လူတစ်ယောက်ရဲ့ ဒိုင်ယာရီ

ပြာလဲ့သော ကောင်းကင်ကားတစ်ချပ်ထဲ ဖြူလွလွသိုးအုပ်များ အလုအယက်တိုးဝှေ့နေသကဲ့သို့ တိမ်လိပ်များ ခပ်နိမ့်နိမ့်ပျံသန်းနေသည်။

နေသာသောတစ်ရက်တွင် စာတိုက်သို့ ကျွန်တော်ပထမဆုံး ရောက်ရှိသွား ခဲ့သည်။ ဤရောင့်ရဲနိုင်ကြသော မြို့ကလေး၏ တစ်ခုတည်းသော စာတိုက်မှာ မြို့၏ အခြားညစ်ထေးသော အဆောက်အအုံများအတိုင်းပင် အရောင်မွဲမွဲ ခိုအုပ်များလည်း ရှိနေသည်ကို တွေ့ရသည်။ စာတိုက်ရှိရာ အဆောက်အအုံ၏ အညိုဖျော့ဖျော့ အုတ်ရိုးများသည် နှစ်ကာလများစွာ၏ ရိုက်နှက်မှုကို အကြိမ်ကြိမ်ခံထားရသဖြင့် အလွန်ညိုးရော်နေ၏။ စတုဂံ ကျကျ နှစ်ခန်းတွဲ အဆောက်အအုံ၏ နဖူးတွင်မူ အင်္ဂလိပ်အက္ခရာဖြင့် ရွှေဟူသော အဓိပ္ပါယ်ရသည့် စကားလုံးတစ်လုံးကို စပါးနှံနှစ်ခုရံ၍ သရုပ်ဖော်ထားသည်။ စာ၏အောက်တွင်မူ ၁၈၉၁ ဟူ၍ ဂဏန်းလေး လုံးကို တွေ့ရသည်။

”မှတ်ပုံတင် စာပို့ချင်လို့ပါ” စာတိုက်မှူးသည် ကျွန်တော်၏ ခပ်လွင်လွင် စာအိတ်ကလေး အား ‘အာရ်’ဟူသော တံဆိပ်တုံးကို ဒုန်းကနဲထုကာ စာပို့တန်ဖိုး သုံးကျပ်ဟူသည့် ဖြတ်ပိုင်းကလေးကို လှမ်းပေး၏။ ကျွန်တော်သည် အခြားမြို့များမှ စာတိုက်များနည်းတူ ၀တ်ကျေတန်းကျေ ချိတ်ဆွဲထား သော လျော့ရဲရဲဇယားများ ဖြူရော်ရော် မြေပုံတစ်ချပ်နှင့် ဆေးကျဆေးန မကောင်းသော ပြက္ခဒိန်များ ချိတ်ဆွဲထားသည့်နံရံများမှ အကြည့်လွှဲကာ ငွေသုံးကျပ်ကို စာတိုက်မှူးထံ လှမ်းပေးလိုက်သည်။

စာတိုက်ပုံးနီနီလေး ၏အလွန် အုတ်လှေကားပေါ်တွင်မူ လူတစ်ယောက်အိပ်မောကျနေ၏။ နေ့စဉ်ရက်ဆက် အိပ်ရေးပျက်ထားသူ တစ်ယောက် သို့မဟုတ် ပစ္စက္ခ လောကကြီးအား နေ့များအဖြစ်သာ မြင်လိုသူတစ်ယောက် အိပ်စက်နေ သကဲ့သို့ ခြေပစ်လက်ပစ်အိပ်နေသူဖြစ်သည်။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်း တွင် အ၀တ်အစားမပါရှိပါ။ သို့သော် ထိုသူမှာ အလွန်အားမာန်ချိနဲ့နေသူ တစ်ယောက်ဟု မြင်ရုံနှင့် သိနိုင်သူဖြစ်သည်။ စာသား၏တစ်ဘက်ခန်းမှာ ဆေးမရှိတော့သည့် တံခါးမကြီးနှစ်ချပ်ပိတ်ထားသော လူနေအိမ်သာ ဖြစ်ဟန်ရှိပါသည်။ မီးသွေးခဲများကလည်း အိမ်ရှေ့တွင် တစ်စစီပြန့်ကျဲ နေ၏။ သစ်သားတံခါးမကြီးနှင့် အုတ်နံရံများ၏ ညာဘက် အထက် ကျကျတွင်မူ မီးသွေးခဲနှင့် ရေးသားထားသောစာများ ဟိုတစ်ခု ဒီတစ်ခု ရှိနေ၏။ ‘ဒီနေ့ ထမင်းမစားရသေး’ ဟူသော စာကြောင်းမှာ ခပ်နိမ့်နိမ့် နေရာတွင်ရှိသည်။ ထိုစာလုံးများ၏ ညာဘက်အထက်ကျကျတွင်မူ ‘ငါးကျပ်တန်စုတ်လို့ လက်ဖက်ရည်ဝယ်မရ’ ဟု ရေးထားသည်။

စာတိုက်က ကျွန်တော် ပြန်လာသောအခါ ပလက်ဖောင်းပေါ် တွင် အစာရှာနေသောခိုကလေးများ ဗြုန်းကနဲ အပေါ်သို့ပျံတက်သွား ကြသည်။ တနင်္လာနေ့တစ်ရက်တွင် ကျွန်တော့်ထံ စာပို့သမားတစ်ယောက် ရောက်လာကာ ငွေလွှဲစာတွင်လက်မှတ်ထိုးဖို့ ငွေပို့လွှာကဒ်အားပေးသည်။ ကျွန်တော့်ထံ ပို့လိုက်သောငွေမှာ မဂ္ဂဇင်းတိုက်တစ်ခုမှ စာမူခဖြစ်၍ နောက်တစ်နေ့မနက် စာတိုက်တွင် ငွေလာထုတ်ယူရန်လည်း မှာသွား သည်။

အင်္ဂါနေ့မနက်ပိုင်းတွင် ကျွန်တော်စာတိုက်ကို ရောက်ခဲ့သည်။ စာတိုက်သို့မ၀င်ခင် စာတိုက်နှင့်တစ်ဆက်တည်းရှိသည့် တစ်ဖက်ခန်းကို ကျွန်တော်ကြည့်ဖြစ်အောင် ကြည့်မိသည်။ တစ်ခါက တွေ့ခဲ့ဖူးသောလူမှာ အိမ်ရှေ့အ၀င်ဝ လှေကားခုံပေါ်တွင် ခပ်ငူငူထိုင်နေ၏။ သူ့၏မျက်နှာမှာ တစ်စုံတစ်ရာကိုမကျေနပ်သော လူတစ်ယောက်၏ မျက်နှာမျိုးဖြစ်သည်။ သူ့ခန္ဓာကိုယ်မှာ ချေးအထပ်ထပ်နှင့် ဖြစ်သော်လည်း အသားအရေ စိုပြေခဲ့သူဖြစ်ကြောင်း တွေ့မြရသည်။ ထိုလူရှိ အထူးဆန်းဆုံး အင်္ဂါရပ်မှာ မျက်လုံးများဖြစ်ပြီး၊ မရှိသော တစ်စုံတစ်ရာကို စူးစိုက်ကြည့်နေသကဲ့သို့ ဖြစ်သည်။ သူ့မျက်ကွင်းများမှာလည်း ချိုင့်ခွက်နေပြီး သူ့ဘ၀၏ ကျန်ခဲ့ သောနေ့ရက်များတွင် တစ်ကြိမ်မျ အိပ်စက်ပစ်ခဲ့ဘူးသူမဟုတ်ဟု ထင်ရ သည်။

ကျွန်တော် စာတိုက်ရုံးထဲဝင်လိုက်ချိန်တွင် မနေ့က စာပို့သမား ရောက်မလာသေးပါ။ စာတိုက်မှူးမှာ သတင်းစာတစ်စောင်ကို စူးစူး စိုက်စိုက်ဖတ်နေ၍ အထွေထွေ အလုပ်သမားဖြစ်ဟန်ရှိသူမှာ ရုံးဖိုင်များကို နေရာတကျ ပြင်ဆင်နေသူကို တွေ့ရ၏။

”ကျွန်တော့်နာမည်နဲ့ ငွေပို့လွှာရောက်လာတယ်ဆိုလို့ ငွေထုတ် ဖို့လာတာပါ” ကျွန်တော်က အထွေထွေလုပ်သားကို ပြောလိုက်သည်။ ထို အခါ သတင်းစာဖတ်နေသော စာတိုက်မှူးက ”သြော် – ထိုင်ပါဦး” ကျွန်တော်သည် အနီးရှိ ခုံတစ်လုံးပေါ်တွင် ၀င်ထိုင်လိုက်သည်။

”စာပို့သမား မရောက်သေးဘူးဗျ။ သူယူလာလိမ့်မယ်။ ခဏ စောင့်ပါ” ဟုပြောကာ သတင်းစာကို ဆက်ဖတ်နေတော့၏။ ကျွန်တော်မှာ အုတ်နံရံတစ်ဘက်ရှိ အခန်းထဲသို့သာ စိတ်ရောက်နေသည်။ ထိုလူ မိနစ်အတန်ကြာသောအခါ စာပို့သမား ရောက်လာသည်။ ထို့နောက် စကားစမြည်ပြောက စာမူခငွေကို ကျွန်တော့်အားပေးလေသည်။ ကျွန် တော်သည် မဖြစ်စလောက်သော စာမူခငွေအရေအတွက်ကို အထူး အဆန်းကြည့်နေသည့် စာပို့သမားအား အကြည့်လွှဲလိုက်၏။

ခိုမွဲမွဲလေးများသည် လမ်းတစ်ဖက် ပလက်ဖောင်းဆီသို့ တ ဖျတ်ဖျတ် ပြန်ဆင်းသွားကြ၏။ ဤစာမူခမှာ လွန်ခဲ့သောနှစ်က ထုတ်ခဲ့ သော လစဉ်မဂ္ဂဇင်းစာအုပ်မှ စာမူခဖြစ်သည်။ ဒီလ ၀တ္ထုတစ်ပုဒ်မှ ပါမလာသေးပါ။

စာတိုက်ပုံးကလေးထဲသို့ ကောင်မလေးနှစ်ယောက် စာလာထည့်နေ၏။ ကျွန်တော့်ချစ်သူဆီမှ စာမလာတော့သည်မှာ တစ် နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ကျွန်တော်သည် စာပို့သမားအားနှုတ်ဆက်ကာ ခပ်ဖွဲဖွဲကျနေ သော နေရောင်များထဲသို့ လမ်းလျောက်ထွက်လာခဲ့သည်။

”ဒေါင်”

ပလက်ဖောင်းပေါ်သို့ အရောက်တွင် ဒန်ခွက်တစ်လုံးက ကျွန်တော့်ခြေထောက်နား လွင့်ရောက်လာ၏။ ကျွန်တော် ခွက်လာရာ တစ်ဖက်ခန်းကို လှည့်ကြည့်လိုက်မိသည်။

”ငွေငါးဆယ် လာပေးသွားတယ်” ”လုံးဝ လက်မှတ်မထိုးဘူး” မီးသွေးခဲများဖြင့် ရေးထားသော တံခါးရွက်ကြီးများပေါ်မှ စာများကို အထင်းသားဖတ်လိုက်ရလေသည်။ ထိုသူမှာ ကျွန်တော့်ကို မကြည့်ဘဲ မြေကြီးကိုသာကြည့်ကာ တံတွေးကို တပျစ်ပျစ်ထွေးနေ၏။ ကမ္ဘာမြေကြီးမှာ အလွန်သည်းခံနိုင် ကြောင်း သူသိရော့လေသလား မသိနိုင်ပါ။

ကျွန်တော်နေထိုင်ရာသို့ စာများရောက်လာသကဲ့သို့ ကျွန်တော် ကလည်း စာတိုက်သွား၍ အကြိမ်ကြိမ် စာသွားပို့ဖြစ်ခဲ့သည်။ ကျွန်တော် စာတိုက်သို့ ရောက်တိုင်းလည်း စာတိုက်ဘေးခန်းမှလူနှင့် သူ၏လက်ရာ များကို အမြဲတွေ့ခဲ့ရသည်ချည်းဖြစ်သည်။

မိန်းမ = သစ္စာမရှိ ငွေမက်တယ်။ မုန်းတယ်။ အချစ်ဆိုတာ ကြားဖူးတာပဲ ရှိတယ်။ လုံးဝ လက်မှတ်မထိုး။ နမ်းတယ်။ လက်မခံ။ ပေါင်မုန့်တွေဟာ အသိုးတွေ။ တံခါးရွက်စာများသည် တစ်ကြိမ်တစ်ကြိမ် ကျွန်တော် စပ်စု လိုက်တိုင်း နှိုးဆွနေတတ်သည်။ နွေတစ်ရက်တွင် နှစ်နှစ်ကြာသည့်တိုင် စာပြန်ဖို့ ပျက်ကွက်ခဲ့ပြီဖြစ်သော ကျွန်တော့်ချစ်သူထံသို့ စာတစ်စောင်နှင့် မဂ္ဂဇင်းတိုက်တစ်ခုသို့ ၀တ္ထုတိုတစ်ပုဒ်ပို့ရန် ထိုစာတိုက်ဘေးသို့ ကျွန်တော် ရောက်သွားခဲ့ပါသည်။

စာတိုက်သည် အလွန်အိုစာသွားသောလူတစ် ယောက်လို နွမ်းလျနေ၏။ သို့သော် စာထည့်သူတို့၏ ခပ်ဆွေးဆွေး သီချင်းများကို သီဆိုနေကြသည်။ စာတိုက်ရှေ့မှ စာတိုက်ပုံးလေးမှာ ဖုန်မှုန့်တွေ ဖွေးဖွေးထင်နေကြ၏။

”ခင်ဗျားစာတွေ အလာကျဲသွားတယ်ဗျာ” စာတိုက်မှူးက တရင်းတနှီး နှုတ်ဆက်လေသည်။ ကျွန်တော့် တွင်ရှိသော ချစ်သူတစ်ယောက် လွန်ခဲ့သောနှစ်က ပျောက်ရှသွားခဲ့သည့် အကြောင်းကို ကျွန်တော်မပြောဖြစ်ပါ။ နွေသည် မည်မျပူလောင်ကြောင်း ကိုသာ ပြောဖြစ်ခဲ့၏။

”ဟား ဟား ဟား”

