလို နေတယ်ပြောတာပဲ။ ရေတော့ မရေရာဘူး။ မိုးကရွာ၊ မီးကပျက် တော့ ဘယ်အိမ်မှမေးမရဘူးဖြစ်နေတာ ဗိုက်ဆာလိုက်တာလဲ လွန်ရော ဗျာ”
လူစိမ်းက မိုးရေစိုလို့ကပ်နေတဲ့ အင်္ကျီကိုရှပ်ပြီး ၀မ်းဗိုက်ကို လက်နဲ့ သပ်နေတယ်။ မျက်စိကလည်း သူမကို မကြည့်ဘဲ ”အကြွေး အားပေးခြင်းသည်းခံပါ” ဆိုတဲ့ စာတန်းလေးကို ၀န်းရံထားတဲ့ ရုပ်ရှင် သရုပ်ဆောင်တွေရဲ့ ပိုစတာတွေကို လိုက်ကြည့်နေတယ်။
ဘယ်သူ့မို့လဲလို့ မေးလိုက်ဖို့ စိတ်ကူးရှိလိုက်ပေမယ့် အရော မ၀င်ချင်တာရော မစပ်စုချင်တာထက် မေးမှဖြေသင့်တယ်ဆိုတဲ့ အတွေး ရောကြောင့် ခရမ်းချဉ်သီးကိုသာ အသာငုံ့လှီးနေလိုက်တယ်။ လူစိမ်းက လည်း သူ့အာရုံနဲ့သူပါပဲ။ သူမကို လှည့်တောင်မကြည့်ပါဘူး။ ဒါပေမယ့် ဘက်ထရီမီး မှိန်မှိန်သာရှိတဲ့ မိုးသည်းညကြီးမှာ လူစိမ်းတစ်ယောက် နဲ့ အတူတူရှိနေတယ်ဆိုတဲ့အသိက သူမကို မသိမသာလှန့်နေသေးတယ်။ တကယ်လို့သာ စော်ကားမော်ကားလုပ်လာရင် သူမကိုယ်ပေါ်က လက် ၀တ်လက်စားတွေကိုသာ လုယက်လာခဲ့ရင် သူမအသံကုန်အော်လိုက် မယ်။ ခရမ်းချဉ်သီးလှီးနေတဲ့ဓားနဲ့ ခုခံရမယ်။ ဒါပေမယ့် ဒီလူ ဒီလိုတော့ လုပ်မယ့်သူ မဟုတ်ဘူးလို့ တစ်ဆက်တည်း တွေးလိုက်မိပြန်တယ်။ လူပုံကလည်း ရိုးရိုးသားသားမို့လေ။
နှမ်းဆီကို ပိုပိုသာသာလောင်းထည့်လက်စသပ်ရင်း လက် သုတ်ပုဝါခေါက်အသစ်ကလေးနဲ့ လူစိမ်းရှိတဲ့ ၀ါးတစ်ပြန်သာသာ ဆိုင် စွန်စားပွဲဘက် သူမလျောက်လာတယ်။ ရေနွေးတော့ ခဏစောင့်ပါဦးလို့ ပြောဖို့လည်း စိတ်ကူးလာတယ်။ ဒါပမေယ့် မော့ကြည့်လိုက်တဲ့ သူ့ မျက်နှာကို အနီးကပ် သူမမြင်လိုက်ရတော့ ထိတ်ကနဲလန့်သွားတယ်။ ရင်တွေခုန်သွားတာ ဖိုသွားတာလား။ စိုးရိမ်ပူပန်မိတာလား မသိနိုင်တဲ့ ဝေဒနာတစ်ခုက ငယ်ထိပ်ကို ပြေးဆောင့်လိုက်သလိုပဲ။ သူမပြောဖို့ စဉ်းစားလာတဲ့ စကားတစ်ခွန်းကလည်း ဘယ်ပျောက်ကုန်လဲ မသိနိုင် တော့ပါဘူး။
”ဟာ ခင်ဗျား ”ငယ်” မဟုတ်လား”
သူမ အယောင်ယောင် အမှားမှားနဲ့ ခေါင်းညိတ်လိုက်မိတယ်။ သူ့မျက်လုံးတွေက အရည်တွေလဲ့လို့။
