ဈေးကြီး၍ နာမည်ကြီးသော ဖောင်တိန်ပင်တစ်ချောင်း

September 10, 2008

ခင်ဗျားကို ကျုပ်ဇာတ်လမ်းတစ်ပုဒ် ပြောပြနေတယ်ဗျာဟု ကျွန်တော့်ရှေ့တွင်ထိုင်နေသော လူကြီး၏ ဘယ်ဘက်အင်္ကျီအိတ်ကပ်ထဲမှ ဈေးကြီး၍ နာမည်ကြီးလှသော ဖောင်တိန်ပင်တစ်ချောင်းက ပြောသည်။
ကျွန်တော့်သားက အသက်ဆယ့်ရှစ်နှစ်ဗျ။ ဆယ်တန်းကို ဂုဏ်ထူးလေးခုနဲ့အောင်တယ်ဟု ဈေးကြီး၍ နာမည်ကြီးလှသော ဖောင် တိန်ပင်ကို အင်္ကျီအိတ်တွင်ချိတ်ထားသော လူကြီးကဆို၏။ ထိုလူကြီး၏ အင်္ကျီမှာ အရောင်လက်၍ တောက်ပနေသည်။ ကုမ္ပဏီရုံးခန်း၏ နံရံများ သည် စိမ်းပြာရောင်သုတ်ထား၏။ လေအေးစက်၏ အာနိသင်ကြောင့် ရုံးခန်းတွင်းဝယ် ရာသီဥတုက မျတနေသည်။ ဈေးကြီး၍ နာမည်ကြီးလှ သော ဖောင်တိန်ပင်မှာ သူ့သခင်ကြီးနှင့်အတူ ကုမ္ပဏီရုံးခန်းထဲတွင် ဂုဏ်သရေရှိလူကြီးသုံးဦးကို ဧည့်ခံနေရ၏။
ဒီကိစ္စကို ခင်ဗျားခေါင်းထဲမှာပဲထားပါ။ ခင်ဗျားတို့အတွက်ပါ မကောင်းဘူးမဟုတ်လား။ ဒီအတွက် ခင်ဗျားကို ကျွန်တော်သပ်သပ် ပိုပေးပါ့မယ်ဟု သူ့သခင်ကြီးက အသက်လေးဆယ်ခန့် ပိန်ပါးပါးလူတစ် ယောက်အား လွန်ခဲ့သည့်ရှစ်လခန့်က ပြောခဲ့၏။ စိတ်ချပါဗျာ၊ ဘယ် ကျွန်တော်တို့ကလုပ်မှာလဲဟု ထိုပိန်ပါးပါးလူက သူ့သခင်ကြီး၏လက်ထဲမှ သူ့အားအထင်တကြီး စိုက်ကြည့်ရင်း ပြန်ပြောခဲ့သည်ဟု ဈေးကြီး၍ နာမည်ကြီးလှသော ဖောင်တိန်ပင်က ပြောပြနေ၏။
သူ့အထက်သားကြီးက အင်ဂျင်နီယာဆိုရင် သူက ဆရာဝန် ဖြစ်ရမှာပေါ့ဗျာ။ ဒါမှ ‘စတင်းဒတ် ဂျင်နရေးရှင်း’ တစ်ခုဖြစ်မယ် မ ဟုတ်လား။ အအေးကို သုံးဆောင်လိုက်ပါဦးဟု ဈေးကြီး၍ နာမည်ကြီး လှသော ဖောင်တိန်ပင်ကို အိတ်ကပ်၌ ချိတ်ထားသော ထိုလူကြီးက ဆိုသည်။ နိုင်ငံခြားဖြစ် အချိုရည်သုံးဗူးမှာ ရေခဲသေတ္တာအပြာနုရောင် လေးထဲမှထွက်၍ ကျွန်းစားပွဲပေါ်မှနေကာ ဂုဏ်သရေရှိ လူသုံးဦးအား ဧည့်ခံနေရသည်။ ‘လောကမှာ ငွေသာအဓိကဆိုတဲ့ အယူအဆမျိုး ကျွန်တော့်မှာ မရှိပါဘူး။ ဟုတ်တယ်မဟုတ်လားဗျာ။ လောကမှာ ပညာ ဟာလည်း အရေးကြီးသမို့လား။ ဘယ်နေရာမဆို ပညာဟာ အရေးပါတဲ့ နေရာမှာရှိတယ်လေ။ သောက်ပါ။ ဒီမှာက ရုံးခန်းဆိုတော့ ကသိက အောက်နိုင်နေမလား မသိဘူးဗျာ။ ဟား ဟား’ ဟုလည်း ထိုလူကြီးက ပြောရင်းရယ်နေပြန်၏။