ထိုစဉ် ရယ်သံပေါ့ပေါ့တစ်ခုသည် ကျွန်တော်တို့ကြားသို့ ပျံ့လွင့် လာ၏။ စာတိုက်မှူး မျက်နှာပျက်သွားသည်ကို ကျွန်တော်မြင်လိုက် သည်။

”သူက တစ်မျိုးဗျာ” ကျွန်တော်သည် ရေငတ်ချိန်ဖြစ်၍ စမ်းချောင်းကို တွေ့သော အခါ ပျော်သွားမည့်သူဖြစ်သည်။ ”နေပါဦး။ သူက ဘာဖြစ်လို့လဲ” ”သူက ဒီအဆောက်အအုံ ပိုင်ရှင်လေဗျာ” လမ်းပေါ်မှာအိပ်ရသည့်လူက အဆောက်အအုံပိုင်ဆိုင်သည် ဆိုတော့ ကျွန်တော်အံ့အားတသင့်ဖြစ်ရသည်။

”သူက ဘွဲ့ရတစ်ယောက်ပဲ။ အမှုတစ်ခုနဲ့ ပထမထောင်ကျပြီး ဒုတိယ စိတ်ရောဂါကုဆေးရုံကို ပို့ထားရတာဗျာ။ ဆွေမျိုးမရှိဘူး။ မိန်းမတော့ရှိတယ်။ မပေါင်းဘူးဗျ။ သားသမီးလည်းမရှိဘူး။ သနားပါ တယ်ဗျာ။ ကုလို့မရတော့ဘူးဗျ။”

”နမ်းတယ်။ လက်မခံ” တဲ့။

ထိုနေ့မှ မြို့ကလေးသည် အလွန်ဆိတ်ငြိမ်နေသည်။ ကျွန် တော်သည် ပူနွေးစူးရှသော နေရောင်များအောက်တွင် လမ်းလျောက် လာခဲ့သည်။ လေသည် လူတစ်ယောက်၏ နားဝမှထွက်သော အာငွေ့ များကဲ့သို့ လတ်ဆတ်မှုမရှိပါ။ ရွက်သစ်လောင်းစ သစ်ပင်ရိပ်များကလည်း နေသားကျအောင် အရိပ်မပေးတတ်သေးပါ။ အိုဟောင်းနေသော အ ဆောက်အအုံများပေါ်တွင် ခိုငှက်များ မရှိတော့သည့်အလား တိတ်ဆိတ် နေသည်။

လမ်းတစ်ဖက် ပလက်ဖောင်းပေါ်အရောက် စာတိုက်ရှိရာ ကျွန်တော်လှမ်းကြည့်လိုက်သည်။

စာတိုက်အား ကစားကွင်းအသစ်တောင်ဘက်တွင် ပြောင်းရွှေ့ ထားပါသည်။ စာတိုက်အဆောက်အအုံတစ်ခုလုံး တံခါးပိတ်ထားပါသည်။

တစ်ဖက်ခန်းမှ ဒိုင်ယာရီကား မရှိတော့ပါ။ သန့်ပြန့်သော နီညိုရောင် ဆေးအသစ် သုတ်ထားသည်ကိုသာ တွေ့ရပါသည်။ လူအရိပ် တစ်စုံ တစ်ရာမျလည်း မမြင်တွေ့ရပါ။ ကျွန်တော့်လက်ထဲက စာအိတ်တစ် လုံးသည် ၀တ္တုတစ်ပုဒ်ဖြစ်ပါတယ်။

ကျွန်တော်သည် ထိုလမ်းအတိုင်း အနောက်ဘက်သို့ ဆင်းခဲ့ သည်။ မိုးသစ်ပင်ကြီးများသည် လမ်းတစ်ဖက်တစ်ချက်စီတွင် တုန်လှုပ် ချောက်ချားဖွယ် တိတ်ဆိတ်နေ၏။ လမ်းဘေးကဖေးဆိုင်တစ်ချို့တွင်တော့ လူအများထိုင်နေကြသည်။ သူတို့အဖို့ ထူးထူးခြားခြား ပြောင်းလဲသွား ဟန်မရှိပါ။

ကျွန်တော်သည် ကျောက်ကြမ်းခင်းထားသောလမ်းပေါ်မှ ခြောက်သွေ့သောကွင်းပြင်ဆီသို့ရောက်သွား၏။ ပလတ်စတစ်အမှိုက်များ၊ သားရေပုပ်နံ့များဖြင့် အကျည်းတန်လှသော ကွင်းပြင်ကြီးထဲသို့ ရောက် လာခဲ့သည်။ နေပူလှသော ကွင်းပြင်ကြီးထဲတွင် တံလှပ်များက တမလွန်မှ ၀ိညာဉ်များအလား တလှပ်လှပ်ခုန်နေကြသည်။ အထီးထီးသော ကွင်းပြင် ကျယ်ထဲတွင် ခွေးလေးများ တစ်ကောင်စနှစ်ကောင်စတွေ့ရသည်။ ကွင်း၏ ခြုံနွယ်များ၊ မြက်ရိုင်းများရှိနေသော အစပ်တွင်မူ အညိုရောင်မြင်းတစ် ကောင် မြက်စားနေ၏။

တစ်ခါတစ်ရံတွင် အဝေးမှကားဟွန်းသံများ ကြားရတတ်သည်။ ဟိုယခင်ကတော့ ဤကွင်းပြင်တွင် ခြေသလုံးအိမ်တိုက်များ၊ အိမ်ပြေးများနှင့် စည်ကားခဲ့ဖူးပါသည်။ ငိုကြွေသူများ၊ အလွမ်းပြေလာ ကြသူများ နိစ္စဓူဝရှိပါမည်။ ကွင်း၏ တောင်ဘက်တွင် စာတိုက်အဆောက် အအုံသစ်ကို ထင်ထင်ရှားရှား မြင်နေရသည်။

လူသူလေးပါး အလွန်တိတ် ဆိတ်သောနေရာတွင် အနီရောင်စာတိုက်ပုံးလေးမှာ ခပ်ငိုင်ငိုင်ရပ်ရှာ၏။ ကျွန်တော်သည် စာတိုက်ရှိရာသို့ ဦးတည်ကာ ကွင်းပြင်ကိုဖြတ် လာခဲ့သည်။ တစ်ခါတစ်ရံ ကျွန်တော်ဖိနပ်များသည် မြေထဲမှ မထင်မရှား ပေါ်နေသော အရိုးအကြွင်းအကျန်များအား ထိခိုက်သွားတတ်၏။ မြက် ရိုင်းများနှင့် အသုံးမ၀င်သောအပင်ငယ်များသည် စိမ်းစိုနေကြသည်။

”ဟော တစ်ဦးတည်းသောဖောက်သည်ကြီးပါလား။ လာဗျို့”

အပြာနုရောင် အဆောက်အအုံထဲမှာ စာတိုက်မှူး၏အသံသည် ကျွန်တော့်အား လှမ်း၍ ဆီးကြိုနေ၏။ ကျွန်တော်သည် စားပွဲတစ်လုံး အနီးမှ ခုံတစ်လုံးပေါ်တွင် ခြေပစ်လက်ပစ်ထိုင်လိုက်သည်။

”နေက အတော်ပြင်းတာပဲဗျာ” ကျွန်တော်က စာတိုက်မှူးကို ပြောလိုက်သည်။ စာပို့သမားများ ရောက်လာသေးဟန် မတူပါ။

”ကျွန်တော်လည်း တစ်ယောက်တည်းဗျာ။ ညဆိုလည်း ခွေးအူသံအရှည်ကြီးပဲ ကြားရတယ်။ ဒီအနားမှာ လူတွေမနေရဲကြ ဘူးဗျာ” စာတိုက်မှူး၏ မျက်လုံးများမှာ အနည်းငယ်ပြူးနေသယောင် ကျွန်တော်တွေ့ရသည်။

သူ၏ အသားအရေမှာလည်း လှောင်အိမ်ထဲမှ သတ္တ၀ါကောင်အလား ညှိးခြောက်နေသည်။

”မှတ်ပုံတင်ပြီး ပို့မှာပါ” ကျွန်တော်သည် စာအိတ်ကို မှတ်ပုံတင်ကောင်တာပေါ် တင် လိုက်ကာ စာတိုက်မှူးကို မကြည့်တော့ဘဲ အဝေးကွင်းပြင်ကြီးကိုသာ ငေးနေမိ၏။ တံဆိပ်ထုသံ၊ မှတ်ပုံတင်ဖြတ်ပိုင်း ဆုတ်သံများမှာ ကျွန် တော့်အာရုံထဲတွင် အကျယ်ကြီးကြားနေရသည်။

”၀တ္ထုပဲလားဗျာ”

ကျွန်တော်က မကြားသလိုနှင့် ကွင်းပြင်ကျယ်ကိုဖြတ်၍ တိုက် လာသော လေစိမ်းများကို တစ်ဝရှူပစ်လိုက်၏။ ကျွန်တော် အလန့် တကြားဖြစ်သွားရသည်။

လေများတွင် စိမ်းရွှေရွှေအနံ့များ ပါလာသော ကြောင့် ဖြစ်သည်။

”ခင်ဗျားတို့ ဘာလို့ဒီနေရာမျိုးကို ရွှေ့လာရတာလဲ”

ကျွန်တော်ကမေးလိုက်တော့ စာတိုက်မှူးက အသံနက်ကြီးဖြင့် တဟားဟား ရယ်ပါသည်။

ထို့နောက်မှ အရယ်ရပ်ကာ ခပ်မျင်းမျင်း ပြောသည်။

”လူတွေက ကြောက်စရာကောင်းသဗျာ။ အငှားစာချုပ်က ကုန်သွားပြီ။ သူ့မိန်းမက ဆက်မငှားတော့ဘူး” စာတိုက်မှူး၏စကား အစီအစဉ်မကျလှပေ။

သို့သော် ဘယ်သူ့ မိန်းမလဲဟု ကျွန်တော်ပြန်မမေးမိပါ။

”နောက်ဆုံးတော့ ဒီလူက လက်မှတ်ထိုးပေလိုက်တာဗျ။ နေပါ ဦး။ ခု ခင်ဗျားဝတ္ထုက ဘာအကြောင်းလဲ”

ကျွန်တော်သည် စာတိုက်မှူးအား ဘာမှမပြောမိဘဲ ပြန်လာ ခဲ့သည်။

စာတိုက်မှူး၏ရယ်သံမှာ ကျွန်တော့်ကျောဘက်တွင်ေ၀၀ါး၍ ကျန်ရစ်ခဲ့သည်။ ကွင်းပြင်ကျယ်ကြီး၏အလွန် အမှိုက်ပုံးများ အကြား အရောက်တွင် ကျွန်တော်တစ်စုံတစ်ခုကို တွေ့လိုက်ရ၏။

လူ – သစ္စာမရှိ ဒါပေမယ့် ငါလက်မှတ် ထိုးပေးလိုက်တယ်။

အုတ်နံရံတစ်ခုပေါ်တွင် မီးသွေးခဲဖြင့်ရေးထားသော စာနှစ် ကြောင်းသာ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ထိုနေ့က စာတိုက်သို့ပို့ဖြစ်သော ၀တ္ထုမှာ ယခုရေးနေသော ၀တ္ထုဖြစ်ကြောင်းကိုတော့ စာတိုက်မှူးအား ကျွန်တော်ပြောခဲ့ဖို့ ကောင်းပါသည်။ ။

———-

နေထွတ်

မဟေသီမဂ္ဂဇင်း ၁၉၉၈။

——————————-

(အမှတ်တရ စကားချပ်)

အဲဒီတုန်းက ၁၉၉၆-၉၇ ကာလတွေဖြစ်ပါတယ်။ မန္တလေးမှာ ကျနော်စာပို့နေကျ။ ပါဆယ်ထုတ်နေကျ စာတိုက်က ကွမ်းခြံစာတိုက်ပါ။ အရင် ကွမ်းခြံရပ်မှာရှိရာက နောက်တော့ ကျနော်တို့ ရွာဟိုင်းဈေးဘေးက ၃၉ လမ်း၊ ၈၅ လမ်းထောင့်က အင်္ဂလိပ်ခေတ် တိုက်ဟောင်းကြီးတခုရဲ့ အခန်းတခန်းမှာ ဖွင့်ခဲ့တာလို့သိရပါတယ်၊  ကျနော် မန္တလေးစရောက်တဲ့ ၉၁ ခုနှစ်ကတည်းက အဲဒီနေရာမှာရှိနေရာက ၉၆ လောက်အထိဖြစ်ပါတယ်။ အတိကျတော့ မသိပါ။

ဒါပေမယ့် နာမည်ကျော် မန္တလေးရဲ့ နာမည်ကျော် ရွာဟိုင်းဈေးအနောက်ဖက်က ရွာဟိုင်းသုဿန်ကြီးကို ဖျက်ပြီးတော့ နှစ်အတန်ကြာတော့ အဲဒီကွမ်းခြံစာတိုက်ကို သုဿန်ဟောင်းရဲ့ ကွင်းပြင်ကြီးကို ကျော်ပြီး တောင်ဖက် အင်းစပ်စပ်တွေကြား ပြောင်းလိုက်ပါတယ်။

ဒီသုဿန်က နာမည်ကြီးလို့ပြောရတာက နိုင်ငံရေးအထင်ကရဖြစ်တဲ့ သခင်ဗဟိန်းအုတ်ဂူနဲ့ စာဆိုကြီး အလင်္ကာကျော်စွာ မြို့မငြိမ်းတို့ ရဲ့ နောက်ဆုံး မြေမြုပ်သင်္ဂြုဟ်ရာ အမှတ်တရ နေရာကြီးဖြစ်လို့ပါပဲ။

ဒီမြင်ကွင်းတွေနဲ့ လူတယောက်အကြောင်း ခံစားရေးခဲ့ပါတယ်၊ မဟေသီမဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်၊

———————————————————————

Advertisements

ကျွန်တော် မန္တလေးကို မိုးရွာရက်ကြီးထဲမှာ ချန်ထားခဲ့ရတယ်။ တိမ်မည်းလိပ်တွေနဲ့ ဖြူဖွေးဖွေးမိုးစက်အုပ်တွေက မန္တလေးတစ်မြို့လုံးကို သိမ်းပိုက်ပါသွားခဲ့တဲ့ အချိန်ပေါ့။ အနောက်တိုင်းတေးသွားသံတွေက ရောင်စုံတီဗီလေးထဲက တစ်ချက်တစ်ချက် ခုန်ချလာနေတယ်။ ဒါပေမယ့် ကျွန်တော့်မျက်လုံးတွေကိုတော့ တရိပ်ရိပ်ပြေးနေတဲ့ ၀န်းကျင်ရှုခင်းပေါ်က နေ ပြန်မရုပ်သိမ်းမိဘူး။ ရထားကတော့ သူ့ရဲ့ကိုယ်ပိုင်နရီစည်းချက်နဲ့ သီချင်းတစ်ပုဒ်ကို တီးခတ်နေတယ်။ အားလုံးဟာ ငြိမ်းချမ်းလတ်ဆတ်နေ တယ်။

