နေ့တာအတိုအရှည်နှင့် နေအတိမ်းအစောင်း
September 10, 2008
ရက်စွဲတို့သည် နေ့နှင့်ညဖြစ်ပျက်ခြင်းတို့ အကူအညီဖြင့် ဆုတ်ဖြဲခံနေရသည်။ လူတစ်ယောက်၏ ဖြစ်တည်မှု ဖြစ်စဉ်များသည် ရက်စွဲများနှင့်အတူ ပျောက်ပျက်လာ၏။ ဒီလိုနှင့်သစ်ရွက်တို့နှယ် ရင့် ရော်ပြန်လေသည်။
မျက်နှာချင်းဆိုင်အိမ်သည် ၀ါးနှစ်ရိုက်ခန့်သာသာအကျယ်ရှိ လမ်းသာခြားသည်။ ¤င်းအိမ်ကြီးဘေးရှိ ကုက္ကိုပင်ကြီး၏ အကိုင်း အခက်တစ်ချို့မှာ ခြောက်သယောင်း၍ အရွက်မရှိတော့။ အိမ်၏ အခြား တစ်ဖက်ရှိ ရွက်နုများဝေနေသည့် မန်ကျည်းပင်ကြီးကား ပျဉ်ထောင် နှစ်ထပ်အိမ်အိုကြီး၏ ခေါင်မိုးသွပ်ပြားနီညိုပေါ်တွင် ၀ဲဖြာနေ၏။ အိမ်ရှေ့ ရေနုတ်မြောင်းပေါ်တွင် ဆေးလိပ်သောက်နေသော လူကြီးတချို့၊ ရပ် ကြည့်နေကြသော လူငယ်တချို့နှင့် ကလေးနို့တိုက်နေသည့် မိန်းမတချို့ ရှိနေကြသည်။
အဘွားကြီးသည် သူမ၏ အိမ်ထဲမှထွက်လာကာ လူအများ နည်းတူ မျက်နှာချင်းဆိုင်အိမ်ကြီးကို အကဲခတ်ရန် သူမအိမ်ရှေ့ခုံတန်း တွင် ၀င်ထိုင်လိုက်၏။
ထိုစဉ် ဂျစ်ကားဖြူဖြူလေးတစ်စင်း ကုက္ကိုပင်ရိပ်တွင် ထိုးရပ် လာ၏။ ကားထဲမှာ အသက်ခြောက်ဆယ်ခန့် အဖိုးကြီးတစ်ဦးနှင့် ကား မောင်းသူ နှစ်ယောက်သာပါသည်။ အဖိုးကြီးက ရောက်မဆိုက်ဆင်းသည်။ လူအများ၏ အာရုံတို့သည်လည်း ဆံပင်ဖြူဖြူ အသားဖြူဖြူ ထောင် ထောင်မောင်းမောင်း အဖိုးကြီးထံတွင် စုဝေးကျရောက်နေ၏။ ထိုစဉ် အိမ်ကြီးအတွင်းမှ အသားညိုညို အသက်လေးဆယ်ခန့်ရှိသော လူကလာ ၍ အဖိုးကြီးအားဖေးမသည်။
”အမလေး – ခင်သီရယ်”ဟု ငိုကြီးချက်မနှင့် အိမ်အတွင်း ခပ်သုတ်သုတ်ဝင်သွားသည်။
‘အဲဒါ အဖွားကြီးရဲ့ ယောကျာ်းလေ – ဖုန်းဆက်လိုက်လို့ ရောက်လာတာ’
ခုံတန်းပေါ်တွင် ထိုင်နေသော မိန်းမတစ်ယောက်က အနားရှိ မိန်းမတစ်ယောက်ကို ပြောသည်။ ထိုစဉ် ‘ကိုကို ရောက်လာပြီလေ’ ဟူသော အသံသြသြတစ်ခုက အိမ်ကြီးအတွင်းမှ မသိမသာလွင့်လာ၏။
