အိမ်

September 10, 2008

”ဒုတ်”
ပထမဆုံး သူ့ခန္ဓာကိုယ်လေး တုန်ခါသွားသည်။ သူနား စွင့်ကြည့်မိ၏။ နောက် ဒုတိယ၊ တတိယ၊ သူလန့်ဖျတ်သွားသည်။ ဆက်တိုက်ထွက်ပေါ်လာသောအသံများက ဓားခုတ်သံ၊ မန်ကျည်းကိုင်းကို ဓားခုတ်နေသော အသံများနှင့်တုန်ခါမှုများ။ သူ အပြင်သို့ထွက်လိုက် သည်။ ဘုရား၊ ဘုရား။ သူ့သူငယ်ချင်းများနှင့် ဆွေမျိုးအားလုံး ဆောက်တည်ရာမဲ့ ပြေးလွှားနေကြသည်ကို သူတွေ့လိုက်ရသည်။
သွားပြီ။ အန္တရာယ်သည် ရုတ်တရက် သူတို့အပေါ်ရောက်ရှိ လာခဲ့ပြီ။ သူသည် အနီးရှိ အိမ်ခေါင်မိုးတစ်ခု၏ အစွန်းသို့ ခုန်ထွက်လိုက် သည်။ အိမ်ခေါင်နှစ်ခုကူးပြီးသည်နှင့် အမောတကော ပြန်လှည့်ကြည့်လိုက် သည်။ လူတစ်ယောက်မှာ မန်ကျည်းကိုင်းခွဆုံ၌ စိမ်ပြေနပြေထိုင်ကာ ခုတ်ထစ်နေ၏။ ညိုမောင်း၍ သန်မာလှသောထိုသူမှာ သူ၏ဘယ်လက် အားများကို ထုတ်မြှောက်ရင်း သူ့တစ်သက်ကျင်လည်လာခဲ့သော သစ်ခွဆုံ ကြီးအား တစ်စချင်းခုတ်ဖြတ်နေသည်။ ကြီးမားသော ကြိုးကြီးနှစ်ချောင်း ကလည်း ကြီးမားတုတ်ခိုင်လှသည့် မန်ကျည်းကိုင်းကြီးအား ထိန်းပတ် ချည်ထုပ်ထားသည်ကိုပါ သူတွေ့ရသည်။ အမေတို့ အဖေတို့ ဘယ်ရောက် နေပါလိမ့်။ ပြီးတော့ သူ့သူငယ်ချင်းများ။
သူ ရောက်နေရာအရပ်ကို သူပြန်သုံးသပ်မိ၏။ သူတို့ မန်ကျည်း ပင်ကြီး၏ အရှေ့ဘက် အတော်လှမ်းသော အိမ်ခေါင်မိုးတစ်ခုပေါ်သို့ ရောက်နေသည်။ သူ ဘယ်သွားရမလဲမသိ။ အိမ်ပြန်လို့တော့ မဖြစ်ပြီ။
”ဒေါက်”
ထိုစဉ် သူ့ဘေး ခေါင်အုပ်သားပြားကို ထိမှန်သွားသော ရွှံ့လုံး မာမာလေးကို သူမြင်လိုက်ရသည်။ တစ်ဆက်တည်းပင် ရပ်ကွက်လမ်း ကြားထဲမှ  သူ့ကိုကြည့်နေကြသော ကလေးသုံးယောက်ကို သူတွေ့လိုက် ၏။ သူတို့ထဲမှ အငယ်ဆုံးကောင်လေး၏လက်တွင် လေးခွတစ်ခုအား သူမြင်လိုက်ရသောအခါ သူသည် သစ်ပင်စိမ်းစိမ်းရှိရာ တောင်ဘက်သို့ အဆောတလျင် ခုန်ပြေးသွားလိုက်ရသည်။ သူ့ရင်မှာ ဖားဖိုလှိုက်နေပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။ သူ့ဗိုက်ကလည်း အမှန်ပင် ဆာလောင်နေပြီပဲ။ ဒီနေ့ သူအိပ်ရာထနောက်ကျပြီး မနက်စာလည်း ဘာတစ်ခုမှ မစားခဲ့ရသေးပေ။ ခါတိုင်းဆိုရင် မနက်အရုဏ်တက်သည်နှင့် အနည်းဆုံး မန်ကျည်းသီးတစ်တောင့် နှစ်တောင့်တော့ စားပြီးပြီ။ မပျင်းပါက မလှမ်းမကမ်းက ဗာဒံပင်မှ ဗာဒံသီးဆံကို ဇိမ်ကျကျ စားပြီးပြီ။