ကျွန်တော်ဟာ ကျွန်တော့်ကိုယ့်စိတ်နှစ်ပါးက ရန်ကုန်ကိုရောက်ဖို့ ရထားကိုစီးနေရတယ်ဆိုတာသိရက်နဲ့ ဘာလို့ ကျွန်တော့်ဘ၀က ရထား တွေကို အမြဲစီးနေခဲ့ရတာလဲဆိုတာကို နားမလည်နိုင်ဘူး ဖြစ်နေမိတယ်။

အနားက ကျွန်တော့်အရွယ် လူရွယ်လေးယောက်က ကျွန်တော့် အတွေးတွေနဲ့ဆန့်ကျင်စွာ ရယ်မောနေကြလို့။ ကျွန်တော့်အနေနဲ့ သူတ ကာလို ဘာလို့ မရယ်မောနိုင်တာလဲဆိုတာကို စဉ်းစားနေမိပြန်တယ်။ ကျွန်တော်ဟာ မျက်လုံးတွေမှာလာထင်တဲ့ ပြေးလွှားပုံရိပ်တွေကိုငေးလိုက်၊ နားတွေမှာ လာရိုက်ခတ်တဲ့အသံတွေကို စုပ်ထုတ်လိုက်နဲ့ ကျွန်တော်နဲ့ အလှမ်းကွာမိနေတဲ့ ပစ္စုပ္ပန်ကို ပြန်ဆွဲယူနေမိတယ်။ ကျွန်တော် ရန်ကုန်ကို ခရီးသွားနေပါတယ်။ ကျွန်တော်ဘေးက နှစ်ယောက်တွဲခုံနှစ်ခုမှာ အရွယ် တူ လူလေးယောက်ဟာ ပြုံးပျော်လို့၊ ဟားတိုက်လို့။

ကျွန်တော်ဟာ ပစ္စုပ္ပန်နဲ့ သဟဇာတမကျစွာ အထီးကျန်နေ တယ်။ ကျွန်တော့် ငယ်သူငယ်ချင်းတွေကို လွန်ခဲ့တဲ့ သက္ကရာဇ်တွေထဲမှာ ချန်ထားခဲ့ရတယ်။ ပြီးတော့ ကျွန်တော့်အချစ်ဦးကောင်မလေး။

”ဘယ်သူ့ကို အရေးခိုင်းခဲ့လဲမှ မသိတာကွာ”
”အောင်မလေး-ဖတ်ကြည့်စမ်းပါဦး။ မင်းတို့သာ ကျွေးဖို့ပြင် ထားပါ သူငယ်ချင်းရာ။ သိတယ်မဟုတ်လား”
ကျွန်တော့်နားထဲကို ၀င်လာတဲ့ တစ်ဖက်ခုံက အသံတွေက အလိုက်ကန်းဆိုးမသိစွာ ကျွန်တော့်အတွေးအာရုံကို ၀င်ပူးကပ်လာတယ်။
”ဟားဟား ကြည့်ပါဦးကွာ။ ယင်းမာပင်က ငကြောင်ပဲဟေ့”

ကျွန်တော် မသိမသာ လှည့်ကြည့်လိုက်မိတယ်။ ယင်းမာပင်က တဲ့။ ကျွန်တော်ကျင်လည်ခဲ့ဖူးတဲ့ မြို့ငယ်လေးရဲ့ အမည်ပါလား။ သူတို့ အထဲက တစ်ဦးတစ်ယောက်မှ ကျွန်တော်ကျက်မိခဲ့တဲ့ မျက်နှာမျိုးမရှိ ကြဘူး။ ဟုတ်တယ်။ သူတို့အထဲက ဘယ်သူ့ကိုမှ ကျွန်တော်မသိပါဘူး။

”ကြည့်စမ်း၊ ငကြောင်၊ ဓာတ်ပုံကို နမ်းသတဲ့ကွာ။ ဟေ့ကောင် ဘာနံ့ရလဲကွ”
”မင်းတို့မယုံဘူးဆိုလို့လေ။ လက်တွေ့ပြတာ၊ ၀မ်းတေဘယ်၊ ၀မ်းတေဘယ်နော်”
”ယင်းမာပင် ငကြောင်” လို့ သတ်မှတ်ခံရတဲ့သူ့ရဲ့ ဂုဏ်ယူစွာ ဖြေရှင်းသံ၊ ကျွန်တော်သိပြီ။ ဒီပက်စ်ပို့အရွယ်ပုံထဲက ကောင်မလေးကို ဒီလူက အရေးဆိုမယ်။ ဒီကိစ္စကို ကျန်တဲ့သုံးယောက်နဲ့ အလောင်းအစား လုပ်ထားတယ်။ ခု ဒီကောင်မလေးရဲ့ဓာတ်ပုံနဲ့ အဖြေပေးစာကိုရပြီး ဒီတော့ အလျော်တစ်ဝိုင်း လုပ်ပေးရမယ်ပေါ့။

ကျွန်တော်ဟာ နာရီစက္ကန့်အတော်ကြာကြာ သူတို့ရဲ့ ကိစ္စထဲမှာ မျောသွားရတယ်။ ယင်းမာပင်ကို ကျွန်တော်မရောက်တာကြာပြီ။ ယင်းမာ ပင်ကို အတိတ်သက္ကရာဇ် ဘူတာတစ်ခုလို နောက်ချန်ရစ်ခဲ့ရတာကြာပြီ။ ဘ၀ဟာ အဆုံးမဲ့တဲ့ ရထားတစ်စင်းလိုပါပဲလား။ အချိန်နဲ့အမျ အချိုး အကွေ့တွေ စုရပ်တွေကို ဘူတာစဉ်အဖြစ် ခဏရပ်နားလို့ရတာပေါ့။

ရန်ကုန်ရထားဟာ လျပ်ရောင်တစ်ဝင်းဝင်းဖြစ်နေတဲ့ မြေပြန့် မှိုင်းညိုညိုထဲကို ပြေးဝင်နေတယ်။ ပြတင်းတံခါးဝကနေ ပတ်ဝန်းကျင်ကို ကျွန်တော် ငေးမောနေမိတယ်။ ခဏလေးလိုနဲ့ ခုချိန်ထိ မတွေ့ရနိုင်သေး တဲ့ ကျွန်တော်နဲ့လက်ပွန်းတတီး နေခဲ့ဖူးသူတွေအကြောင်း ကျွန်တော် တွေးနေမိတယ်။ ရင်ထဲမှာလည်း လှိုက်ဟာလို့ ဒီအထဲက တချို့ဟာ ခုဆို မဆုံဆည်းနိုင်လောက်အောင် ကွဲကွာခဲ့ကြပြီ။

မိုးစက်တွေက ကျွန်တော့်မျက်နှာပေါ်ကို ပြေးဆင်းလာကြတယ်။ ကျွန်တော့်ရင်ခွင်ထဲ တိုးဝှေ့ဝင်လာကြတယ်။ ကျွန်တော်ဟာ မှန်တံခါး ရွက်ကို ဆွဲချလိုက်ရင်း မှောင်အတိကျနေတဲ့ မှန်ချပ်ဟိုမှာဘက်က အရိပ်တွေကို စူးစမ်းငေးမောကြည့်နေမိတယ်။ တစ်ခါတစ်ရံ လျပ်ရောင် တွေတစ်ဝင်းဝင်းနဲ့ ကွဲအက်နေတဲ့ ကောင်းကင်မိုးသားကို အထိတ်တလန့် မြင်နေရတယ်။

ကျွန်တော်ဘေးက လူရွယ်လေးယောက်ကတော့ သူတို့ရဲ့ ခုံတွေမှာ မရှိကြတော့ဘူး။ ရထားစားသောက်တွဲက ကောင်လေးတစ် ယောက်က ”ဘာမှာမလဲ” လို့ လာမေးတယ်။ နေ့လည်ကတည်းက ကျွန်တော့်အစာအိမ်ကို ဘာတစ်ခုမှ အလိုမလိုက်ခဲ့သေးတာကို သတိရ လိုက်တယ်။ ကျွန်တော်ဟာ ဘာမှ မပြောတော့ဘဲ ကျွန်တော်ထိုင်နေတဲ့ အတွဲရဲ့ ရှေ့ကပ်လျက်က စားသောက်တွဲဆီကို ဒယိမ်းဒယိုင် ထွက်လာ ခဲ့တယ်။ ရထားကြီးကတော့ မိုးတိမ်မည်းအရိပ်တွေ၊ သန်မာတဲ့ မိုးစက် တွေပြိုကျ ပိတ်ဆီးနေတဲ့ ကွင်းပြင်ကျယ်ကြီးထဲ ဇွတ်တိုးဝင်နေတယ်။ လူ့ဘ၀ဆိုတာလည်း ဒီလိုပဲနေမှာပါ။ တစ်ခါတစ်ရံ ငြိမ်းချမ်းအေးဆေး လိုက်၊ တစ်ခါတစ်ရံ မှောင်မည်းခက်ထန်လိုက်လေ။

ကျွန်တော် ကြက်သားနဲ့ ထမင်းကြော်တစ်ပွဲ မှာလိုက်တယ်။ ပြီးတော့ ရေခဲစိမ်ထားတဲ့ ဘိလပ်ရည်တစ်လုံး။
”မင်း ကောင်မလေးက ဘာတဲ့  . . . ချစ်တယ်ဆိုတာကို အဓိပ္ပါယ်မဖော်တတ်ပါဘူးတဲ့။ ကိုကို ကျတော့တဲ့”
”အဟဲ၊ သိတယ်မဟုတ်လား . . .ဖိုးစွံနော် . . .ကိုကိုတဲ့။ ဟား ဟား ဟား”

ကျွန်တော် ခုံဘေးက လူရွယ်လေးယောက်ကို ကျွန်တော့်ရဲ့ မျက်စောင်းထိုးစားပွဲမှာ တွေ့ရပြန်တယ်။ တစ်ယောက်ရဲ့ လက်ထဲမှာ စာတစ်စောင်ကိုင်လို့ စာကနှစ်ရွက်ပူးစက္ကူတစ်ရွက်ရဲ့ မျက်နှာတစ်ဖက် မှာပဲ စာရေးတာကို မြင်နေရတယ်။ ဘာတွေရေးထားတယ် မသဲကွဲ ပေမယ့် လက်ရေးက အတော်လေး ၀ိုင်းစက်ညီညာတာကိုတော့ မှိန်ပြပြ မီးရောင်မှာ အကဲခတ်နိုင်ပါတယ်။ ဒီကောင်မလေးဟာ ဒီလူရဲ့ ပထမဆုံး စမ်းသပ်အချစ်ပဲ ဖြစ်မယ်ထင်တယ်။ ဒါမှမဟုတ် ပထမဦးဆုံး ချစ်သူ မဟုတ်တောင် ဒီကောင်မလေးရဲ့စာဟာ ဒီလူ့အဖို့ အတော်အောင်မြင် ပျော်ရွှင်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်ဆီက ပထမဦးဆုံး လက်ခံ ရရှိတဲ့ အဖြေပေးပြန်ကြားတာပဲဖြစ်မယ်။ နို့မဟုတ်ရင် ဒီလူနဲ့ သူ့သူငယ် ချင်းတွေ ဒီကလေးမရဲ့ ဓာတ်ပုံလေးအတွက် ဒီလောက်အကဲမပိုသင့်ဘူး မဟုတ်လား။ ခုဟာက တော်တော်ကို လွန်လွန်းပါတယ်။

ကျွန်တော်ဟာ ထမင်းကြော်ကိုပဲ ဆက်စားရင်း ကျွန်တော့်ရဲ့ ယင်းမာပင်နေ့ရက်တွေကို ပြန်သတိရနေဖြစ်တယ်။ အထူးသဖြင့်တော့ ကျွန်တော့် အချစ်ဦးကောင်မလေးရယ်။ သူနဲ့ပတ်သက်တဲ့ အကြောင်းတွေ ရယ်ကိုပေါ့။ ဒီလိုပဲ သူငယ်ချင်းတွေရဲ့ ကူညီဖေးမမှုတွေကြောင့် သူမကို စာပေးခဲ့ဖူးတယ်။ သုံးစောင်မြောက် စာပေးအပြီးမှာ ပြန်စာတစ်စောင် ရခဲ့တယ်။ ခြောက်လလောက်ကြာအပြီးမှာတော့ ကျွန်တော့်အတွေ့အကြုံ တုန်းကတော့ ဒီလို ဓာတ်ပုံပါမလာခဲ့ဘူး။ ဒါပေမယ့် သူတို့မသာတောင် သူတို့လောက်တော့ ကျွန်တော်ပျော်မြူးခဲ့တာ အမှန်ပါပဲ။ ၀ိုင်းစက် ညီညာတဲ့ သူမရဲ့ လက်ရေးစာလုံးတွေကို ဖတ်ပြီး ကြည်နူးခဲ့ဖူးတာပါပဲ။ ကျွန်တော် ဓာတ်ပုံတစ်ပုံကို တောင်းမိပါသေးရဲ့ နောက်ထပ်စာတစ်စောင် မှာတော့ ဓာတ်ပုံတစ်ပုံရခဲ့ရင်လည်း ခုချိန်မှာ အဲဒီဓာတ်ပုံဟာ ကျွန် တော့်အတွက် ဘာမှအဓိပ္ပါယ်ရှိလာမှာ မဟုတ်ပါဘူး။ သူမဟာ ကျွန်တော့် ဘ၀အချစ်ရဲ့ ပထမဦးဆုံး ဘူတာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ ကျွန်တော်ကပဲ ပြေးသွားခဲ့တဲ့ ရထားတစ်စင်းလား၊ သူမကပဲ ပြေးသွားခဲ့တဲ့ ရထားတစ်စင်းလား၊ ခုထိ ကျွန်တော်မဝေခွဲ နိုင်ပါဘူး။

ကျွန်တော်ဟာ ရထားပြတင်းကနေ တရိပ်ရိပ်ပြေးနေတဲ့ မသဲ ကွဲတဲ့ အရိပ်မည်းတွေကို ငေးမောနေမိရင်း အအေးကို ဆက်သောက် နေမိတယ်။