ဝိုင်းဝန်းအကဲခတ်ကြသော လူငယ်တချို့၏ မျက်နှာများမှာ ပြုံးစစဖြစ်သွားကြသည်။ အဘွားကြီးကမူ မပြုံးနိုင်ဘဲ မည်သူကို ရည်ရွယ်မှန်းမသိနိုင်သော စကားတစ်ခွန်းပြော၏။
‘သူက မြေလတ်မှာနေတာ အရင်ကတော့ ဒီအိမ်မှာအတူတူ နေခဲ့ကြတာပဲ ခုဟာကမယားငယ်လေ – ဟိုမှာက အကြီး’
‘မဖြစ်နိုင်တာအမေကြီးနှယ် ဒီဟာက အကြီးဖြစ်မှာပေါ့ သား ခြောက်ယောက် သမီးတစ်ယောက် – အကြီးဆုံးသားကိုက လေးဆယ် ကျော်ပေါ့ဟာ’
အနားက အရွယ်လတ် မိန်းမတစ်ယောက်က ၀င်ထောက် သည်။
‘မသိဘူးအေ – ပြောတာပဲ – အော် – မိသီ၊ မိသီ…တို့ထက် ဆယ်နှစ်လောက်ငယ်သေးတယ်…ဈေးထဲမှာ ဆိုင်နဲ့ကန္နားနဲ့ ဈေးထွက် တုန်းကဆို မာနသိပ်ကြီးတာ…စိန်တွေ ရွှေတွေဆို သီးနေတာပဲ…’
‘ဘာတွေရောင်းတာလဲ’
‘အစုံပေါ့အေ . . .ကြက်သွန်၊ ငရုတ်’
‘ဟိုတုန်းက တအားချမ်းသာမှာပေါ့နော်’
‘အငယ်ဆုံးသားနှစ်ယောက်ကျမှ စီးပွားပျက်သွားတာ၊ ဆိုး တယ်လေ၊ သားတွေအားလုံးက ထောင်ထွက်ကြီးပဲ၊ ရထားတဲ့ ချွေးမ တွေက ဒီလောက်မဟုတ်ဘူး၊ သားတွေကိုကလည်း အချင်းချင်း မတည့်ကြဘူး၊ မအေကိုတောင် ဆိုလိုက် ငေါက်လိုက်နဲ့’
‘အဘိုးကြီးက သိပ်ချစ်တာပဲနော်’
‘မသိဘူးလေ . . .ချစ်ရင် နောက်မိန်းမယူပါ့မလားအေ . . . အရင်ကတော့ ဒီမိန်းမက တကိုကိုနဲ့ . . .ဟင်း . . . ခုတောင်ကြည့်ပါလား အသက်ကြီးမှ အရှက်မရှိ ကိုကိုလာပြီလေ လုပ်နေသေးတာ’
အဘွားကြီးမှာ အသက်ခုနှစ်ဆယ်ကျော်ခဲ့ပြီဖြစ်သော်လည်း အသက်သုံးဆယ်ကျော် မိန်းမတစ်ယောက်ထက် ဤနေရာမျိုးတွင် စကားပိုပြောနိုင်သေးသည်။ ဆံပင်ဖြူကျိုးကျဲနှင့် လက်သီးဆုပ်ခန့်ဆံထုံး မှာ အကြည့်ရဆိုးလှ၏။ ရှေ့သွားများ မရှိတော့၍ ပါးနှစ်ဖက်သည် လိုသည်ထက်ပိုခွက်နေပြီ။ အောက်ဖက်နှုတ်ခမ်းမှာ တွဲကျနေ၏။ သို့သော် နေ့ပြန်တိုးပေးစားသော သူ့အလုပ်နှင့်ပတ်သက်လာပါက ဤခွက်နေ သောပါး၊ တွဲကျနေသောနှုတ်ခမ်းတို့ဖြင့် အမနာပ ပြောဆိုနိုင်သေး သည်။