သူ့ အတွေးမဆုံးခင်မှာပင် လောက်စာလုံးတစ်လုံးက သူရပ်နေ သောခေါင်မိုးမှ သွပ်ပြားပေါ်သို့ကျကာ တဝေါဝေါမြည်၍ လိမ့်ဆင်း သွားပြန်၏။ သူ သစ်ပင်ပေါ်ခုန်ကူးလိုက်ရသည်။ အပင်မှာ တရုတ် တယ်ပင်ဖြစ်ပြီး အတန်အရိပ်အနေကောင်းသော်လည်း နေရန်မသင့် ကြောင်း သူရိပ်စားလိုက်မိသည်။ သစ်ခေါင်းမရှိ။ အသီးကလည်း မစားရ။ ပြီးတော့ လူသွားလမ်းဘေးဖြစ်နေသည်။ သူသည် တရုတ်တယ် ပင်ကိုင်းကိုကပ်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သူ့အောက်က လမ်းပေါ်မှာ စက်ဘီးတွေပြေးနေကြသည်။ အသားညိုမည်းနေသော ကလေးများ ပြေးလွှားနေကြသည်။ တစ်ခါတစ်ရံ ကားတစ်စီးဖြတ်မောင်း သွားတတ်ပြီး တစ်ခါတစ်ရံ ဆိုင်ကယ်သံခပ်ပြင်းပြင်းကို ကြားရသည်။ မဝေးလှသော လမ်း၏တစ်ဘက်တွင် လူကျိုးကျဲသော လက်ဖက်ရည်ဆိုင် လေးရှိနေသည်။ လက်ဖက်ရည်ဆိုင်၏ တောင်ဘက်တွင် အသက်ငယ် ငယ်နှင့် အိမ်ထောင်ကျဟန်ရှိသော လူငယ်လင်မယား နှစ်ယောက်၏ ကွမ်းယာဆိုင်ကလေးရှိနေသည်။ ကွမ်းယာခုံပေါ်တွင် ထုံးများ ဖြူဖွေးနေ ၏။ သူသည် အမြင့်ဆုံးခေါင်ကိုင်းတစ်ခုပေါ်သို့တက်ကာ သူကြီးပြင်း ပျော်မွေ့ခဲ့ရသော အိမ်ကြီးဆီသို့ လှမ်းမျော်ကြည့်မိသည်။ ရပ်ကွက်ထဲမှ လူများသည် မန်ကျည်းပင်ကြီးနှင့် မလှမ်းမကမ်းတွင် ထိုင်နေကြသည်။ သူတို့အနားတွင် မန်ကျည်းကိုင်း အတော်များများ ဟိုတစ်စုဒီတစ်စု ပုံနေသည်။  ကလေးတချို့ကမူ မန်ကျည်းသီးမှည့်များ စားနေကြသည်။ အသက်အတန်ရှိသော လူတစ်ယောက်ကမူ ကြိုးစနှစ်ချောင်းကို ကိုင်ထား သောလူငယ်များကို စကားပြောနေသည်။ လူငယ်များမှာ ရွှေတံဆိပ်ဆု တစ်ခုစီချီးမြှင့်မည့် လွန်ဆွဲပွဲကို ကျင်းပတော့မည့်အလား တက်ကြွနေ ကြသည်။ သို့သော် အားလုံးတော့မဟုတ်။ တချို့ကတော့ တစတစ အပူရှိန်မြှင့်လာနေသော နွေနေကိုကြည့်ရင်း စိတ်ပျက်နေကြသည်။        သို့သော် ဓားခုတ်နေသောလူက ”တစ်ဝက် ကျတော့မယ် ဟေ့” ဟု အသံပြုလိုက်သောအခါ အားလုံးကြိုးကို တောင့်ထားလိုက်ကြ ရသည်။ မန်ကျည်းပင်၏ အကြီးမားဆုံး၊ အသန်မာဆုံး ကိုင်းကြီးမှာ ဖြိုးဖြိုးဖျစ်ဖျစ် ငိုညည်းသံနှင့်အတူ တဖြည်းဖြည်း ñွတ်ကျလာသည်။ ပထမတော့ အောက်ဘက်ရှိ ကပ်ကာဇလီထပ်၊ ကပ်မိုး အိမ်ခေါင်မိုး မည်းနက်နက် ကလေးများပေါ်သို့ အရှိန်ပြင်းပြင်း ထိုးကျတော့မည် အလား ဆတ်ကနဲကျိုး၏။ သို့သော် ကြိုးနှစ်ချောင်းက မကျင်မလည် ဟန်ချက်များကြားမှပင် လမ်းကြားကွက်လပ်ပေါ်သို့ ဆွဲယူလိုက်သည်။