လူရွယ်လေးယောက်ကတော့ ပြည်ပဖြစ် ဘီယာပုလင်းတွေကို တစ်လုံးပြီးတစ်လုံးမှာယူပြီး အပျော်တွေနဲ့ ရယ်သံတွေအဖြစ် ပြောင်းလဲ ပစ်နေကြတယ်။ သူတို့ရဲ့စကားသံတွေကိုထောက်ပြီး ဒီကောင်မလေး ရဲ့အချစ်ကို ရမရ အလောင်းအစား လုပ်ထားခဲ့ကြတယ်ဆိုတာကို ကျွန်တော်အသေအချာ သိလိုက်ရတယ်။ တစ်ဆက်ထဲမှာပဲ ပတ်စ်ပို့အရွယ် ဓာတ်ပုံထဲကကောင်မလေးကိုလည်း မဆီမဆိုင် သနားသွားမိတယ်။

ကျွန်တော်ဟာ သူတို့လေးယောက်ထမသွားခင် ကျွန်တော့် နေရာကို ပြန်လာခဲ့တယ်။ ပြီးတော့ ရောက်တတ်ရာရာကို တွေးတောရင်း မှေးကနဲ အိပ်ပျော်သွားပါတယ်။

”ကိုကိုလို့ ခေါ်စေချင်တာလားဟင် . . . ကိုကိုလို့ပဲ နာမ်စား လေးရေးလိုက်တယ်။ ခေါ်တာတော့ မဟုတ်ပါဘူးနော် ကိုကို (ဘွာဘွာ) အမယ် ကွင်းစကွင်းပိတ်နဲ့ဗျာ . . .။ ကိုကို့ကို ချစ်တယ်လို့ လွယ်လွယ် မပြောပါရစေနဲ့။ ချစ်တယ်ဆိုတာကို အဓိပ္ပာယ်မဖော်တတ်ပါဘူး။ ကိုကို ကိုတော . . .တဲ့”

ကျွန်တော်နိုးလာတော့ ဘေးခုံက လူရွယ်လေးယောက်ထဲက အတော်ကလေးမူးယစ်နေပြီဖြစ်တဲ့ တစ်ယောက်က စာကိုအော်ဖတ်နေ တာကို တွေ့ရတယ်။ ကျွန်တော် တော်တော်လေး စိတ်ပျက်သွားမိတယ်။ သူတို့ဟာက လွန်နေပြီမဟုတ်လား။ ကျွန်တော်သူတို့ကို ကျောပေးပြီး အိပ်လိုက်တယ်။

ညနာရီတွေဟာ ရှည်လျားစွာ ပြေးလွှားနေကြတယ်။ ရထားက တော့ မိုးသည်းနေတဲ့ တောင်အရပ်ဆီကို အတင်းတိုးဝှေ့လို့။

ကျွန်တော် နောက်တစ်ခါ အိပ်ယာကနိုးတော့ တွဲပေါ်ကလူ အားလုံးဟာ အိပ်စက်နေကြပြီ။ လက်ကနာရီကို ကြည့်လိုက်တယ်။ ညတစ်နာရီ ဆယ့်ငါးမိနစ်။ လူတွေဟာ ဖရိုဖရဲ အိပ်စက်နေကြတယ်။ အထူးသဖြင့် ကျွန်တော်ဘေးက လူရွယ်လေးယောက်ပေါ့။ သူတို့ဟာ ပုံပျက်ပန်းပျက်ကို အိပ်စက်နေကြတယ်ဆိုရင် မှားမယ်မထင်ပါဘူး။

ကျွန်တော် အပေါ့အပါးသွားဖို့ ရှေ့ခုံစွန်းကို ကိုင်ရင်းနေရာက ထလိုက်တယ်။ ဒီမှာတင် ကျွန်တော့်ခြေအစုံနားမှာ ပက်စ်ပို့အရွယ် ဓာတ်ပုံလေးတစ်ပုံကို တွေ့လိုက်တယ်။ အိပ်ချင်မူတူးနဲ့ဆိုတော့ မိန်းကလေး ပုံ ဆိုတာကလွဲလို့ ကျွန်တော်မသဲကွဲလှပါဘူး။ ဒီပုံဟာ ဟိုငနဲလေး ယောက်ဆီကကျလာခဲ့တယ်ဆိုတာ အလွန်သေချာလှပါတယ်။ အစတော့ သူများကိစ္စလို့ ကျွန်တော်သဘောထားလိုက်မိပေမယ့် ခုလိုနဖူးတွေ့ဒူးတွေ တွေ့မြင်ရပြန်တော့ စိတ်မ၀င်စားပဲမနေနိုင်ဘူး။ ကျွန်တော်ဓာတ်ပုံလေးကို အသာအယာ အင်္ကျီအိတ်ထဲထည့်လိုက်ရင်း အိမ်သာဘက်ကို ခပ်မှန်မှန် ထိန်းပြီး လျောက်သွားလိုက်ပါတယ်။

အိမ်သာထဲရောက်တော့ ဓာတ်ပုံလေးကို မီးရောင်အောက်မှာ ကပ်ကြည့်လိုက်တယ်။

အိမ်သာထွက်အလာမှာတော့ ကျွန်တော်ခြေလှမ်းတွေကို အ တော်လေး သတိထားပြီး လှမ်းလာရပါတယ်။ ကျွန်တော့်ခုံနေရာမှာ သတိထားလိုက်ရပေမယ့် ကျွန်တော်အတွေးထဲက ပစ္စုပ္ပန်နဲ့ အတော် အလှမ်းဝေးစွာ ထွက်ပြေးသွားပါတော့တယ်။ ဒီစိတ်ကို ကျွန်တော်မထိန်း ချုပ်နိုင်တော့ပါဘူး။ မတားဆီး မချေဖျက်နိုင်တော့ပါဘူး။

”နင့်ကို မချစ်ဘူးလဲ မဟုတ်ဘူးဟာ . . .၊ ဘယ်လိုပြောရမလဲ ငါမသိဘူး။ ဟိုဟာ…အခြားဘယ်ယောကျာ်းလေးမှ ငါစိတ်မ၀င်စားခဲ့ဖူး ဘူး။ ဒါပေမယ့် နင်ဝမ်းသာရမှာပါဟာ . . .”

နောက်ပြန်ငယ်သွားတဲ့ သက္ကရာဇ်တွေကြားက စကားသံတွေကို ကြားယောင်လာတယ်။ ကြည်လဲ့နေတဲ့မျက်ဝန်း၊ သွက်လက်တဲ့နှုတ်ခမ်း တွေနဲ့ ပွင့်လင်းပြီး အပြစ်ကင်းစင်တဲ့ အမူအယာတွေကို ပြန်မြင်ယောင် လာမိတယ်။

ကျွန်တော်ဟာ အိတ်ထဲမှာ ရှိနေတုန်းဖြစ်တဲ့ ပတ်စ်ပို့အရွယ် ဓာတ်ပုံလေးကို စောစောက လူရွယ်လေးယောက်ထဲက ပိုင်ရှင်ဖြစ်တဲ့ လူရွယ်အနားမှာ အသာအယာ လှမ်းပစ်ချလိုက်တယ်။

ကျွန်တော်ငယ်စဉ်က အလွန်စွဲလန်း ချစ်မြတ်နိုးခဲ့ရတဲ့ ကောင်မ လေးတစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံဟာ လုံးဝမလိုအပ်တော့တဲ့ ခုချိန်မှာမှ ကျွန်တော့်လက်ဝယ် ရရှိလာခဲ့ရင် အဲဒီဓာတ်ပုံဟာ ကျွန်တော်အတွက် အဓိပ္ပါယ်မရှိနိုင်တော့ဘူး မဟုတ်လား။

ရထားမှန်ပြတင်းပေါက်ရဲ့ တစ်ဖက်မှာ မိုးစက်တွေဟာ အင် အားအပြည့်နဲ့ တိုးဝင်ထိမှန်ပြီး ရေစက်တွေအဖြစ် အောက်ဘက်ကို စီးကျနေကြတယ်။

ကျွန်တော်ကိုယ်တိုင်ကတော့ လျပ်ရောင်လက်လက်ထံကို လျိုးသွားနေတဲ့ အမှောင်ထုထဲမှာ ပြေးလွှားနေရတဲ့ ရထားတစ်စင်းအဖြစ် ကျွန်တော်ကိုယ်ကျွန်တော် ခံစားနေရတယ်။     ။

———————————-

ရွှေအမြူတေမဂ္ဂဇင်း၊ အမှတ် ၉၈၊ ဒီဇင်ဘာလ၊ ၁၉၉၇။

———————————-

မူဆယ်မြို့နှင့် ရွှေလီမြစ်ခြားထားသော ရွှေလီမြို့၏ ကျောက် ကြမ်းခင်းလမ်းမတစ်ခုပေါ်တွင် တရုတ်ဆိုက္ကားသမားများ၊ တက္ကဆီကား များနှင့် မြန်မာကျောက်စိမ်းကုန်သည်များ ဥဒဟိုသွားလာနေကြသည်။ ရွှေလီနေသည် မန္တလေးနေလိုပင် ပူပြင်းလှသည်။

”ကျောက်မဲ”၊ ”ဆိုင်းထောင်”စသော အမည်များနှင့် မြန်မာ စားသောက်ဆိုင်တို့တွင် မြန်မာလူမျိုးများ ဟိုတစ်စုဒီတစ်စု ရှိနေကြ၏။ တစ်ခါတစ်ရံ လေပြည်မြူး၍ လှုပ်ရှားသွားတတ်သော အုန်းထန်းပင်တန်း များသည် ထူးထူးခြားခြား စိမ်းစိုနေသည်။ ဒေသစံတော်ချိန် မွန်းလွဲ ၃-နာရီခွဲခန့် ရှိပြီဖြစ်သော်လည်း နေပူရှိန်က လျော့မသွားသေးပေ။ လမ်းမတစ်ဘက်ရှိ မြန်မာလက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် မြန်မာလူမျိုး အဖိုးကြီးတစ်ယောက်နှင့် လူလတ်ပိုင်း လူရွယ်တစ်ယောက်သည် လက်ဖက်ရည်တစ်ခွက်စီ သောက်နေကြရင်း ရွှေလီ၏ ပူပြင်းလှသော ရာသီဥတု အကြောင်းကို ပြောဆိုနေကြသည်။

”ဘမောင်ရ၊ မန္တလေးနေလောက်ပဲ ပူတာပါမောင်ရာ၊ မင်း မန္တလေးသားမဟုတ်လားကွ”
”မဟုတ်ဘူး၊ ဘိုးမြတ်ကလည်း ရွှေလီနေက ကျွန်တော်တို့ မန္တလေးထက် ဆယ်ဆကိုပူတယ်ဗျ”

ကိုဘမောင်သည် ”ကြံအောင်” လက်ဖက်ရည်ဆိုင်မှ ထွက်လာ ကြသော မြန်မာကုန်သည်အမည်ခံ ကျောက်စိမ်းသမားများ၏ အဆီပြန် နွမ်းလျမျက်နှာများကို တစ်ချက်လှမ်းငေးရီရင်း ပြောသည်။
”အရောင်းအ၀ယ်က အေးလေ ရင်တွေပူလာလေပဲ။ တရုတ် တွေက ကျွန်တော်တို့ကျောက်စိမ်းကို စက်ရုံတွေက ထွက်နေတယ်လို့များ ထင်နေသလားမသိပါဘူးဗျာ။ မတတ်သာလို့သာနော်။ မင်းတို့ကောင် တွေကို အလကားပေးခဲ့ရသလိုတော့ မရောင်းနိုင်ဘူး။ လမ်းမပေါ်ချပြီး တူနဲ့သာထုထားခဲ့မယ်လို့ကို ပြောချင်တာ”

သူ့စကားကို ကြားတော့ ဘိုးမြတ်ကရယ်သည်။ ဘိုးမြတ်မှာ အသက်ခြောက်ဆယ်ကျော်၊ အသားမည်းမည်း တုတ်တုတ်ခိုင်ခိုင်နှင့် ခပ်ပေပေ ကျောက်သမားကြီးဖြစ်သည်။ နေကာမျက်မှန် အညိုကြီးတပ်၍ ကွမ်းများကို မနိုင်မနင်းစားနေသောကြောင့် အတော်အသင့် ကလေးငယ် ဆိုလျင် လန့်ဖြန့်တောင်သွားနိုင်သည်။

ကိုဘမောင်မှာမူ အသက်လေးဆယ်အရွယ်သာ ရှိသေးသည်။ သူ့လက်ထဲတွင် ပီနန်အိတ်အသေးစားနှင့် အထုပ်တစ်ထုပ်ကို ကိုင် ထား၏။
”ကျွန်တော်တို့ တက်လာတာလေးယောက်၊ လေးယောက်ထဲမှာ နှုတ်ခမ်းမွှေးဘမြင့်တစ်ယောက်ပဲ အိမ်ကတောင့်တင်းတာ။ ကျွန်တော်တို့ သုံးယောက်က ဒီကရပါမှ နောက်အရင်းအနှီးလုပ်ဖို့ရမှာ။ အိမ်မှာလည်း ဘာမှပြည့်ပြည့်စုံစုံ ရှိတာမဟုတ်ဘူး။ ဒီကြားထဲ ကိုသိမ်းမောင် ငွေပေါင် (မန္တလေးက အတိုးနဲ့ ကြိုယူသုံးထားငွေ) ခုနစ်သောင်းကို ကျွန်တော် အာမခံပေးထားရတာ။ သူက နှုတ်ခမ်းမွှေးဘမြင့်တို့နဲ့ အတူတည်းတာ။ နှုတ်ခမ်းမွှေးဘမြင့်ဆိုတဲ့လူကလည်းကြည့်ဦး ဘိုးမြတ်ရ။ ဖဲရိုက်တယ်၊ ဂျင်ထိုးတယ်၊ တီဗွီဂိမ်းကစားတယ်။ တီဗွီဂိမ်းကစားတာနဲ့တင် တရုတ် ငွေငါးထောင်လောက်ကုန်နေပြီ။ ထမင်းမစားခင် ဘီယာလေးက နှစ် ယောက်သားတွယ်လိုက်သေးတာ။ ခု ဒီရောက်တာဆယ့်ငါးရက်ရှိပြီ။ ပစ္စည်းက တစ်လုံးမှ မရောင်းရသေးဘူး။
အမှန်မှာ တစ်ဘက်ကမ်းမှ တရားဝင်ခွင့်ပြုလည်ပတ်ချိန်တွင် ညအိပ်ခွင့်မရှိပေ။ ကိုဘမောင်သည် လက်ထဲမှအိတ်အား ခုံဘေးသို့ အသာအယာချလိုက်သည်။