”ကိုယ် ငယ့်ကိုလိုက်ရှာနေတာ ငယ်ရှိမယ်ထင်တဲ့ မြို့တွေ အကုန်ရောက်တယ်။ ဘယ်လိုမှ ရှာမတွေ့ဘူး။ တွေ့ချင်တော့လည်း ကြံကြံဖန်ဖန်ပဲ”
သူ့အသံက ၀မ်းသာလွန်းလို့လား။ ပြောချင်တာ စွတ်ပြောလို့မို့ တုန်နေတာလား၊ သူမ မတွေးတတ်ပါဘူး။ အားပါးတရပြောနေတဲ့ သူ့ရုပ်သွင်က တစ်ဖြည်းဖြည်းငယ်သွားသလို တစ်စတစ်စ ပီပြင်လာပါ တယ်။ ရုတ်တရက်ဝေါကနဲ ဝှေ့ကျလာတဲ့ မိုးစက်တွေက စိုလက်စ သူ့ကျောပေါ်ကို လာကျနေတယ်။ အဖျားခတ်သွားလို့ သူမမျက်နှာနဲ့ ခေါင်းပေါ်ကိုလည်း မိုးစက်တစ်ချို့ လာမှန်တယ်။ သူမ မျက်ဝန်းက ကျလုနီးနီးမျက်ရည်စဟာ မိုးစက်နဲ့ပဲ ရောသွားတော့တယ်။
”အခု ကိုယ်အောင်မြင်နေပြီ ငယ်”
သူမရင်ထဲမှာ တစ်စုံတစ်ခုက လှိုက်တက်လာပြီး တစ်နေရာမှ တစ်ဆို့နေသလိုပဲ။ သူကတော့ သူမကို စိုက်ကြည့်နေတယ်။ အသုပ် ပန်းကန်လေးကို စိုနေတဲ့စားပွဲခုံပေါ်တင်လိုက်ရင်း သူမရော ယောင် ထိုင်လိုက်မိတယ်။ ပြီးမှ သူမစိတ်ကို သူမတင်းလိုက်ရင်း..
”ကျွန်မ အိမ်ထောင်ကျနေပြီ ကိုကျော်မင်းထွန်း”
သူမက လေးလေးနဲ့ မှန်မှန်ပြောလိုက်ရင်း ကောင်တာဘက်ကို မူးဝေနောက်ကျိစွာ ပြန်လာခဲ့တယ်။ ပြေးပက်လာတတ်တဲ့ မိုးစက်တွေ က သူမနောက်ပါလာလို့ ကျလာတဲ့ သူမမျက်ရည်တစ်စက်ကို သူဘယ် လိုမှ မမြင်လိုက်ပါဘူး။
သူ့ကို သူမ လှည့်မကြည့်ရဲတော့ပါဘူး။ ကောင်တာမှာ ခေါင်းငုံ့ ထားရင်း သူ့ဆီကစကားသံကို နားစွင့်နေလိုက်မိတယ်။ ဒါပေမယ့် သူ့ဆီက ဘာစကားမှ ထွက်မလာတော့ပါဘူး။ သူအံ့အားတသင့် ကြေကွဲနေမလား။ အသုပ်ပန်းကန်နဲ့ စားပွဲခုံကို လက်သီးနဲ့ထိုးတော့ မလား။ သူမ စိတ်ကူးကြည့်နေတယ်။ ဒါပေမယ့် သူ့ဆီက ဘာလှုပ် ရှားသံမှ မကြားရပါဘူး။
”အစ်မရေ ရေနွေးတော့ဆူနေပြီ ခဏနေခပ်လိုက်မယ်”
အကူကောင်မလေးက မီးရောင်အောက်ဝင်လာရင်း ပြော လိုက်တယ်။ သူမကတော့ ဘာမှပြန်မပြောဖြစ်ပဲ အိနြေ္ဒမပျက် ငြိမ်နေ မိတယ်။
”ကလေးမ ဒီဘက်က အစိမ်းဗူးတစ်ဗူးချပေးပါ။ ဈေးဘယ် လောက်လဲ”
ပြောလိုက်တဲ့ သူ့အသံက ပကတိတည်ငြိမ်နေတာကို သူမတွေ့ လိုက်ရတယ်။
”ခြောက်ဆယ့်ငါးကျပ်ပါ”
ကောင်မလေးက ဘီယာအစိမ်းဗူးလေးကိုယူပြီး ချပေးလိုက် တယ်။ ပြီးတော့ နောက်ဖေးပြန်ဝင်သွားပြန်တယ်။ သူကတော့ ကောင် တာဘက်ကို ခပ်ယိုင်ယိုင်ရောက်လာပြီး လေသံမှန်မှန်ပဲ