သွားပြီ။ အနှစ်နှစ်အလလ မိုးဒဏ်ကို ခံနိုင်ခဲ့သော အကိုင်း အခက်တစ်ခုကို ခက်ခဲစွာပြုစုပျိုးထောင်လာခဲ့ရသော မန်ကျည်းပင်ကြီး သည် လျပ်တစ်ပြက်အတွင်းမှာပင် ပျက်စီးသွားလေပြီ။ နေရောင်ခြည် သည် သူမရောက်ဖူးသေးသော အိမ်လေးများ၏ အကြိုအကြားထဲကို ပြေးဆင်း၏။ ကလေးများသည် နေရောင်ကျလာသဖြင့် ငုံ့လိုက်ကြရသည်။ လူကြီးများကတော့ မျက်လုံးကို လက်ဖြင့်ကာကွယ်ထားလိုက်ကြ၏။ မန်ကျည်းပင်တွင် တစ်ချောင်းတည်းသော ကိုင်းအတက်လေးသာ ထီးထီး ကျန်ရစ်တော့၏။
သူသည် သူ ဘယ်လိုမှ ပြန်မဖြစ်တော့သည့် သူ့အိမ်အိုဟောင်း ကြီးကို နောက်ဆုံးတစ်ချက်ကြည့်ကာ တယ်ပင်၏ အစွန်ကိုင်းသို့ ကူးလိုက် သည်။ သူ၏ အောက်တည့်တည်တွင် မုန့်ပဲသရေစာ ရောင်းသောဆိုင် ကလေးကို မြင်နေရ၏။ သူသည် တဆက်တည်းရှိနေသော အရွက်ကျိုးကျဲ စပြုနေသည့် ကုက္ကိုသီးများ တွဲရရွဲကျနေသဖြင့် သူဝမ်းသာအားရ ပြေးသွား လိုက်သည်။ ကုက္ကိုသီးတောင့်၏ အညှာကို သူသွားမြည့်မြည့်များဖြင့် ဖြတ်၍ အစေ့ကို သူစားလိုက်၏။ တစ်စေ့။ နှစ်စေ့။
သူ့နောက်မှ အော်၍ လာနေသာ အသံကြောင့် သူ့လက်ထဲမှ ကုက္ကိုသီးတောင့်မှာ အောက်ဘက်အလှမ်းဝေးသော အိမ်ခေါင်တစ်ခုပေါ်သို့ ‘ဖုတ်’ခနဲ ကျသွား၏။ ပထမ သူမှင်သေနေမိသည်။ ပြီးမှ လည်ဆံမွေး ထောင်၍ နှုတ်ခမ်းမွေးကားကား အမြီးတန်းလျက် ပြေးလာနေသောသူ နှစ်ယောက်၏ သဘောထားကို သဘောပေါက်သွားသည်။ သူပြေးသည်။ အနီးဆုံးထင်ရသည့် ခေါင်မိုးပေါ် ပြေးသည်။ တရုတ်တယ်ပင်ပေါ် ပြေး သည်။ အနောက်ဘက် ဗာဒံပင်ပေါ်သို့ ပြေးသည်။ ရန်သူများမှာ အော်ဟစ် လိုက်လာကြဆဲ။ ဗာဒံပင်မှ ဖြတ်သွားသော လျပ်စစ်ဝါယာကြိုးပေါ်သို့ တက်ကာ လမ်းတစ်ဘက်သို့ ကူးပြေးလိုက်ရသည်။ ထို့နောက် အရွက်ကြွေစ ပြုနေသည့် ပိတောက်ပင်ပေါ်သို့ တက်သည်။ ရန်သူတော်များမှာ ၀ါယာ ကြိုးကို ဖြတ်မလာ။ အော်-နယ်မြေကျူးလိုက်မိတာကိုး။ ပိတောက်ပင်မှာ အကိုင်းကျဲ၍ ရှင်းသည်။ ညိုညစ်ဝါရော်သော အရွက်များကလည်း ဖုန်များ တထောင်းထောင်း။ သူနေလို့ မရ။