”ကိုသိန်းမောင်ပေါ့ ဘိုးမြတ်ရာ။ ပစ္စည်းကလည်း ဈေးကွက်  မကောင်းလို့ဆိုပြီး တစ်လုံးမှချမရောင်း၊ ထိန်ချုန်းကမလာလို့ ခွေးမင်း (ကူမင်း) ကမလာလို့နဲ့။ ခု ထန်ချုန်းက ၀ယ်လက်တွေလာတယ်ဆိုပြန် တော့ ပစ္စည်းဈေးနှိမ်တယ်။ နှိမ်မှာပေါ့ သူတို့ပဲ ၀ယ်မယ့်သူရှိတာကိုး။ မန္တလေးမှာ ငါးသောင်းပေးတဲ့ပစ္စည်းကို ဒီမှာ တရုတ်ငွေတစ်ထောင် ပေးမဲ့သူ တစ်ယောက်ပဲရှိတယ်။ ကျန်တဲ့လူတွေက ကိုင်တောင်မကြည့်ဘူး။ ကိုသိန်းမောင်ပြောတာလည်းကြည့်ဦး ဘိုးမြတ်ရ။ ‘ထိန်ချုန်းကုန်သည်၊ ထိန်ချုန်းကုန်သည်နဲ့ ဘာမှ ကျောက်ပညာနားလည်တာမဟုတ်ဘူး ဘမောင်ရ။ ထွန်တုံးနဲ့နွားဖက်နေတဲ့ တောသားတွေ။ ခုမှ ငွေလေးကိုင်ရလို့ ကျောက်စိမ်းလာလုပ်နေတာ။ ဘာအဆင့်မှ မရှိတဲ့ကောင်တွေကို ငါတို့လို ဘိုးဘွားစဉ်ဆက်လုပ်လာကြတဲ့သူတွေက ကိုယ့်ပစ္စည်း ၀ယ်ပါစေ၊ ၀ယ် ပါစေနဲ့ ဒီကောင်တွေ မျက်နှာကြည့်ပြီး ပုတီးစိပ်နေရတာတဲ့။ အောက် တန်းကျတယ်။ ရှက်စရာတောင် ကောင်းတယ်ကွာ’ တဲ့။ အဲဒီလူကမှ အိညတ် အိညတ်နဲ့ ခပ်ရွတ်ရွတ် ပြောတာဗျ”
ဘိုးမြတ်မှာ ပလတ်စတစ်တစ်အိတ်ထဲမှ ကွမ်းတစ်ယာကို ထုတ်ယူရင်း ကိုဘမောင်ကိုပေးသည်။ ကိုဘမောင်က ခေါင်းရမ်း၍ ”တော်ပြီ”ဟု ဆို၏။ ”ရွှေလီမှာ ကွမ်းဖိုးချည်းကိုက မသက်သာဘူးကွာ” ဟုပြောရင်း ထိုကွမ်းယာကို ပါးစပ်ထဲထည့်လိုက်သည်။ ကိုဘမောင်မှာ စကားမပြတ်သေး။

”နှုတ်ခမ်းမွေးဘမြင့်ဆိုတဲ့ကောင်ကလည်း ဘယ်လောက်ပွေ သလဲကြည့်ဦး။ သူ့မိန်းမက မနေ့ကမှ မူဆယ်ကူးသွားတာ။ ဒီကောင်ကြီး က မိန်းမကြီးတစ်ယောက်လုံးလည်း ဘေးမှာပါလာသေးတယ်။ ညနေ စောင်းရင် ဒေါင်းဝိုင်း ညောင်ပင်အောက်သွားပြီး အငှားမိန်းမတွေကို ခေါ်သေးတာဗျ။ ရွှေလီရောက်ရင် အဖိုးကြီးတွေကပိုဆိုးတယ် ဘိုးမြတ် ရေ။ ကြီးမိုက်ကြီးတွေ ဒီမှာလာစုနေကြတာ။ မဆော့တတ်ပါဘူးဆိုတောင် မျောက်လောက်တော့ ဆော့ကြတယ်”
”ဟေ့ကောင် ငါမပါပါဘူးမောင်ရာ” ဟု ဘိုးမြတ်က စကား ထောက်ရင်း ရယ်လေသည်။
”ကျွန်တော့်အသိ ကျောက်သမားတစ်ယောက်ဆို တီဗီဂိမ်း ကစားလို့ ဘ၀ပျက်ပြီး စားစရာမရှိ။ သောက်စရာမရှိနဲ့ တည်းခိုခန်းခတွေ လည်းမရှင်းနိုင်၊ မန္တလေးလည်း မပြန်နိုင်ဖြစ်နေတာ လေးလလောက် ရှိနေပြီ။ ကျွန်တော်လည်း ရွှေလီနောက်တစ်ခေါက်တော့ တော်ပါပြီ ဘိုးမြတ်ရာ”
”ဟ ဘမောင်ရ၊ အဲသလို မပြောရဘူးကွ။ ရွှေလီရောက်ရင် မနက်ဖြန်ပြန်မယ်လို့လည်း မပြောရဘူးတဲ့ကွ။ အဲလိုပြောရင် မပြန်နိုင် ဘူးတဲ့မောင်။ ပြီးတော့ နောက်တစ်ခေါက် မလာတော့ဘူးလို့လည်း မပြောရဘူးတဲ့။ ဒါဆို ခဏ ခဏရောက်ရသတဲ့”

ရွှေလီနေသည် အမှန်တကယ် ပူပြင်းနေပါသည်။ သို့သော် ကိုဘမောင် အပူထက်တော့မသာနိုင်ပါပေ။ သူ ဒီရောက်တာ ၁၅ ရက်ရှိပြီ။ ကယ်ရီခ၊ လမ်းစရိတ်က နှစ်သောင်းကျော်သည်။ ရွှေလီမှာ တစ်ရက်ကို မြန်မာငွေလေးရာ အနည်းဆုံးကုန်သည်။ မန္တလေးတွင်ကျန် ခဲ့သောမိသားစု၌လည်း ကလေးသုံးယောက် ကျောင်းစရိတ်၊ အိမ်သုံး စရိတ် များများမကျန်ရစ်ခဲ့။ အရင်းအနှီးကလည်း ဒီဟာတွေရောင်းရ မှဖြစ်မည်။

”ကျွန်တော်တော့ ရူးချင်တာပါပဲ ဘိုးမြတ်ရာ။ ကျွန်တော်တို့က ပစ္စည်းကို တာမခန်၊ ဖားကန့်က ပင်ပင်ပန်းပန်း၊ ခက်ခက်ခဲခဲ ရှာဖွေ ၀ယ်ရတာ။ ဒီရောက်တော့ ဟင်းရွက်ကန်စွန်းရွက်လောက်တောင် တန်ဖိုး မရှိတော့ဘူး။ ပေါလိုက်တဲ့ ပစ္စည်းတွေများဗျာ။ ဟိုဘက်မှာ ကျန်မှကျန် သေးရဲ့လားမသိပါဘူး။ ကိုယ်ကသာ ကိုယ့်တွက်ကိန်းနဲ့ကိုယ် မရောင်းနိုင် တာဗျ။ ရောင်းနိုင်တဲ့သူကျတော့လည်း ပေးတဲ့ဈေးရောင်းပြီး ပြန်သွား ကြတာပဲ”
”ကျွန်တော်ကတော့ မန္တလေးကအစ်မကြီးတစ်ယောက် ပြော သွားတဲ့စကား သဘောကျတယ်။ သူကပြောတယ် ‘ဘမောင်ရယ် ငါတို့က ပစ္စည်းကို ဖားကန့်မှာ ရွှေလိုရှာပြီးဝယ်ရတယ်။ ရွှေလီရောက်တော့ ချီးယိုသလိုယိုထားခဲ့ရတယ်တဲ့။ မူဆယ်ဘက်မှာ တရားဝင်ပွဲရုံဖွင့်ခွင့်ရှိရင် ကျွန်တော်တို့ ဒီလိုနာမှာ မဟုတ်ဘူးနော်။ တည်းခိုခန်းခလည်း မြန်မာပဲ ပေး။ ကယ်ရီခလည်းသက်သာ။ စားစရိတ်၊ နေစရိတ်လည်း မထောင်း တော့ဘူး။ ဟိုကောင်တွေလည်း ဈေးမနှိမ်ရဲတော့ဘူး။ ဒီမှာကျ နှဲ့ပြီး နှိမ်ဝယ်တာခံနေကြရတာမှ”

သူသည် ပြောချင်ရာပြောရင်း လက်ဖက်ရည် နောက်ဆုံးလက် ကျန်ကို အပြီးသတ်သောက်လိုက်သည်။ ဘိုးမြတ်သည် သူ့အားကြည့်ကာ ရယ်မောရင်းစကားစပြော၏။

”မင်းတို့ ငါတို့က လှေမှားပြီးစီးလာကြတာ ဘမောင်ရ။ ငါ တို့စီးမိတဲ့လှေကြီးက ဇာတ်သမလှေကြီး ဖြစ်နေတာကိုး”
”ဇာတ်သမလှေ၊ လုပ်စမ်းပါဦး”
”ဒီလိုကွ။ ဟိုတုန်းက မြစ်တစ်ခုထဲမှာ ဗေဒါဒိုက်တွေက စီးနေသတဲ့ကွ။ ‘ဟေ့ အားလုံးနောက်ဆုတ်ကြကွ၊ အရှုပ်တကာ့အရှုပ် ဗေဒါဒိုက်လာပြီ’လို့ အော်လာသတဲ့။ အဲ – သူတို့နောက်က ကပ်ပါလာ တာက သပွတ်အူဒိုက်တဲ့။ ”ဟေ့ ဗေဒါဒိုက် နောက်ဆုတ်ကွ။ အရှုပ်တ ကာ့အရှုပ် သပွတ်အူဒိုက်လာပြီ”လို့ ပြောတော့ ဗေဒါဒိုက်လည်း နောက် ဆုတ်ပေးရသတဲ့။ အဲ သူတို့နောက်က ပါလာတာကတော့ ဇာတ်သမ လှေကြီးတဲ့ကွ။ ”ဟေ့ ဗေဒါဒိုက်နဲ့ သပွတ်အူတွေ အကုန်နောက်ဆုတ် ကြစမ်း။ ဒီမှာ အရှုပ်တကာ့အရှုပ် ဇာတ်သမလှေလာပြီ” လို့လည်း ပြောရော ဗေဒါတွေရော၊ သပွတ်အူတွေပါ ဖယ်ပေးလိုက်ရသတဲ့မောင်။ ခု ငါတို့လည်း ဇာတ်သမလှေ စီးလာမိတာပေါ့ကွာ”

ထိုစဉ် လက်ဖက်ရည်ဆိုင်ရှေ့ ပလက်ဖောင်းမှ မြန်မာသုံး ယောက် ဖြတ်လျောက်သွား၏။
”ဟေ့ကောင် – မြဆောင် ဘယ်လဲ”
ကိုဘမောင်က ဘိုးမြတ်စကားကို ပြုံးနားထောင်နေရင်းမှ အသားအရေခပ်နွမ်းနွမ်းနှင့် လူတစ်ယောက်ကို လှမ်းနှုတ်ဆက်လိုက် သည်။ ထိုသူသည် လက်ဖက်ရည်ဆိုင်ရှေ့သို့ ရောက်လာလေ၏။
”ကိုဘမောင် ဒီမှာဘာလုပ်နေတာလဲ။ ဟို ဦးမြပွဲရုံမှာ ၀ယ် လက်ကုန်သည်တွေရောက်လို့ ကျုပ်ပစ္စည်းတွေတောင် အခြားကပြောင်းပို့ ထုတာ နှစ်တုံးတောင်ရောင်းပြီးပြီ”
ကိုဘမောင်လည်း ၀မ်းပန်းတသာဖြစ်သွားကာ
”ဈေးပေးတော့ မိုက်ရဲ့လား”
ဒီရက်ပိုင်းတော့ မန္တလေးဈေး ဘယ်ရောက်မလဲဗျာ။ ဒီမှာကြာ ကြာနေရင်လည်း တည်းခိုခန်းခနဲ့၊ စရိတ်နဲ့၊ အရက်ဖိုး၊ ဟိုဖိုး၊ ဒီဖိုးနဲ့ အိမ်ငွေပါမှာ မဟုတ်ဘူး။ ဘ၀ပျက်တော့မယ်။ ရတဲ့ဈေးနဲ့ရောင်းရတာပဲ။ ကိုက်တဲ့ ဟာလည်း ကိုက်ပေါ့ဗျာ”
”ဟုတ်လား ဒါဆိုငါလည်း ငါ့ပစ္စည်းတွေလိုက်ပို့ဦးမှ။ ဟေ့ – ဒီဝိုင်းက ပိုက်ဆံယူမယ်”
သူသည် ပြောပြောဆိုဆို ထိုင်ရာမှထသည်။ မီးခိုးရောင် စ ပို့ရှပ်အင်္ကျီအိတ်ထဲမှ တရုတ်ငွေစက္ကူများနှိုက်၍ ငွေကိုရှင်း၏။ ထို့နောက် သူ့ခုံဘေးတွင်ချထားသော ကျောက်ထုပ်ထားသည့် ပီနန်အိတ်ကလေးကို ကောက်ကိုင်လိုက်သည်။
”ဘိုးမြတ် နောက်မှတွေ့ကြတာ့ပေါ့ဗျာ။ ဒီမှာလိုက်သွားလိုက်ဦး မယ်။ ဖြစ်လိုဖြစ်ငြားပေါ့ဗျာ”

သူသည် ကိုမြဆောင်နှင့်အတူ ဆိုင်အပြင်သို့ ထွက်ခဲ့၏။ ဆိုင်နှင့်မလှမ်းမကမ်းရောက်သောအခါ –
”ဟေ့ကောင် . . .ဘမောင်”
ဘိုးမြတ်အသံ။ ဘိုးမြတ်ရှိရာ ကျောဘက်သို့ သူလှည့်ကြည့် လိုက်သည်။
”ဗေဒါဒိုက်၊ သပွတ်အူဒိုက်နဲ့ ဇာတ်သမလှေတွေ အကုန် နောက်ဆုတ်ကြနော်။ ဟောဒီမှာ အရှုပ်တကာ့အရှုပ်ဆုံး ကျောက်သမား လှေကြီးလာနေပြီဟေ့”
သူမချိပြုံး ပြုံးလိုက်မိ၏။ ဘိုးမြတ်ကတော့ သူ့စကားသူ သဘောကျ၍ ရယ်မောကျန်ရစ်ခဲ့သည်။