‘သေတော့လည်း ဘာမှမဟုတ်ပါဘူးအေ . . .ဒုက္ခ . .ဒုက္ခ’
အဘွားကြီးသည် ပြောပြောဆိုဆို သူမ၏ အိမ်တွင်းသို့ ပြန်ဝင် သွားသည်။ အိမ်ထဲတွင် နေ့ပြန်တိုးယူ၍ လုပ်ကိုင်စားကြသော မိန်းမနှစ် ယောက်က အဘွားကြီးကို အသင့်စောင့်နေကြသည်။
‘အမေ့ကိုစောင့်နေတာ ဒီမှာ . . .ငါးဆယ် . . .ကျွန်မ ရက်ပြည့်မှာ ဘယ်နှစ်ရက်လိုသေးလဲလို့ . . .အဲဒါကြည့်ပေးပါဦး’
‘အမလေး . . .မခင်မြရယ် . . .နေစမ်းပါဦး . . .ဒီမှာ အလုပ် ရှုပ်ရတဲ့ကြားထဲ’
အဘွားကြီးက မိုင်နှစ်ဆယ်ခန့် လမ်းလျောက်လာခဲ့သော လူတစ်ယောက်လို စိတ်မရှည်နိုင်သည့် မျက်လုံးများနှင့်ကြည့်ကာ ပြော လိုက်သည်။ တကယ်တော့ မခင်မြမှာ အသက်လေးဆယ်ခန့် အရပ်ပုပု၊ အသားညိုညို၊ မျက်နှာမှာ မပြောပအောင် လိုသည်ထက်သေးငယ်နေ သည်ထင်ရ၏။ နေ့ပြန်တိုးရက် တစ်လပြည့်ခါနီးသဖြင့် တစ်ရက်နှစ်ရက် ကျန်ပါက ထိုကျန်တဲ့ရက်အတွင်း ငွေလျော့၍ အတိုးအသစ်ပြန်ယူလို၍ မေးခြင်းဖြစ်သည်။
‘မဟုတ်ပါဘူး အမေရယ် . . .ကျုပ်က တစ်ရက်နှစ်ရက်လိုရင် ပြန်ယူရအောင်လို့ပါ’ မခင်မြမှာ အသက်အရွယ်အရ ရှက်သော်လည်း အတွေ့အကြုံအရ မရှက်နိုင်တော့။ နီရဲသောမျက်နှာလေးဖြင့် အသနား ခံနေသည်။
‘တစ်ထောင်ထဲနဲ့ အမေရယ်’
‘မရှိသေးဘူးအေ . . .ငွေက မပြေလည်သေးဘူး . . .ပြည့်တော့ ပြောမယ် နောက်ရက်လည်းမပျက်စေနဲ့ ဒါပဲ’
မခင်မြသည် ဆက်မပြောသာတော့ပဲ ပုဆိုးခေါက်အညိုလေး ကိုင်ကာ ခပ်သုတ်သုတ်ပြန်ထွက်သွားတော့၏။
‘အစ်မ ဒီနေ့ ငွေရမယ်ဆိုလို့’
အခုမှ အသက်ခြောက်ဆယ်ကျော်ခန့် အမျိုးသမီးကြီးက စကားစပြောသည်။
‘အေး . . .မရီး . . .တစ်ထောင်ထဲနော်’
‘အစ်မကလည်း အမြဲယူနေတာပဲဟာကို . . . စိတ်ချပါ . . ခုခေတ်ငွေတစ်ထောင်နဲ့ ဘာမှလုပ်လို့မရဘူး…အစ်မလည်း သိသားနဲ့’
ဒေါ်ရီက ပီဘိအပျိုအရွယ်ကလိုပင် သူငယ်ချင်းများကဲ့သို့ပင် မူနွဲ့ကာ အဘွားကြီး၏လက်မောင်းကို လှုပ်ကာပြောသည်။ အဘွားကြီးမှာ အနည်းငယ်ယိုင်သွားပြီး . . .