”ဒီမှာ ကျသင့်ငွေပါ။ တစ်သက်လုံးအတွက် ကိုယ်နှုတ်ဆက် ပါတယ်”
သူမကောင်တာစားပွဲပေါ် ချပေးသွားတဲ့ အစိမ်းရောင်မှုန်ဝါး ၀ါး ကိုးဆယ်တန်ရွက်လေးကို ကြည့်ရင်းခေါင်းခါလိုက်တယ်။ အရက် သေစာကင်းရှင်းခဲ့တဲ့သူ့အား ဒီဗူးစိမ်းနဲ့ပင် မိုးရေထဲလဲကျမှာစိုးလို့လား၊ ရင်းနှီးခဲ့ဖူးသူမို့ မယူအပ်လို့ယူဆလို့လား ဝေခွဲမရတဲ့ သူမရဲ့ခေါင်းခါခြင်း ကို သူ မကြည့်မမြင်တော့ပါဘူး။ လျပ်စီးတစ်ဖျပ်ဖျပ်လက်နေတဲ့ မိုးသည်း ညထဲကို ဇွတ်တိုးပြီး ထွက်သွားပါတော့တယ်။ ဘာမှ မပြောနိုင်ဘဲ သူမကြောင်နေမိတယ်။ အံ့သြခြင်း၊ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းတွေက သူမလည်ချောင်းကို ပိတ်ထားလိုက်တယ်ထင်ပါရဲ့။ ငွေစက္ကူလေးကတော့ လေအရှိန်နဲ့ သူမဆီ ရွေ့ရွေ့လာနေတယ်။
သူနင်းလျောက်လာတဲ့ အုတ်ခဲသမံတလင်းနေရာတွေမှာ ရေစို ဖိနပ်ခြေရာတွေနဲ့ ရွံ့စက်တွေ ပေကျံနေရစ်ခဲ့တယ်။ စွန့်ပစ်ထားခံရတဲ့ ထီးထီးကျန်နေတဲ့ အသုပ်ပန်းကန်လေးထဲကို မိုးမွှားလေးတွေက ပက် ၀င်နေတုန်းပါပဲ။
ခဏအတွင်းမှာပဲ သူမမျက်ရည်တွေလည်း ခြောက်သွားတယ်။ ဒီလိုဝါကျတို စကားလေးတစ်ခွန်းလောက်နဲ့ နှစ်နှစ်ကာကာ ချစ်ရသူ ကို စွန့်လွှတ်နိုင်လိမ့်မယ်၊ စွန့်လွှတ်ရဲလိမ့်မယ်လို့ ဘယ်တုန်းကမှ သူမ မတွေးခဲ့၊ မတွေးရဲခဲ့ပါဘူး။ မျော်လင့်ခြင်းတွေကုန်ဆုံးသွားတဲ့ အချိန်မှာမှ ရရှိလာခဲ့တဲ့ သူမအလွန်တောင့်တခဲ့တဲ့ အခွင့်အရေးက သူမနဲ့ လုံးဝ မပတ်သက်နိုင်တော့ပြီပဲ။
”အစ်မ ဟိုလူကြီးပြန်သွားပလား”
သူမ အတွေးကြားက ကောင်မလေးကို ကြည့်လိုက်မိတယ်။
”သြော် အေးဟဲ့ အစ်မလည်း မှေးကနဲအိပ်ပျော်သွားလိုက်တာ ဒီမှာ ကိုးဆယ်တန်တစ်ရွက်တော့ လာပေးသွားတယ်ထင်တယ်”