မူဆယ်မြို့နှင့် ရွှေလီမြစ်ခြားထားသော ရွှေလီမြို့၏ ကျောက် ကြမ်းခင်းလမ်းမတစ်ခုပေါ်တွင် တရုတ်ဆိုက္ကားသမားများ၊ တက္ကစီကား များနှင့် မြန်မာကျောက်စိမ်းကုန်သည်များ ဥဒဟိုသွားလာနေကြသည်။ ရွှေလီနေသည် မန္တလေးနေလိုပင် ပူပြင်းလှပါသည်။    ။

နေထွတ်

—————————

မြန်မာ့ဓနမဂ္ဂဇင်း။ ဇန်န၀ါရီလ၊ ၁၉၉၈။
—————————-

ဇွတ်အချိုး

September 10, 2008

တံခါးပေါက်အထက်က ”ဆရာများ နားနေခန်းနှင့် ရုံးခန်း” ဟူသော အစိမ်းရောင် သစ်သားတန်းလေးပေါ်ရှိ အဖြူရောင်စာလုံးလေး များကို သူမြင်ရသည်။ ညာတံခါးရွက် အတွင်းထောင့်တွင် အဆံအနည်း ငယ်သာ ကျန်တော့သည့် တံမြက်စည်းတစ်ချောင်းနှင့် အပြာရောင် ပလတ်စတစ်ဂေါ်ပြားလေး ရှိနေသည်။

မြန်မာစာပြသော ဆရာကမူ သတင်းစာအဟောင်းလေး မျက် နှာအုပ်ကာ သမ်းနေသည်။ သင်္ချာဆရာနှင့် သိပ္ပံဆရာနှစ်ယောက်က တော့ စကားတစ်ပြောပြောနှင့် စစ်တုရင်ကစားနေကြ၏။ ထိုင်ခုံခုနှစ်ခုံနှင့် ၀န်းရံထားသော လေးထောင့်အသားစားပွဲပေါ်တွင် ရေနွေးကြမ်းထည့် သော ဓာတ်ဗူးအ၀ါကြားလေးတစ်လုံး၊ ကြွေအကြမ်းပန်းကန် ငါးလုံး၊ ဆေးလိပ်ပြာခွက်တစ်ခွက်နှင့် လက်ဖက်အုပ်တစ်လုံး ရှိနေသည်။ သမိုင်း နှင့် ပထ၀ီသင်သောဆရာမှာ စားပွဲ၏မြောက်ဆုံး အစွန်ပြတင်းပေါက် ဘေးတွင် မီးခိုးအူနေအောင် ဖွာရှိုက်ရင်း အင်္ဂလိပ်ဆရာနှင့် စကားပြော လိုက် စစ်တုရင်ကစားနေသော ဆရာနှစ်ယောက်ကို မထိတထိ စနေ သည်။

ကျောင်းအုပ်ဆရာကြီးကတော့ ထောင့်ဘက်စားပွဲအစွန်း ပြ တင်းပေါက်ကို ကျောပေးကာ သူနားမလည်သော စာအုပ်တစ်အုပ်ကို တစူးတစိုက် ဖတ်နေသည်။ တကယ်တော့ သူ့ကို အလယ်တန်းပညာ သင်ကြားပေးနေကြသော ဆရာများမှာ မူလတန်းပြဆရာများနှင့် ဘွဲ့ရပြီး ခါစ အငှားဆရာများသာ ဖြစ်သည်။ ကျောင်းအုပ်ဆရာကြီးမှာလည်း မူလတန်းကျောင်းအုပ်သာ ဖြစ်သည်။

”မောင်ကျော်မင်းထွန်းလား – လာဟေ့”

ဆရာကြီးက ခေါင်းမော့လာသည်ဆိုရုံမျ အနည်းငယ်စောင်းကာ ပါဝါမျက်မှန်ကိုင်း အနက်ကြီးပေါ်မှကျော်၍ သူမရင်းနှီးဖူးသော မျက် လုံးများနှင့် ပင့်ကြည့်ကြည့်သည်။ အတန်ကြာ စာအုပ်ကိုဆက်ဖတ်ပြီးမှ စာအုပ်ကို စက္ကူခေါက်ကာ စကားစသည်။

”အဲဒီခုံမှာထိုင်”

ဆရာကြီး ညွန်ပြသော မျက်နှာချင်းဆိုင် အနေအထားရှိ ခုံပေါ်သို့ မ၀ံ့မရဲ သူထိုင်လိုက်သည်။ စိုးရွံ့စိတ်ကြောင့်လားမသိ။ ကြိမ် ခင်းခုံပေါ် သူထိုင်နေမိသည်ဟု မခံစားမိချေ။

”မင်း ကျောင်းသုံးရက် ပျက်တယ်နော်”

ဆရာကြီးအသံက ခပ်အေးအေးပင်။ နှာတံပေါ်မှ မျက်မှန်ကို ညာဘက်လက်ညှိးတစ်ချောင်းထဲနှင့် မြှင့်လိုက်ကာ သူ့ကိုစူးစိုက်ကြည့်နေ သည်။ ရုတ်တရက် သူမဖြေနိုင်ဘဲ ရှိ၏။

”ဟို ကျွန်တော် ခွင့်တိုင်စာ ပို့ခဲ့ပါတယ်”
”ခွင့်တိုင်စာဆိုတာ အကြောင်းပြချက် မခိုင်လုံလည်း ရေးလို့ရ တာပဲကွာ၊ မင်းတို့ရွာနဲ့ ဒီရွာဆိုတာက ရေအိုးနဲ့ ရေမှုတ်ပဲ။ ဘာဖြစ်လို့ ပျက်ရတာလဲ ပြောပါဦး”

ဆရာကြီးမှာ ကျောင်းအုပ်ဆိုသော်လည်း အသက်မကြီးလှသေး ပေ။ လေးဆယ်ကျော်ခန့် ဖျတ်ဖျတ်လတ်လတ်ပင် ဖြစ်သည်။ သို့သော် ဆရာများနှင့်ယှဉ်ပါက အကြီးဆုံး။

”ကျွန်တော် အအေးမိပြီး ဖျားလို့ပါ”
”အေး – ဘာပဲဖြစ်ဖြစ်ပေါ့ကွာ”

ဆရာကြီးမှာ စကားမဆက်သေးဘဲ စာအုပ်ကိုကိုင်ရင်း ရပ်နေ ၏။ အာချောင်းရှင်းနေတာလား၊ တမင် အာရုံဆွဲဆောင်စေရန်လား ဆရာ နှစ်ယောက်ဆီမှ ခပ်ကျယ်ကျယ်ရယ်သံများ ထွက်လာပြီး ပြန်လည် တိတ် ဆိတ်သွား၏။

”တို့-တွဲဘက်ကျောင်းမျိုးဆိုတာ၊ ရှင်းရှင်းပြောမယ်။ ကိုယ့် ဆရာနဲ့ ကိုယ့်တပည့်နဲ့၊ ကိုယ့်မေးခွန်းနဲ့ ကိုယ့်အဖြေနဲ့ဆိုရင် အရေး မကြီးဘူးပဲ ဆိုပါစို့၊ အခုမင်းတို့ ရှစ်တန်းဆိုတာက အစိုးရစစ် – စုစုပေါင်းမှ အယောက်နှစ်ဆယ်ပဲရှိတယ်။ ရှစ်တန်းအောင်ချက် ရာခိုင် နှုန်းဟာ ဒီမြို့နယ်မှာ ဘယ်နှစ်မဆို အမြင့်ဆုံးရခဲ့တာ လေးနှစ်ဆက် တိုက်ရှိပြီ။ ကျောင်းသားငါးဆယ်ဆိုလည်း အားလုံး အောင်ခဲ့ကြတာပဲ။ ဟိုမှာကြည့်”

ဆရာကြီးက ပြောပြောဆိုဆို စာအုပ်ကိုကိုင်ရင်းက ပေါလစ် မသုတ်သော သစ်သားဗီရိုကြီးကို လှမ်းñွှန်ပြသည်။ တကယ်တော့ သစ်သားဗီရိုကြီးထဲမှာ ဘာမှ ထူးထူးထွေထွေမရှိသည်ကို သူသိသည်။ မြေဖြူဘူးခွံ တချို့နှင့် ဘောပျက်တစ်ခု၊ နှစ်ခုသာရှိမည်။ ဤလခ ပေးတက်ရသော၊ ကျောင်းဆရာ မလုံလောက်သော၊ စည်းကမ်းအလွန် ကြီးသော၊ စာအုပ်စာတမ်း အလွန်ဆင်းရဲလှသော တွဲဖက်ကျောင်းရှိ သုံးလုံးတည်းသော ဗီရိုများအကြောင်း ကျောင်းသက်လေးနှစ်ရှိခဲ့သော သူ နောကျေအောင် သိနေပြီးဖြစ်သည်။

သို့သော် ဗီရိုပေါ်မှာ ဘယ်တုန်းကတင်ထားမှန်း မသိသော သို့မဟုတ် သူ ဘယ်တုန်းကမျ သတိထားမမြင်မိသော ငွေဒိုင်းကြီးတစ်ခု နှင့် ဆုတံဆိပ်တချို့။ သူကြည့်နေလိုက်ရ၏။ သို့သော် စိတ်မ၀င်စားလှပါ။

”အဲဒါ အောင်နှုန်းအမြင့်ဆုံးနဲ့ ဂုဏ်ထူးတွေအများဆုံး ရခဲ့တဲ့ အတွက် မြို့နယ်က ချီးမြှင့်တဲ့ဆုဒိုင်းနဲ့ တံဆိပ်တွေပေါ့”

ဆရာကြီးက စကားဖြတ်ကာ သူ့ကို စိုက်ကြည့်ပြန်သည်။

”မင်းက အခုရှစ်တန်း-ရှင်းရှင်းပြောမယ်။ မင်းဆီက တို့ အများကြီး မျောင်လင့်ထားတယ်။ စာမေးပွဲက ဖေဖေါ်ဝါရီလထဲမှာ။ အခုကို ဒီဇင်ဘာလကုန်နေပြီ။ စာမေးပွဲကဖြင့် ကျောကပ်နေပြီ။ နောက် ဆို သေရေးရှင်ရေးကလွဲလို့ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ကျောင်းမပျက်ပါ စေနဲ့။ ကျောင်းပျက်ခွင့်လည်း ဆရာကြီးကမပေးနိုင်ဘူး ကြားလား”

သူခေါင်းငုံ့နေရင်းမှ မော့ကာ ခေါင်းညိတ်ပြသည်။

”ကဲ ကျောင်းတက်တော့မယ်။ အတန်းပြန်ပြီး စာကြည့်တော့”
သူရုံးခန်းက ထွက်လာခဲ့သော်လည်း သူ့စိတ်ထဲမှာ ဆရာကြီး စကားများနှင့် မပတ်သက်လှသော ခံစားမှုတချို့ ကပ်ပါလာခဲ့သည်။

—————————–

သူရွာပြန်မရောက်သည်မှာ သုံးနှစ်သုံးမိုးရှိပြီ။ ရွာမှာ လမ်းပန်း ဆက်သွယ်ရေးမကောင်း။ ရွာနှင့်ငါးမိုင်ကျော်ဝေးသော တောင်ဘက်ရွာတွင် ကားလမ်းရှိ၍ ထွက်စီးနိုင်သည်။ ရွာနှင့်နှစ်မိုင်ခန့်ကွာသော အရှေ့ဘက် ရွာတွင် ကားတစ်စီးရှိသည်။ သူသည် သူတစ်ခါမျ မစီးခဲ့ဖူးသော အ ရှေ့ဘက်ရွာမှကားကို စီး၍ပြန်ခဲ့သည်။

ကားမှဆင်းသော် လေးနှစ်ကျော်မျ ပညာသင်ကြားခဲ့ရသော တွဲဘက်အလယ်တန်းကျောင်းကြီးကို ဆေးရောင် များ ပြယ်သွားသည်မှလွဲ၍ အရင်အတိုင်း မပြောင်းမလဲ ပြန်မြင်ရသည်။ ဤမြေဘက် ခြေမချဖြစ်သည်မှာ ခြောက်နှစ်ကျော်ကြာခဲ့ပြီ။ ကျောင်း အနောက်ဘက် လမ်းမှနေ၍ ဖြတ်လျောက်ရင်း လည်ပြန်ကြည့်ပါက တစ်စုံတစ်ခုသည် သူ့ရင်အား ဆွဲနှုတ်နေသယောင်ပင်။

ဤမြေဤရေတွင် ပျော်တစ်လှည့် မပျော်တစ်လှည့် နေထိုင်ခဲ့ရသောရက်များကို သတိရ မိသည်။ မနက်ခုနစ်နာရီမှ ညနေငါးနာရီအထိ ထမင်းမစားဘဲ ကျောင်း တက်ခဲ့ရသော တစ်ချိန်က သူ့ဘ၀ကို ပြန်သတိရသည်။ စနေ၊ တနင်္ဂနွေ မရှိသော၊ ဥပုဒ်နေ့မှလွဲ၍ ကျောင်းမပိတ်တက်သော ထိုတွဲဘက်ကျောင်း သည် စာမေးပွဲရာသီဖြစ်သော ဤ ဇန်န၀ါရီ စနေရက်၌ပင် ကျောင်း ပိတ်နေတတ်ခဲ့ပြီ။

နှစ်ထပ်ကျောင်းဆောင်သစ် ညာဘက်အစွန်တွင် သော့ချိတ်ထား သော တံခါးဝအထက်က ”ဆရာများ နားနေခန်းနှင့် ရုံးခန်း” ဟူသော စာတန်းလေးမှာ နေရာမပျက် ရှိနေဆဲပင်။ ထိုအခိုက် သူမေ့ပျောက် မရခဲ့သော ကျောင်းသုံးရက်ပျက်၍ ကျောင်းအုပ်ကြီးကိုယ်တိုင်ခေါ်၍ သတိပေးခံခဲ့ရသော ရက်တစ်ရက်ကို သူပြန်လည်ခံစားမိလာသည်။ ကျောင်းအုပ်ဆရာကြီးတော့ ပင်စင်ယူသွားပြီလား ဟူသောအတွေးက တစ်ဆက်တည်း ၀င်လာပြန်သည်။