ခြောက်ရက်။ တစ်ရက်ကို နှစ်ယောက်။ ဘာမှ ထူးထူးထွေထွေ လုပ်မပေးရပါဘူး။ ကြည့်နေရုံပါ။ ကျေးဇူးတင်ပါတယ်ဗျာ။ သုံးထောင်စီဆို ဖြစ်ရဲ့မဟုတ်လားဟု သူ့သခင်ကြီးက အသက်လေးဆယ်ခန့် ပိန်ပိန်ပါးပါး လူအား လွန်ခဲ့သည့်ရှစ်လခန့်က ပြောကြောင်း၊ ဖောင်တိန်ပင်က ဆို သည်။ ခင်ဗျားက စာသမားဆိုတော့ ဒါတွေပိုသိမှာပေါ့။ ခင်ဗျားလည်း ပညာရှင်တစ်ယောက်ပဲဟု ဈေးကြီး၍ နာမည်ကြီးလှသော ဖောင်တိန် ပင်ကို အင်္ကျီအိတ်၌ ချိတ်ထားသော လူကြီးကပြောသည်။ ထိုလူကြီးစကား ပြောလိုက်တိုင်း သူ၏ညာလက်သည် ကုမ္ပဏီနှင့် သက်ဆိုင်ဟန်ရှိသော ဖိုင်တွဲတစ်ခုထဲမှ စာရွက်များကို တစ်ရွက်ချင်းလှန်နေ၏။ ထိုအခါ သူ၏ ညာလက်သူကြွယ်ရှိ အရွယ်ကြီးကြီး ကျောက်စိမ်းလက်စွပ်သည် အရောင်လက်၍ သွားတတ်သည်။
ဒီမယ် မိန်းမရ။ ဒါ ဘ၀ကွ။ ဘ၀ကို အဆုံးအဖြတ်ပေးမှာ။ ဒီတစ်နေရာမှားရင် တစ်ဘ၀လုံး သွားပေရော့။ လူနဲ့ငွေ ဘယ်ဟာက အရေးကြီးသလဲဟု သူ့သခင်ကြီးက ဇနီးသည်အား ပြောခဲ့ကြောင်း ဈေးကြီး၍ နာမည်ကြီးလှသောဖောင်တိန်ပင်က ဖောက်သည်ချသည်။
ဂုဏ်သရေရှိလူသုံးဦးသည် အအေးကိုသာ ငုံ့၍သောက်နေကြ သည်။ ကျွန်တော်တို့ဆီမှာ ”တက္ကနော်လော်ဂျီ” ပိုင်းက အားနည်းနေ တယ်။ ဒါ ခင်ဗျားတို့လည်း သိပါတယ်။ သိပ္ပံနယ်ပယ်တွေမှာ ”ဆတ်ဘ ဂျက်”အဆင့်ပဲ ရှိနေသေးတယ်။ နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ဆက်ဆံတဲ့ အခါ တက္ကနော်လော်ဂျီပိုင်းက သပ်သပ်ဝယ်နေရသလိုချည်း ဖြစ်ဖြစ်နေ တယ်ဟု ဈေးကြီး၍နာမည်ကြီးလှသော ဖောင်တိန်ပင်ကို အင်္ကျီအိတ် ကပ်တွင် ချိတ်ထားသောလူကြီးက ပြောပြနေသည်။
ဆယ့်နှစ်ယောက်၊ သုံးသောင်းခြောက်ထောင်ဟု အသက်လေး ဆယ်ခန့် ပိန်ပါးပါးလူက ဈေးကြီး၍နာမည်ကြီးလှသော ဖောင်တိန်ပင်နှင့် လူကြီးအား ပြောခဲ့၏။ ဒီသုံးသောင်းကတော့ ခင်ဗျားတို့ ဆရာကြီး အတွက် အထူးပေါ့ဗျာဟု သူ့သခင်ကြီးက ထပ်ပြောခဲ့ကြောင်း ဈေးကြီး၍ နာမည်ကြီးလှသော ဖောင်တိန်ပင်က ဆိုလေသည်။