သို့သော် သူကား ခြေသလုံးအိမ်တိုင် ဖြစ်ခဲ့ပြီ။ နှာဖျားတွင် ပေနေသော ကုက္ကိုသီးဖတ်များကို လက်နှစ်ဘက်ဖြင့် ပွတ်လိုက်၏။ နေတောင်မြင့်လှပြီ။
ကုက္ကိုပင်ကြီးဆီသို့ သူကြည့်လိုက်သည်။ အသံတို့ တိတ်ဆိတ် နေပြီ။ သူသည် ၀ါယာကြိုးပေါ် ပြန်လျောက်သည်။ ဗာဒံပင်ပေါ်တက် သည်။ ဗာဒံပင်အဖျားရှိ အသီးတစ်လုံးကို အñှာချွေကာ ၀ါယာကြိုးပေါ် ပြန်တက်သည်။ ၀ါယာကြိုးမှာ အတန်တုတ်သော်လည်း ၀န်ပါသော သူ့အတွက် ñွတ်လှသည်။ တစ်ဆက်တည်းပြေးလို့မဖြစ်။ တစ်ထောက်၊ နှစ်ထောက် နားရသည်။
ပိတောက်ပင်ပေါ်ရောက်တော့ ဗာဒံသီးကိုကိုက်ကာ အဆံကို သူစားသည်။ အစာစားပြီးသည်နှင့် ပိတောက်ပင်နှင့် ဆက်နေသော ကပ်မိုး အိမ်ခေါင်ပေါ် သူတက်လိုက်သည်။ အိမ်ခေါင်မိုး၏ တောင်ဘက် အစွန်တွင် ဘုရားစင်ထားသော ဘုရားဆောင်လေးကို သူတွေ့သည်။ ထိုနေရာကား လုံခြုံမှုရနိုင်မလားဟု သူတွေး၏။
”ဟေး . . .ရွှေး . . .ဟေး”
ထိုစဉ် တုတ်တစ်ချောင်းဖြင့် သူ့အားလှမ်းခြောက်နေသော ဆံပင်ကောင်းကောင်းနှင့် ရုပ်ရည်သန့်ပြန့်လှသော မိန်းကလေးတစ်ဦးကို သူတွေ့လိုက်သည်။ သူသည် ခေါင်ထောင့်ကို ပြေးကပ်လိုက်၏။
”ဟဲ . . .ဘုရားဆွမ်းကပ်နေပါတယ်ဆို ဘာလာခြောက်နေတာ လဲ”
ထိုစဉ် သွားမရှိတော့သည့် ဆံပင်ဖြူဖြူ ပါးရေတွန့်နေသော အဘွားအိုက ပြောနေသည်ကို သူမြင်တွေ့ရသည်။
”ရှဥ့်ကြီး အဘွားရဲ့”
”အို . . .ရှဥ့်က လူကိုက်တာလည်းမဟုတ်၊ ပစ္စည်းဖျက်တာ လည်း မဟုတ်ကွယ်၊ သူ့ဘာသာနေပါစေ”
အဘွားအိုကပြောဆိုရင်း ဘုရားစင်ရှေ့ ဒူးတုပ်ကာ ဖျင်တ ဘက်အကြားစင်းကြီးကို ရှေ့ချ၍ ဆွမ်းကပ်လေသည်။ သူသည် အဘွားအို ၏ နှုတ်မှထွက်လာသော သူနားမလည်သည့် အသံများကို နားစွင့်နေမိ၏။ ခဏကြာသော် ဆွမ်းခွက်ထဲမှ ထမင်းနှင့်ဟင်းများကို ပြတင်းပေါက် ၀အနီးရှိ ကလပ်ကလေးပေါ် စွန့်လိုက်လေသည်။ စာကလေးများက အလုအယက်စားကြသည်။ ခိုနှစ်ကောင်ဝဲလာ၏။ သူသည် အစာကောက် နေကြသော စာကလေးများအကြား ထမင်းတစ်ခဲကိုဝင်စား၏။ စာက လေးများကု လန့်ပျံသည်။
”ဖေဖေ ဟိုမယ် ရှဥ့်လေး”
နောက်ဘက်ဆီမှ ကလေးငယ်တစ်ဦး၏ အသံနှင့်အရိပ်ကြောင့် သူသည် ထမင်းခဲကိုချီကာ အိမ်ခေါင်စွန်းသို့ ပြေးရပြန်သည်။ သူ့ပါးစပ်မှ ထမင်းခဲသည် ပြုတ်ကျသွား၏။