ရွာရောက်၍ နှစ်ပတ်ခန့်နေပြီးသော် မြို့သို့ပြန်ရန် သူပြင်ရ သည်။ မနက်စောစောအိပ်ရာထ၍ ကားစီးရန်အလို့ငှာ အရှေ့ဘက်ရွာသို့ ထွက်လာခဲ့သည်။ တကယ်တမ်း ကားပေါ်ရောက်သော်လည်း လူမပြည့်၍ ကားအမိုးပေါ်တွင် ထိုင်စောင့်ရပြန်သည်။ ထိုစဉ် အလယ်တန်းကျောင်း နေဘက် သူငယ်ချင်းတစ်ယောက် ရောက်လာ၍ အဖော်ရသွားသည်။

တကယ်တော့ ထိုသူငယ်ချင်းမှာ ကျောင်းနေတော့သည်တော့မဟုတ်။ အရင်ကလည်း တရင်းတနှီးတော့ မရှိလှပေ။ သို့သော် တစ်ဦးနှင့်တစ်ဦး ကောင်းကောင်း မှတ်မိနေကြဆဲပင်ရှိသည်။ သူငယ်ချင်းမှာ ဟိုစဉ်က အတိုင်း ရုပ်မပြောင်းလဲပေ။ပြောင်းလဲလာခဲ့သည်ကား အ၀တ်အစား၊ အနေအထိုင်နှင့် အပြောအဆို။ သူ့ဘယ်လက်တွင် တစ်ကျပ်သားခန့် ရွှေလက်ပတ်ကြိုး၊ လည်ပင်းတွင် နှစ်ကျပ်သားကုံး၊ တစ်ကုံးနှင့် လက်စွပ် က နှစ်ရံ။ တစ်ကိုယ်လုံးလည်း ရေမွှေးနဲ့ ကြိုင်နေပြီး ၀တ်ထားသော လုံချည်မှာ သော့တံဆိပ် အပြာကွက်၊ ပင်ဂွင်းစပို့ရှပ် လက်ရှည်အစိမ်း ပုပ်ရောင်။

”မင်း မိန်းမရပြီလား၊ ဘာအလုပ်တွေ လုပ်နေတာလဲ”

သူငယ်ချင်းက သူ့ကို စမေးသည်။ မရေရာသောအဖြေကို ပြန်ဖြေရင်း မေးခွန်းမူရင်းကိုပင် သူပြန်မေးမိ၏။

”ငါအခု တာမခန်သွားမှာလေ။ ဟိုမှာ ဆိုင်ခန်းလေးခန်း ဖွင့်ထားတယ်။ မိန်းမရပြီးပြီ”
”အခု မင်းတစ်ယောက်တည်းလား”
”မဟုတ်ဘူး၊ ကိုစိန်ကြီးနဲ့လေ”
”သြော်”

ကိုစိန်ကြီး ဆိုသူကို သူမသိ။

ကားက လူတဖြည်းဖြည်း များလာသည်။ ကားထွက်တော့ မည်မို့ စိတ်သက်သာသွားသည်။ ဒီရေ၊ ဒီမြေနှင့် သူလိုလူကား သိပ်မ အပ်စပ်။ အားလုံး၏ စကားများမှာ သိန်းသန်းစကားများဖြစ်၍ တာမခန်၊ ဆိုင်းထောင်၊ ဖားကန့်ဟူသော နာမည်များနှင့်မကင်းလှ။ သြော်၊ လူတွေ သိပ်ကိုပြောင်းလဲနေကြပြီ။

ထိုသူငယ်ချင်းမှာ မိဘဆင်းရဲ၍ ခုနစ်တန်း တစ်ကြိမ်ကျသည် နှင့် ကျောင်းထွက်သွားခဲ့သူ ဖြစ်သည်။ သို့သော် သူနှင့် အာလာပသလ္လာပ အလို့ငှာ ဟိုတုန်းက တွဲဘက်ကျောင်းကြီးအကြောင်း စကားစပ်မိ၏။ ရွာသားများ အလုပ်အကိုင် အဆင်ပြေကြသည်နှင့် ကျောင်းရန်ပုံငွေ သိန်းဂဏန်းထိ တိုးလာသည်ဟုသိရသော် သူ ပီတိဖြစ်ရသည်။

”ကိုစိန်ကြီးတို့ကိုက လေးသောင်းလှူထားတာ၊”

သူငယ်ချင်းက သူ့အိတ်ထဲမှ ကွမ်းယာထုပ်ကိုထုတ်ကာ သူ့အား လှမ်းသည်။ သူက လက်ကာပြလိုက်၏။

”ကိုစိန်ကြီး လာလေ၊ အမိုးပေါ် ဒီမှာက အချောင်ကြီး”

သူငယ်ချင်းက အောက်ကိုငုံ့ကာ လှမ်းအော်၏။ သူကတော့ သူမတွေ့မြင်ရတာကြာသော ပတ်ဝန်းကျင်ကို အမြင့်မှ ငေးမောကြည့် နေမိ သည်။

မကြာပါ၊ ကားစထွက်သည်။

၆-တန် ဘတ်စ်ကားကြီးမှာ မညီညာသောမြေလမ်း အကွေ့ အကောက်များပေါ်တွင် တလိမ့်လိမ့် ရွေ့နေသည်။ သူနှင့်သူငယ်ချင်းမှာ စကားပြတ်သွားသည်။

”ကျော်မင်းထွန်းကြီးလား”

ထူးထူးခြားခြား ခေါ်သည့်အသံကို တရင်းတနှီး သူကြားလိုက်ရ သည်။

”ဟာ ဆရာကြီးပါလား၊ ဟုတ်တယ် ဆရာကြီး၊ အခုဆရာကြီး ဘယ်လဲ”

ဆရာကြီးမှာ ဖိုတိုဂရေး နှစ်ထပ်မျက်မှန်နှင့် ငယ်နေသလားပင် အောက်မေ့ရသည်။ ကြိုကြား ဖြူနေခဲ့သော ဆံပင်များမှာ နက်မှောင်ကာ စိုနေ၏။ အသားလတ်၍ အနည်းငယ်ဝလာသည် ထင်၏။

”ခရီးထွက်မလို့ကွ”
”ကျောင်းကကော”

သူအသိချင်ဆုံးမေးခွန်းကို အလောတကြီးမေးမိသည်။

”ဆေးပင်စင် ယူလိုက်တာ လေးနှစ်ကျော်ပြီ၊ တာမခန်းဘက် မှာ ဆိုင်ခန်းဖွင့် ဈေးရောင်းနေတာ။ ဆိုင်ခန်းနှစ်ခန်း ရှိတယ်။ အလုပ်က တော့ မောင်မြင့်တို့နဲ့ အတူတူပဲ”

သူသည် တရိပ်ရိပ် ပြေးကျန်ရစ်သော သစ်ပင်များကို ငေးနေ မိသည်။ ”မောင်မြင့်တို့နဲ့ အတူတူပဲ” ဆိုသော စကားနှင့် ”ကိုစိန်ကြီး” ဟူသော မောင်မြင့်၏ စကားအသုံးတို့ကို အဓိပ္ပာယ်မရှိ၊ ထပ်တူမကျစွာ ဇွတ်အချိုးချနေမိ၏။

ဆရာကြီးကတော့ မောင်မြင့်နှင့်အတူ သူစိတ်မ၀င်စားလှသော စကားများကို အားပါးတရ ရယ်မောကာ ပြောနေကြသည်။ ကားပေါ်မှ တွဲလောင်းချထားသော ဆရာကြီး၏ခြေအစုံမှ ပိုးယောကချင်လုံချည် ကွက်စိပ်လေးမှာ လေထဲတွင် တဖျတ်ဖျတ် ခါနေတော့သည်။     ။