အချိုရည်သုံးဗူးထဲမှ အချိုရည်များကုန်သွားပြီ။
ကျွန်တော်ကတော့ သားကို ဆရာဝန်ပဲ ဖြစ်စေချင်တယ်။ သားငယ်ရမှတ်က မနှစ်က ‘အမ်စီ’ ၀င်ခွင့်အမှတ်ထက် နှစ်ဆယ်တိတိပို တယ်။ စီးကရက်ကြိုက်ရင် သုံးဆောင်ပါဦးဟု ပြည်ပဖြစ် ရွှေရောင် စီးကရက်ဗူး အသစ်စက်စက်ကိုဖွင့်ကာ ဂုဏ်သရေရှိ လူသုံးဦးအား ထိုလူကြီးက ဧည့်ခံပြန်၏။ ဂုဏ်သရေရှိ လူကြီးသုံးဦးအနက်မှ တစ်ဦး သည် ထိုစီးကရက်ဗူးထဲမှ တစ်လိပ်ကိုနှိုက်ယူကာ မီးညှိသည်။ အခု တစ်လော ခင်ဗျားတို့လောကမှာ ပြောပြောနေတဲ့ ”ဂျင်နရေးရှင်းဂက်ပ်” ဆိုတာကို ကျွန်တော်သဘောပေါက်တယ်။ ကျွန်တော်က အခုခင်ဗျားတို့ မြင်တဲ့အတိုင်း ကုမ္ပဏီတစ်ခု ပိုင်ရှင်ဖြစ်နေရင် သားတစ်ယောက်က ”ကွန်စထရပ်ရှင်း” ကုမ္ပဏီတစ်ခု ပိုင်ရမယ်။ သားတစ်ယောက်က ”ပရိုက်ဗိတ်”ဆေးရုံတစ်ခု ပိုင်ရမယ်လို့ မျော်လင့်ထားတယ်ဟု ဈေးကြီး၍ နာမည်ကြီးသော ဖောင်တိန်ပင်ကို အရောင်လက်၍ တောက်ပနေသည့် အင်္ကျီအိတ်၌ချိတ်ထားသော လူကြီးက ဆိုသည်။
ဝိုင်းတစ်ခုတောင် ဒီထက်မက ပေးရသေးတာပဲလေဟု သူ့သ ခင်ကြီးက ဇနီးသည်အားပြောခဲ့ကြောင်း ဈေးကြီး၍ နာမည်ကြီးလှသော ဖောင်တိန်ပင်က ပြောဆိုနေသည်။
အဲဒီကုမ္ပဏီပိုင်ရှင်က သူ့အိတ်ကပ်ထဲမှာ ဈေးကြီးပြီးနာမည် ကြီးတဲ့ ဖောင်တိန်ပင်တစ်ချောင်း အမြဲချိတ်ထားတယ်။ ရက်ရောတာက လည်း လွန်ပါရောဗျာ။ ဘယ်လိုပြောမလဲ၊ အမျော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ် ဆိုရမှာပေါ့ဟု အသက်လေးဆယ်ခန့် ပိန်ပါးပါးကျောင်းဆရာတစ် ယောက်က ကျွန်တော့်သူငယ်ချင်းအား နောင်တွင် ပြောပြခဲ့ကြောင်း ထိုကျွန်တော့် ငယ်သူငယ်ချင်းက လွန်ခဲ့သောနှစ်လခန့်က ကျွန်တော့်ကို ပြောခဲ့သည်။
အခု ဆယ့်ရှစ်နှစ်ဗျာ။ ဆယ်တန်းအောင်ပြီးပြီ။ ဂုဏ်ထူးလေးခု ပါတယ်။ အမှတ်ကတော့ ခုနကပြောသလို ဆေးဝင်မှာပါ။ သူ့ကွယ်ရာမို့ ပြောရဦးမယ်။ ဒီကောင်က ကျွန်တော့်ထက်တော်မယ့်ကောင်ဗျဟု ဈေး ကြီး၍ နာမည်ကြီးလှသော ဖောင်တိန်ပင်ကို အင်္ကျီအိတ်ကပ်တွင် ချိတ်ထားသော လူကြီးကဆို၏။