‘ငြိမ်ငြိမ်နေစမ်းပါတော် . . .တကဲတဲ . . .ဒါဆိုနှစ်ထောင်ပေါ့ နော် . . .ရော့…တစ်နေ့ရှစ်ဆယ်ပြန်ရမှာနော် . . .အရင်လိုရက်မပျက်စေနဲ့ ကျွန်မအကြောင်း သိတယ်မဟုတ်လား’
အဘွားကြီးက သွားကျိုးနေသောအသံနှင့် ခပ်ကျယ်ကျယ် အော်ပြော၏။ ဒေါ်ရီမှာ ကလေးတစ်ယောက်လို ‘တိုးတိုးလုပ်ပါအစ်မရဲ့’ ဟု လက်ဟန်ခြေဟန်နှင့် ပြောနေပြန်၏။
ထို့နောက် အသက်ခြောက်ဆယ်ကျော်ဒေါ်ရီလည်း ဆယ်သိန်း ဆုပေါက်၍ ၀မ်းသာသွားသည့်မိန်းမတစ်ယောက်လို ငွေနှစ်ထောင်ကို ခေါင်းပေါ်တင်လာသော တဘက်နှင့်ထုပ်ကာ ခပ်သွက်သွက် ပြန်သွား တော့၏။
‘ဟဲ့…ဖိုးအေး’
‘ဗျာ’
အဖွားကြီးက အိမ်နောက်ဘေးတွင် ဓားတစ်ချောင်းနှင့် သစ် သားတုံးကို သေနတ်လုပ်နေသော နှပ်တွဲလောင်းနှင့် မြေးဖြစ်သူအား လှမ်းအော်ခေါ်၏။ မြေးဖြစ်သူ ဖိုးအေးက ဘောင်းဘီတိုကို ချက်ထိ အောင်ဆွဲမရင်း ဓားကို မီးဖိုချောင်ထဲပြေးထား၏။
‘ဖိုးအေးရေ . . .သူတောင်းစားလေး . . .ခေါ်ရရင် ဒီအတိုင်း ချည်းပဲ’
‘လာပြီ အဘွား’
‘ကလေး၏ အသားအရေမှာ မည်းနက်နေသည်။ နှပ်များကို ညာဘက်လက်ခုံတွင်သုတ်ကာ အဘွားကြီးရှေ့တွင်ရပ်၏။
‘နွားနို့သည် မအေးလည်း မလာဘူး . . .လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာသွားမေးစမ်း၊ ဒေါ်အေးလာသလားလို့ . . . ရက်ပျက်တာကို လေးရက်ရှိပြီ . . .သုံးရာနှစ်ဆယ်ဆိုတာ နည်းတာမှတ် လို့’
အဘွားကြီးက စကားမဆုံးသော်လည်း ဖိုးအေးကမူ လမ်းထိပ် လက်ဖက်ရည်ဆိုင်သို့ ဖိနပ်မပါဘဲ ပြေးသွားလေပြီ။
ခဏကြာသော် ဖိုးအေး ပြန်ရောက်လာ၏
‘ဘာတဲ့လဲ’
‘အမေ’ ‘သြော်’
ဖိုးအေးမဖြေခင် နောက်မှ နွားနို့တောင်းကိုရွက်လျက် ယိုင်နဲ့နဲ့ နှင့်ပါလာသော ဒေါ်အေးအသံကြောင့် ဆဲတော့မည့်ဟနေသော အဖွား ကြီး၏ပါးစပ်မှ ‘သြော်’ကနဲ ပိတ်သွား၏။
‘ညည်းတို့မလဲအေ . . .ဘယ်နှစ်ရက် ရှိပလဲ . . .တွက်လည်း ကြည့်ကြဦး . . .ငွေက လွယ်တာမဟုတ်ဘူး . . .နောက်ဆိုမပေးဝံ့အောင် ဘဲ . . .လုပ်ကိုင်လည်း မစားချင်တော့ဘူး ငါတော့သေ . . .’