”ဖေဖေ ရှဥ့်ယူမယ်”
ခဏကြာသော် အသားလတ်၍ ပျော့တိပျော့ခွေနိုင်လှသော လူကြီးတစ်ယောက်နှင့် အငိုသန်ဟန်ရှိသော ကလေးတစ်ယောက်ကို သူမြင်လိုက်ရသည်။ အဖေလုပ်သူ၏ လက်ထဲတွင် လေးခွတစ်ခု။ သူ ပြေးသည်။ အိမ်ခေါင်ပေါ်တက်သည်။ သူ့ညာခြေမှာ ပူခနဲဖြစ်သွား၏။ သို့တိုင် ပိတောက်ပင်ပေါ်သို့ပြေးသည်။ ပိတောက်ပင်၏ အကိုင်းတစ်ခုကို ကွယ်ထားလိုက်သည်။ သူ့ရင်မှာ တလှပ်လှပ်မောနေပြီး တစ်ကိုယ်လုံး လည်း ချောက်ချားနေသည်။ သူ့ညာခြေမှာ ပိတောက်ကိုင်းကို တွယ်မရ တော့။ တစစ်စစ် နာကျင်ကိုက်ခဲနေသည်။
ဝါယာကြိုးများ ရှုပ်နေသောအကြားမှ ရပ်ကွက်လမ်းကြား လေး၏ ရှုခင်းကိုကြောက်ရွံ့စွာ မြင်နေရသည်။ လူတို့သည် ပုံမှန်အတိုင်း သွားလာ လှုပ်ရှားနေကြသည်။ နွေလေအလှည့် ပိတောက်ရွက်တချို့ ကြွေကျသွားသည်။
လမ်းပေါ်တွင် ဧရာမမန်ကျည်းဖြတ်သားတုံးကြီးများကို တွန်း လှည်းများနှင့် အပြည့်သယ်သွားကြသည်ကို သူတွေ့မြင်နေရသည်။ တွန်းလှည်းသမားကမူ နေပူသည်ကို လသာသည့်အလား အလှုပ်အရှား မပျက်။ လူအချို့သည် အလုပ်တစ်ခု ပြီးမြောက်သွားရသဖြင့် ကျေနပ် နေကြသည်။ သူသည် မျက်လုံးပြူး၍နားစွင့်သော် ဘာမှ မည်မည်ရရ မဝေကွဲ။
ခုတ်ထစ်ပြီး မန်ကျည်းတုံးများကို ပုတ်ပြတ်ခွဲ၍ရောင်းကာ ဆန်ဝယ်သွားရင်း အအေးဆိုင်ထိုင်နေသည့် မန်ကျည်းပင်ပိုင်ရှင်၏ အကြောင်းကို သူမသိ။ ဈေးတွင် စဉ်းနှီးတုံးအဖြစ် အပိုင်းပိုင်းဖြတ်ကာ ဈေးကောင်းကောင်းဖြင့်ရောင်းရန် ငွေကြေး အရင်းနှင့်အမြတ်ကို တွက် ချက်နေသော စဉ်းနှီးတုံးသည်၏ ပီတိကို သူမသိ။ အစိုမို့ ထင်းအဖြစ် ဈေးသက်သာစွာရသွားသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ ကျေနပ်အပြုံး ကိုလည်း သူမသိ။ တစ်နေကုန် တွန်းလှည်းတိုက်ရမည်ကို တွေးရင်း တွန်းလှည်းခငွေကို မျော်မှန်းရည်တွက်ကာ စိတ်ကူးယဉ်နေသော တွန်း လှည်းသမား၏ အကြောင်းကိုလည်း သူမသိ။ မသိ။ မသိ။
သူသိသည်က နေပူသည်။ နောက် မောသည်။ နောက် ရေငတ် သည်။    ။

နေထွတ်

——————————

ရွှေစည်းစိမ်မဂ္ဂဇင်း။ အမှတ် ၂၊ ဇွန်လ၊ ၁၉၉၆။
——————————–

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.