ခင်ဗျားကို ကျုပ်ဇာတ်လမ်းတစ်ပုဒ်ပြောပြနေတာ ခင်ဗျား သိနေပါတယ်နော်ဟု ကျွန်တော့်ရှေ့တွင်ထိုင်နေသော လူကြီး၏ ဘယ် ဘက်အင်္ကျီအိတ်ကပ်ထဲရှိ ဈေးကြီး၍ နာမည်ကြီးလှသော ဖောင်တိန် ပင်တစ်ချောင်းက ပြောနေသည်။ ထိုဈေးကြီး၍ နာမည်ကြီးလှသော ဖောင်တိန်ပင်မှာ သူ့သခင်ကြီးနှင့်အတူ ကုမ္ပဏီဧည့်ခန်းထဲတွင် ဂုဏ်သ ရေရှိ လူသုံးဦးကို ဧည့်ခံနေရ၏။
ဦး ဖုန်းလာတယ်ဟု ဧည့်ခန်း၏ ရှေ့ဘက်အ၀င်ဝ အခန်းငယ် ထဲမှ အတွင်းရေးမှူးမလေးက လာအကြောင်းကြားနေသည်။ ခင်ဗျားတို့ ကြိုက်တတ်ရင် စီးကရက်သောက်ပါ။ အိတ်ထဲထည့်ယူသွားပါဗျာ။ အားမနာပါနဲ့။
ကုမ္ပဏီရုံးခန်းသည် သုတ်ထားသော စိမ်းပြာရောင်ဆေးကြောင့် ကြည်လင်သန့်ပြန့်နေ၏။ ညှိထားသော လေအေးစက်အစွမ်းကြောင့် အခန်းတွင်း ရာသီဥတုမှာ သာယာစိုပြည်လျက် ရှိနေသည်။
ဒီမှာက စီးကရက်ကို ကျွန်တော်တစ်ယောက်ပဲသောက်တယ်။ ထည့်ယူသွားပါခင်ဗျာဟု ဈေးကြီး၍ နာမည်ကြီးသော ဖောင်တိန်ပင်ကို အင်္ကျီအိတ်ကပ်တွင် ချိတ်ထားသောလူကြီးက ကျွန်တော်နှင့် ဂုဏ်သရေရှိ လူနှစ်ယောက်အား နှုတ်ဆက်စကားနှင့်အတူ ဆို၏။
ကျွန်တော်တောင် အားကျသွားတယ်ဗျာဟု အလတ်တန်းစား ကုမ္ပဏီကြီးတစ်ခု၏ ရုံးခန်းအတွင်းမှ ထွက်လာအပြီးတွင် ကျွန်တော့် ဘေးမှ ဂုဏ်သရေရှိ လူနှစ်ယောက်အနက်မှ တစ်ယောက်ကဆိုသည်။
ကျွန်တော်ကတော့ မလွဲမရှောင်သာလို့ ငြိမ်နားထောင်နေရ တာခင်ဗျဆိုတော့ ထိုဂုဏ်သရေရှိ လူကြီးနှစ်ယောက်က ကျွန်တော့်အား တအံ့တသြ ကြည့်၏။
ကုမ္ပဏီပိုင်ရှင်လူကြီး၏ အရောင်လက်၍ တောက်ပနေသော အင်္ကျီအိတ်ကပ်အတွင်းမှ ဈေးကြီး၍ နာမည်ကြီးလှသော ဖောင်တိန်ပင်က ကျွန်တော့်ကို အထုပ်ဖြေပြနေတယ်ဗျာဟု ဆိုတော့ ပို၍ အံ့အားသင့်သွား ကြလေသည်။      ။
နေထွတ်

——————————–

ရွှေအမြုတေမဂ္ဂဇင်းမှာ စိစစ်ရေးအပယ်ခံရပြီး နော်ဝေးနိုင်ငံထုတ် ဥဒါန်းမဂ္ဂဇင်းမှာ ၂၀၀၈ မှာ ပြန်ဖော်ပြပါရှိ။

ဖေဖော်ဝါရီ၊ ၁၉၉၇ မှာ ရေးခဲ့ပါတယ်။

——————————-

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.