အဘွားကြီးက စကားကိုဆက်ပြောရင်း အရှေ့ဘက်အိမ်ကို သွားသတိရ၍ ‘သေချင်တယ်’ဆိုသောစကားကို မဆက်ရဲတော့ဘဲ ရပ်သွား၏။
‘အမေကလဲ . . .ကျွန်မဖျားနေလို့ပါ . . .နွားနို့မပို့ရတာကို သုံးရက်ရှိပြီ’
တကယ်လည်း နွားနို့သည်မိန်းမကြီးသည် အတော်အဖျား သည်းခဲ့မှန်းသိသာ၏။ မျက်နှာမှာ နဂိုကအသားဖြူ၍ ဖြူရော်ညှိုး နွမ်းနေသည့်ဆံထုံးမှာလည်း ရော့တိရော့ရဲ။ ၀တ်ထားသော သိုးမွေးအနွေး ထည်နီနီကြီးမှာ လက်တစ်ဖက်က စုတ်နေသည်။
အတန်ကြာတော့ နှစ်ယောက်သား တိုးတိုးတိတ်တိတ် ပြောဆို နေကြပြန်သည်။ မကြာခင် နွားနို့သည်ဒေါ်အေး ပြန်သွားတော့သည်။ ၁၅-မိနစ်မကြာလိုက်ပါ။ တစ်ဆက်တည်းလိုလိုပင် စက်ဘီးနှင့် အသက် ၃၀-ခန့် အမျိုးသမီးတစ်ယောက် အဘွားကြီးအိမ်ရှေ့လာရပ်၏။
‘အဘွား . . .နွားနို့သည်ဒေါ်အေး ပြန်သွားပြီလား’
‘အေးဟဲ . . .ဘယ်သူလဲ . . .အော် . . .မိထွေးလေး . . လာခဲ့ဦးလေ’
စက်ဘီးပေါ်မှ အသားဖြူဖြူ ရွှေဆွဲကြိုးနှစ်ကျပ်သားခန့် ၀တ်ထားသော မထွေးသည် အိမ်ထဲဝင်ကာ အဘွားကြီးအနားထိုင်လေ သည်။ ဆယ်မိနစ်ခန့် စကားပြောပြီးသော် . . .
‘ပေးမှာပါအေ . . .သူ့ယောကျာ်းနဲ့ ပြန်ပေါင်းတော့မှာတဲ့ သူ့ ယောကျာ်းက ခြံနဲ့ဝန်းနဲ့လေ . . .အရက်သမားဆိုပေမယ့် အဲဒါလေးရောင်း ပြီးရင် ငွေရမှာပေါ့အေ ဆပ်မှာပါ . . .သူတို့တွဲနေကြတာ ဆယ်နှစ်ကျော် ပြီတဲ . . .ခုပဲအဘွားဆီက ပြန်သွားတာ’
မထွေးနှင့် ခြံတံခါးဝထိစကားပြောရင်း လိုက်ပို့၏။ ထိုစဉ် မျက်နှာချင်းဆိုင်အိမ်မှ ငိုသံများထွက်လာပြန်သည်။ အဘွားကြီးသည် ¤င်းကို တစ်ချက်ကြည့်ရင်း မထွေးကိုပင် နှုတ်မဆက်မိတော့ပဲ အိမ်ထဲပြန် ၀င်လာခဲ့တော့၏။
ဖိုးအေးမှာ သူလုပ်ထားသော သစ်သားသေနတ်ကို ပုံစံ အမျိုးမျိုး ချိန်ကြည့်နေ၏။
‘သြော် . . .မအေးမှာလဲအကြွေးတွေဝိုင်းလို့၊ သူ့ယောကျာ်းနဲ့ ပြန်ပေါင်းပြီးလို့ ခြံရောင်းပြီးရင်တော့ ငါ့ငွေပြန်တောင်းရမှာဘဲ . . နို့မိုဆို မရဘဲနေမယ်’
‘ဗျာ . . .အဘွား . . .သားခေါ်တာလား’
ကစားနေသောဖိုးအေးက တစ်ယောက်တည်း စကားပြောနေ သောအဘွားအိုကို အလန့်တကြားမေး၏။
‘မဟုတ်ပါဘူး…ငါ့မြေးရယ်’
ထိုစဉ် မျက်နှာချင်းဆိုင်အိမ်မှ ငိုသံများက တစ်စထက်တစ်စ ကျယ်လောင်လာ၏။ ဖိုးအေးမှာ အိမ်ရှေ့ကိုထွက်ကြည့်၏။
‘အမေရေ . . .သားတို့ကို ဆုံးမပါဦးလားဗျာ’
ကျယ်လောင်ထွက်လာသော ငိုသံတစ်ခုကြောင့် အဘွားကြီးမှာ မကောင်းဆိုးဝါးသံတစ်ခုကို ကြားလိုက်ရသကဲ့သို့ တုန်လှုပ်သွားသည်။ ဘတ်စ်ကားကြီးသုံးစီးနှင့် နိဗ္ဗာန်ယာဉ်တစ်စီး လမ်းပေါ်ထိုးရပ်၏။
‘အမလေး . . .သေမှငိုနေကြတယ်၊ ရှိနေတုန်းတော့ ရေ တောင်ခပ်မတိုက်ချင်ကြဘူး . . .တကတဲ . . .ဟဲ့ ဖိုးအေး . . .’