အပြင်ဘက်မှာ မိုးက တစ်စထက်တစ်စ ငြိမ်လာပါပြီ။ လျပ်စီး တစ်ချို့က မကြာမကြာပေါ်လာတတ်ပေမယ့် အသံကျယ်ကျယ် မမြည် တော့ဘဲ ပုံမှန်ငြိမ်သက်လာတယ်။ အဲဒီအချိန်မှာပဲ လမ်းမီးတိုင်တွေလည်း ဖျပ်ခနဲလင်းလာတယ် ”ဘယ်လိုလူလဲမသိဘူး။ ရေနွေးပူပူလေးဆိုလို့ ကျွန်မဖြင့် မီးမွှေးရ၊ အိုးတည်ရနဲ့ ဟင် ဘာမှလဲစားမသွားဘူး”ကောင် မလေးမှာ ဗျစ်တောက်ဗျစ်တောက် တစ်ယောက်တည်းပြောနေရင်းက အံ့အားသင့်သွာတးယ်။ အဲဒီမှာပဲ အိမ်ခန်းဘက်ဆီက မီးလင်းလာပြီး လူတစ်ယောက် အိပ်မှုန်စုံမွှား ထွက်လာတယ်။
”အိမ်မီးပါ ပြန်လာပဟေ့။ ကိုယ့်သမီးလေးတော့ အိပ်သွားပြီ”
ထိုလူက သူမအနားပြောရင်းရောက်လာတယ်။
”မိုးက သိပ်ရွာနေတာပဲ မင်းလည်း သိမ်းတော့ပါလားကွာ”
သူမက ကောင်မလေးလက်ထဲက အသုပ်ပန်းကန်ကို လှမ်းယူ လိုက်ပြီး သူမခင်ပွန်းကို ပေးလိုက်တယ်။
”သိမ်းတော့မလို့ပါပဲ။ ဒီမယ် ဒါလေးစားလိုက်ဦး ဆီတွေ အများကြီးလောင်းထားတာ . . .”
သူမခဏရပ်ပြီးမှ
”စောစောကလေ မငယ်မှေးကနဲအိပ်ပျော်သွားတာ အိမ်မက် မက်တယ်အစ်ကိုရဲ့ မောင်လေ ကျွန်မဆီရောက်လာတယ်တဲ့”
ခင်ပွန်းသည်ကတော့ တစ်ချက် မျက်မှောက်ကြုတ်ပြီးတွေသွား ပေမယ့် အစားမပျက်ပါဘူး။ စိတ်မ၀င်စားသလိုခေါင်းငုံ့ပြီး ခရမ်းချဉ် သီးဖက်ကို ရွေးစားနေတယ်။ ဆိုင်အပြင် ပလက်ဖောင်းဘက်ကို သူမ ထွက်ကြည့်လိုက်မိတယ်။ မိုးက သိသိသာသာပါးသွားပြီး မှုန်မှုန်မွှားမွှား မိုးစက်လေးတွေသာ ကျနေတယ်။ ကားတစ်စီးစ၊ နှစ်စီးစဟာ အရှိန်ပြင်း ပြင်းနဲ့ လမ်းမပေါ်က ပြေးမောင်းသွားတယ်။ အရပ်ထဲက အိမ်တွေလည်း မိုးသည်းစဉ် တစ်နာရီကျော်ကျော်အတွင်းမှာပဲ အိပ်လက်စနဲ့ အိပ်ကုန် ကြပါပြီ။
စီစီရီရီရှိနေတဲ့ မီးတိုင်အလင်းရောင်တွေအောက်မှာ တစ်ဖြည်း ဖြည်းကျဉ်းမြောင်းသွားတဲ့ မြို့ထွက်လမ်းမအစွန်ဆုံးအထိ တစ်မျော် တစ်ခေါ် သူမလှမ်းကြည့်လိုက်တယ်။
ဆံပင်ရှုပ်ဖွဖွ၊ အရပ်ထောင်ထောင်မောင်းမောင်း၊ ရေစိုအ၀တ် အစားတွေနဲ့ လွယ်အိတ်တစ်လုံးလွယ်ထားတဲ့ လူစိမ်းတစ်ယောက်ရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရတော့ပါဘူး။
ဘာပဲဖြစ်ဖြစ် သူမရဲ့ ဆိုင်လေးအတွင်းမှာတော့ မသိမ်းဆည်း ရသေးတဲ့ ကိုးဆယ်တန်တစ်ရွက် ရေစိုဖိနပ်ခြေရာတွေနဲ့ ရွံ့စက်တွေ ကတော့ အထင်အရှားရှိနေပါသေးတယ်။ ။
နေထွတ်
—————————
ရွှေအမြူတေမဂ္ဂဇင်း။ အမှတ် ၅၇၊ ဇူလိုင်လ၊ ၁၉၉၄။
———————————-