အိမ်ရှေ့ လူရုန်းရုန်းကြားထဲက ဖိုးအေးပြေးထွက်လာပြီး အိမ်ထဲ ၀င်လာ၏။
‘နင်ပါ လိုက်သေမလို့လား . . .သွား . . .နင့်အဖေပြော ချည်… အသုဘလိုက်ပို့လို့ အိမ်နီးချင်းဆိုတော့ မကောင်းဘူး . . .နေဦး ရော့ တစ်ဆယ် . . .လက်ဖက်ရည်အိတ်ဆွဲက ခြောက်ကျပ် . . .နံပြား နှစ်ခုက လေးကျပ် လမ်းထိပ်က၀ယ်ခဲ့နော် . . .မကောင်းရင် ပြန်လဲမှာလို့ ပြော . . . အဘွားကခိုင်းတာလို့လည်း ပြောခဲ့’
အဘွားကြီးက မြေးဖြစ်သူအား တစ်ဆက်တည်းမှာကြားနေ၏။ ဘတ်စ်ကားသုံးစီးနှင့် နိဗ္ဗာန်ယာဉ်သည် ၀ါးနှစ်ရိုက်သာသာကျယ်သော လမ်းပေါ်မှ တလိမ့်လိမ့်ထွက်လာသည်။ လူတချို့ငိုသံမှာ ကားသံနှင့် အသားမကျစွာ ပေါင်းစည်းနေသည်။
အနှစ်တစ်ရာခန့်သက်တမ်းရှိသော ကုက္ကိုပင်ကြီးမှာ ငြိမ်သက် နေ၏။ ကိုင်းခြောက်တချို့ကား အကျည်းတန်နေသည်။ ရွက်နုဝေနေသော မန်ကျည်းပင်ကြီးကား ယိမ်းနွဲ့ကာ ထိုအိမ်ကြီး၏ ခေါင်မိုးသွပ်ပြားများကို လက်သဲများဖြင့် ကုတ်ခြစ်နေသည်။ လမ်းသည် တိတ်ဆိတ်သွားသည်။
ထိုစဉ် ဖိုးအေးသည် လက်ဖက်ရည်အိတ်လေးနှင့် နံပြားနှစ်ခု ထုတ်ထားသော သတင်းစာစက္ကူစကိုကိုင်ကာ အိမ်ထဲဝင်လာ၏။
‘ဖိုးအေး . . .ငါ့မြေး . . .ဒီနားနေ . . .ဘယ်မှမသွားနဲ့ . . .
အဘွားကြောက်လို့နော် . . .နံပြားကျွေးမယ်’
ဖိုးအေးကား အနားမှာထိုင်လျက် လက်ဖက်ရည်ပူပူကိုသောက် လိုက်၊ နံပြားကို သွားဖုံးများနှင့် ၀ါးလိုက်လုပ်နေသော အဖွားဖြစ်သူကို ငေးကြည့်နေသည်။
ဘာလိုလိုနှင့် နေစောင်းလာပြီ။
ဝန်းကျင်တစ်ခုလုံး၊ တစ်ရပ်ကွက်လုံး သက်မဲ့များအလား တိတ်ဆိတ်နေတော့သည်။ ရက်စွဲတို့သည် နေ့နှင့်ည ဖြစ်ပျက်ခြင်းကို အကူအညီဖြင့် ဆုတ်ဖြဲခံနေရသည်။ လူတစ်ယောက်၏ ဖြစ်တည်မှု ဖြစ်စဉ်များသည် ရက်စွဲများနှင့်အတူ ပျောက်ပျက်လာ၏။
ဒီလိုနှင့် သစ်ရွက်တို့နှယ် ရင့်ရော်ပြန်လေသည်။ ။
နေထွတ်
———————————
ရွှေအမြူတေမဂ္ဂဇင်း။ အမှတ် ၆၃၊ ဇန်န၀ါရီလ၊ ၁၉၉၅။
—————————————