နေထွတ်—————————-

ရုပ်ရှင်မဂ္ဂဇင်း၊ အမှတ် ၆၊ သြဂုတ်လ၊ ၁၉၉၅။

———————————

ကားတိုက်မှု

September 10, 2008

မီးတောက်တွေက ကျွန်တော်ဆံပင်တွေကို နောက်ဆုံးပြန်လွှတ် ပေးလိုက်တယ်။ ပြီးတော့ မီးသဂြိုဟ်စက်ထဲက ပြန်ထွက်လာတယ်။ နံရိုးအပြိုင်းပြိုင်းနဲ့ ပိန်လှီနေတဲ့ လူနှစ်ယောက်ရဲ့လက်တွေက ကျွန်တော် လဲလျောင်းနေတဲ့ ဆေးနီမခြောက်သေးတဲ့ ခနော်ခနဲ့ တလားခေါင်းကို ကပ်ဆွဲထုတ်လိုက်တာပါ။ ကျွန်တော့်အမေကလည်း ငိုနေရာကပြန်တည် သွားတယ်။ အမေ့ရဲ့အသံဟာ လောကဓာတ်တစ်ခွင်လုံးကနေ ပြန်လာပြီး အမေ့လည်ချောင်းထဲကို ၀င်သွားကြတယ်။ ကျွန်တော့်အမေရဲ့လက်က ကျွန်တော့်ညာခြေထောက်ကို ကိုင်ထားရကာလွှတ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ဆွေမျိုးတွေရဲ့အကြည့်ဟာ ကျွန်တော့်ဆီကနေ ဖယ်ခွာသွား တယ်။ လူတချို့က ကျွန်တော့်ကို အသုဘယာဉ်ထဲ နောက်ပြန်ထမ်းသွား ကြတယ်။ ပြီးတော့ ကျွန်တော် လဲလျောင်းနေရတဲ့၊ အသုဘယာဉ်ဟာ နောက်ဆုံးကနေ နောက်ပြန်ထွက်တယ်။ အသုဘပို့တဲ့ သူတွေဟာ ကားတွေပေါ်မှာ နောက်ပြန်ထိုင်နေကြရဲ့။ ကားတန်းဟာ မြို့ရှိရာ တောင်အရပ်ကို နောက်ဆုတ်ခုတ်မောင်း နေကြတယ်။ ကားလမ်းဘေး တစ်လျောက် လယ်ကွင်းတွေဟာ မြေပေါ်မှာ ငိုက်စိုက်ကျလို့ နေဟာ မွန်းလွဲပိုင်း အပူချိန်ကနေ တဖြေးဖြေး ပြန်မြင့်လာနေတယ်။ အသုဘပို့ ကားတန်းဟာ မြို့ထဲကို နောက်ဆုတ်ဝင်လာကြပြီး ကျွန်တော်နေခဲ့တဲ့ အရပ်ထဲကို နောက်ပြန်ဝင်လာကြတယ်။ ကျွန်တော်ပါတဲ့ အသုဘကားဟာ ၀ိုင်းအုံငိုယိုနေကြတဲ့ ကျွန်တော့်ဆွေမျိုးတွေရဲ့အလယ်မှာ ပြန်ရောက် သွားတယ်။ လမ်းမပေါ်မှာ တစ်စစီလွင့်နေတဲ့ အိုးခြမ်းပဲ့တွေဟာ ရေအိုး တစ်လုံးအဖြစ် အရပ်ထဲက လူတစ်ယောက်ရဲ့လက်ထဲမှာ ၀ုန်းကနဲ ပြန်ဖြစ်သွားတယ်။ လက်နှစ်ဘက်မှာ ပတ်တီးဖြူဖြူတွေ စည်းထားတဲ့ ကျွန်တော့်ညီမလေးဟာ ကျွန်တော့်အဒေါ်ရဲ့လက်ထဲမှာ သတိမေ့သွား ရင်းက ပြန်သတိဝင်လာတယ်။ ညီမလေးရဲ့ စူးစူးဝါးဝါး အော်ဟစ်သံဟာ ပြန်ပိတ်သွားတဲ့ ညီမလေးရဲ့ ပါးစပ်ထဲကို ပြန်ဝင်သွားကြတယ်။ ကျွန် တော့်ကို ကျွန်တော့်ညီရယ်၊ ကျွန်တော့်အစ်ကိုဝမ်းကွဲရယ်၊ နောက်ဆုံး ကျွန်တော့်သူငယ်ချင်းတွေရယ်က အသုဘယာဉ်ပေါ်ကနေ အိမ်အပြင် ဘက်မှာခင်းထားတဲ့ ကျွန်တော့်ခုတင်ပေါ် ပြန်တင်နေကြတယ်။ ရေအိုးကို ကိုင်ထားတဲ့လူဟာ ရေအိုးကို ကျွန်တော့်ကုတင်ဘေးမှာ နောက်ပြန် လာတင်ထားတယ်။ နေဟာ တဖြည်းဖြည်းနဲ့ မွန်းတည့်သွားတယ်။ အရှေ့ဘက်ကို ရှည်ယိုင်နေတဲ့လူရိပ်တွေဟာ တဖြည်းဖြည်း ပြန်တိုသွား တယ်။ ကျွန်တော့်အမေဟာ ငိုနေတယ်။ တစ်စုံတစ်ခုကိုပြောပြီး အံကြိတ်  သွားတယ်။ ဘုန်းကြီးသုံးပါးဟာ ကျွန်တော်အလောင်းပြင်ထားတဲ့ ကုတင် ဘေးမှာရှိတဲ့ ကော်ဇောနီနီခင်းထားတဲ့ တန်းလျားပေါ်ကို နောက်ပြန်ကြွ လာပြီး ထိုင်ကြတယ်။ ကျွန်တော့်ဆွေမျိုးတွေက ကန်တော့ပွဲသုံးပွဲကို ဘုန်းကြီးသုံးပါးရှေ့ ပြန်လာပို့ကြတယ်။ သာဓုခေါ်သံ သုံးကြိမ်ဟာ လောကဓာတ်တစ်ခုလုံးကနေ ပြန်လာကြတယ်။ အမေ့လက်ထဲက ရေခရားထဲကို အောက်ဖလားထဲက ပြန်ဝင်သွားတယ်။ အမျသုံးကြိမ် ဝေသံဟာ ထပ်ပြီးပေါ်လာပြန်တယ်။ နောက်ဘုန်းကြီးတွေရဲ့ ရွတ်ဖတ်သံ တွေက ရှည်လျားစွာပြန်ဝင်သွားတယ်။ ပြီးတော့ ကျွန်တော့်ဘေးက ဘုန်းကြီးတွေ ပြန်ကြွသွားတယ်။ နောက်ဆုံးတော့ ကျွန်တော့်ဘေးမှာ ကျွန်တော့်မိသားစုရယ်၊ ကျွန်တော့်သူငယ်ချင်းတွေ၊ ကျွန်တော့်ကျောင်းက ဆရာ၊ဆရာမတွေပဲ ကျန်ခဲ့တယ်။ အားလုံးရဲ့ မျက်လုံးတွေဟာ ကျွန်တော့် ဆီရောက်နေတဲ့အကြည့်ကို ပြန်ရုပ်သိမ်းသွားကြတယ်။ ပြီးတော့ တူညီ တဲ့အံကြိတ်ခြင်းနဲ့ မခံမရပ်နိုင်ဖြစ်ခြင်းတွေဟာ ကျွန်တော့်ကိုယ်ပေါ် ချပေးလာခဲ့တဲ့ ကရုဏာအကြည့်တွေနဲ့အတူ ပြန်ရုပ်သိမ်းခြင်းခံကြရတယ်။ ပြီးတော့ အမေရယ်၊ ကျွန်တော့် ညီမလေးရယ်၊ ပြီးတော့ အနားက အသားမည်းမည်း မိန်းမကြီးတစ်ယောက်ရယ်က အကြောင်းအရာတစ်ခု ကို ဒေါသသံတွေနဲ့ ပြောနေရက်က နှုတ်ဆိတ်သွားကြတယ်။ အိမ်နံရံမှာ ကပ်ထားတဲ့ နာရီလက်တံဟာ နောက်ပြန် လည်ပတ်နေတယ်။ ပြီးတော့ မနက်ရှစ်နာရီထိုးခါနီးမှ ကျွန်တော့်ကို ကားတစ်စီးပေါ် တင်ကြတယ်။ ဒီကားရဲ့စာရွက်မှာ ဆေးရုံရဲ့ လူနာတင်ယာဉ်လို့ အင်္ဂလိပ်လို ရေးထား တယ်။ အဲဒီထဲမှာ အမေဟာ ပြန်ထိုင်တယ်။ ကားလေးဟာ ကျွန်တော် နေတဲ့အရပ်ထဲကနေ နောက်ပြန်ထွက်ခွာလာပြီး ဆေးရုံကြီးထဲက ဆင် ၀င်တစ်ခုရဲ့ အလုံပိတ်အခန်းတစ်ခုထဲကို ပြန်သွင်းကြတယ်။ ပြီးတော့ ကျွန်တော့်ကို အခန်းထဲမှာ တစ်ယောက်တည်း ထားရစ်ခဲ့ကြတယ်။ အမေ့ရဲ့အသံဟာ တဖြည်းဖြည်းဝေးသွားတယ်။ အရုဏ်တက်ပြီးလို့ မနက်လေးနာရီ လောက်ကတည်းက ညသန်းခေါင်ယံအထိ ကျွန်တော် နေတဲ့အခန်းလေးထဲကို မှုခင်းဆရာဝန်တွေ၊ ရဲအရာရှိတွေ၊ ယာဉ်ထိန်း ချုပ်တွေ နောက်ပြန် အဆက်မပြတ်ရောက်လာပြီး နောက်ပြန်လှည့်သွား ကြတယ်။ ည ၁၀-နာရီလောက်ကနေ ညနေ ၇-နာရီလောက်ထိ ကျွန်တော့်ကို စစ်ဆေးချက်ယူနေကြတယ်။ ကျွန်တော့်ရဲ့ကျိုးကျေသွားတဲ့ နံရိုးချောင်းတွေကို ဆရာဝန်ကြီးက ပြန်ထားတယ်။ ပြီးတော့ ကြေမွ သွားတဲ့ ကျွန်တော့်ရင်ဘတ်တစ်ခုလုံးကို စူးစမ်းကြတဲ့ မျက်လုံးတွေဟာ ကျွန်တော့်ဆီကနေ သူတို့အချင်းချင်းဆီကို ပြန်ရောက်သွားကြတယ်။ တဖြည်းဖြည်းနဲ့ ဆရာဝန်ကြီးရဲ့လက်ပတ်နာရီက ခြောက်နာရီဆယ့်ငါး အလျော့မှာ ကျွန်တော့်ကို အရေးပေါ်ဌာနဘေးမှာရှိတဲ့ ကားတစ်စီးကို နောက်ပြန်ပြန်တယ်။ အဲဒီထဲကို အသားမည်းမည်းနဲ့ မိန်းမကြီးရယ်၊ ယာဉ်ထိန်းလေးယောက်ရယ်၊ ရဲသားနှစ်ယောက်ရယ် လာထိုင်ကြတယ်။ ပြီးတော့ အဲဒီကားက ကျွန်တော့်ကို မြို့ရဲ့မြို့လယ် လမ်းမကြီး နှစ်ခုဆုံရာ လမ်းဘေးထောင့်တစ်ခုကို သယ်သွားတယ်။ လမ်းအချက်ပြမီးတိုင်တွေဟာ စိမ်းလိုက်၊ ၀ါလိုက်၊ နီလိုက်ဖြစ်နေကြတယ်။ ရဲအရာရှိနှစ်ယောက်ဟာ ကျွန်တော့်ရဲ့ကြေမွနေတဲ့ခန္ဓာကိုယ်ကို ကားပေါ်ကနေ လမ်းမကိုပြန်ရွှေ့ ထားလိုက်တယ်။ ကျွန်တော့်ရဲ့ ပြတ်သွားတဲ့ညာလက်ကို ယာဉ်ထိန်းရဲ တစ်ယောက်ကကောက်ပြီး လမ်းပေါ်က ခွေခေါက်ကျိုးပဲ့နေတဲ့ ကျွန်တော့် စက်ဘီးကြားထဲ ပြန်ထားတယ်။ ၀ိုင်းအုံနေတဲ့ အပြာနက်ရောင် လူအုပ် ကြီးကြားထဲကို ရဲအရာရှိနှစ်ယောက် နောက်ပြန်တိုးဝှေ့သွားကြတယ်။ ယာဉ်ထိန်းတွေဟာ ကြိုးဝိုင်းတစ်ခုကို ကျွန်တော်တို့ကို စောင့်ကြပ် နေကြတယ်။ ယာဉ်ထိန်း တစ်ယောက်ဟာ မျက်စိမှေးကျဉ်းကျဉ်း အသား နီစပ်စပ်လူနဲ့ စကားပြောနေရက်က ဒေါသတွေထွက်နေတယ်။ ကျွန်တော့် ဘေးက ညီမလေးရဲ့လက်မှာ သွေးတွေဟာ ချင်းချင်းနီညိုနေတယ်။ ကားလမ်းမပေါ်မှာ ပြန်စီးနေတဲ့ ညိုညိုရဲရဲသွေးတွေဟာ ကျွန်တော့် ခန္ဓာကိုယ်ထဲကို တစိမ့်စိမ့် ပြန်ဝင်နေကြတယ်။ ကျွန်တော့်ဘေးက အသားမည်းမည်းနဲ့ မိန်းမကြီးရယ်၊ ယာဉ်ထိန်းတချို့ရယ် ခွာရှဲသွားကြ တယ်။ လူအုပ်ကြီးဟာ တစ်စတစ်စကျဲပါးသွားတယ်။ ကျွန်တော့်ရဲ့ ဘယ်ဘက်လက်ကနာရီလက်တံဟာ နောက်ပြန်လည်နေတယ်။ မကြာ ခင်မှာဘဲ အဲဒီလူရဲ့ကားဟာ လဲနေတဲ့ ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကို နောက်ပြန်ဆောင့်ပြီးတက်တယ်။ ပြီးတော့ ပြတ်လုပြတ်ခင်ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ညာလက်နဲ့ သွေး၊ ကျွန်တော့်ညီမလေးရဲ့ လက်နှစ်ဖက်ရယ်၊ ခွေခေါက်တွန့်ကြေနေတဲ့ ကျွန်တော့်စက်ဘီးလေးရယ်ကို တုန့်ကနဲ ဆက်ပြီးကျော်တယ်။ ကားက နောက်ပြန် မောင်းကျော်သွားတဲ့အခါ ကျွန်တော့်ညီမလေးဟာ ချက်ချင်းကောင်းသွားတဲ့ စက်ဘီးပေါ်ကို မြေကြီး ပေါ်က ပြိုင်တူကြွတက်သွားပြီး နောက်ပြန် ထိုင်စီးနေကြတယ်။ ညီမလေး က စက်ဘီးကယ်ရီယာရဲ့အပေါ် ကျွန်တော်ကအရှေ့ကပါ။ လမ်းမီးဟာ စိမ်းနေတယ်။ မကြာခင် နီသွားပြီး ကျွန်တော်တို့ရဲ့ နောက်ပြန်နေတဲ့ စက်ဘီးက လမ်းတစ်ဘက်မှာ ရပ်သွားတယ်။ ညီမလေးရဲ့ ”ညဈေးတန်း ဘက်သွားရအောင်နော်”လို့ ပြောတဲ့အသံဟာ ယာဉ်ထိန်းခရာသံနဲ့အတူ လောကဓာတ်တစ်ခွင်လုံးကနေ ပြန်ပေါ်လာတယ်။    ။

နေထွတ်

————————-

ပန်းဝေသီမဂ္ဂဇင်း။ ဇွန်လ၊ ၁၉၉၆။
—————————-

မိုးတိမ်လိပ်တို့သည် လျပ်ရောင်တ၀င်းဝင်းဖြင့် ညာသံပေးကာ ချီတက်လာသည်။ အနောက်ရိုးမသည် အလွန်အသည်းငယ်တတ်သူတစ် ယောက်အလား ငြိမ်သက်စွာ အလျားမှောက်နေ၏။ ချောင်းရိုးတစ် လျောက် ထန်းပင်များမှာ လူးလွင့်လျက် လေရိုင်းတို့၏ အñှိးတကြီး ကိုင်လှုပ်မှုကို အံကြိတ်ခံ နေကြရသည်။

”အထက်မှာ မိုးသည်းနေပြီ”
အကြီးဆုံးဖြစ်သည့် ကျောင်းသားက သတိပေးသည်။

”ဆရာကိုက မိုးñှိ့နေမှန်းသိရက်နဲ့ အချိန်ကုန်သင်တာပါကွာ”

တစ်ယောက်က ဆရာ့ကို အပြစ်တင်သလိုမျိုးဖြင့် ညိုမည်းနေ သည့်ကောင်းကင်ပြင်ကို ကြောက်ရွံ့စွာ မော့ကြည့်လိုက်သည်။ တိမ်မည်း တို့သည် ခေါင်းအထက် လေးငါးပေအကွာမှ ဖြတ်သန်းပြေးလွှားနေ သည် ထင်ရ၏။ လေရူးတို့နှင့်အတူ လုံခြည်နှင့်စုထုပ်ထားသော ဖိနပ်၊ လွယ်အိတ်နှင့် အင်္ကျီမှာ ကြိုးနှင့်ချည်တုပ်ထားသည့် နွားရိုင်းတစ်ကောင် နှယ် မကြာခဏ ရုန်းကန်ပါသွားတတ်သည်။ ပြင်းထန်သော လေတို့၏ ရိုက်နှက်မှုကြောင့် ထန်းပင်များသည် တဝေါဝေါအော်မြည်နေကြသည်။ ချောင်းစပ်ဆူးခြုံများထဲတွင် ရေပျော်ငှက်တို့ ကြောက်လန့်တကြီး ငြိမ် သက်နေကြသည်ကို တွေ့မြင်နေရ၏။

ကျောင်းသားလေးယောက်သည် အမြှပ်ကလေးများ အစီအရီ လွင့်မျောစပြုလာသည့် ချောင်းရေကြောထဲသို့ ခြေချလိုက်သည်။ ထို သည်နှင့်တပြိုင်နက် မိုးသည် သည်းထန်စွာမြည်ဟီး၍  တဝေါဝေါ သွန်ချလေတော့သည်။ ရေပြင်ပေါ်သို့ မိုးစက်ကျနေပုံမှာ တဖြည်းဖြည်း သိသာမှု နည်းလာ၏။ မကြာမီပင် မိုးစက်နှင့်ရေပြင်သည် တစ်သားတည်း ဖြစ်သွားလောက်အောင် မိုးစိပ်လာတော့သည်။

သာမန်အခြေအနေ၌ပင် တစ်ဖက်ကမ်းရောက်ရန် မိနစ်နှစ် ဆယ်ခန့် ကူးရမည်ဖြစ်သည်။ လေပြင်းသည် ချောင်းရေနှင့်အတူ စုန်၍တိုက်နေ သဖြင့် ကျောင်းသားလေးများသည် ထုထည်တိုးလာသည့် ရေပြင်၏ဆွဲငင်ရာ၊ လေပြင်းများ၏ တွန်းပို့ရာသို့ တစစပါသွားကြသည်။

လောကဓာတ်တစ်ခုလုံးသည် ညနှင့်မခြား မှောင်အတိဖြစ်နေ သည်။ တစ်ချက်တစ်ချက် ခြိမ်းလိုက်သည့် မိုးတိမ်တို့၏ ကြုံးဝါးသံနှင့် စူးရှသော လျပ်ပြက်မှုတို့သည် ဆယ့်လေးနှစ်အရွယ် ကျောင်းသားလေး များကို အကြီးအကျယ် ခြောက်လှန့်နေတော့သည်။

”မိုးက တစ်အားသည်းတာပဲ၊ တစ်ယောက်လက် တစ်ယောက် ကကိုင်ထား၊ မလွတ်ကြနဲ့၊ မြဲမြဲကိုင်နော်၊ ငါကရှေ့ဆုံးကကူးမယ်”

အကြီးဆုံးနှင့် အထွားဆုံးကျောင်းသားလေးက ခေါင်းဆောင် တစ်ယောက်နှင့်တူစွာ အော်ပြောလိုက်သည်။

ချောင်းရေသည် ညိုညစ်သောရေမြှပ်များ ဖြူဖွေးလျက် အရှိန် နှင့်ဆင်းလာနေသည်။ ချောင်းလယ်သို့ရောက်ခါနီးသော ချောင်းကွင်းပြင် သည် ရေအတိပြည့်သွားပြီဖြစ်သည်။ လှိုင်းတို့သည် တစ်စစ ကြီးထွား ခက်ထန်လာသဖြင့် အငယ်ဆုံးကျောင်းသားလေး၏ မျက်နှာကို မကြာ ခဏ ရိုက်ခတ်လျက်ရှိ၏။

”လှိုင်းကလည်း ကြီးလာပြီ၊ ဒါပေမယ့် မကြောက်နဲ့၊ ငါတို့ အတူ တွဲဖြတ်တာပေါ့ ”

လုံချည်ထုပ်အသီးသီးကို ကျောတွင်ပိုးကာ ရေလယ်တွင် တရွေ့ရွေ့မျောပါနေသော ကျောင်းသားလေးယောက်အား မိုးသည် ပြက်ရယ်ပြုရင်း အငြှိုးတကြီး သည်းလျက်ပင်ရှိနေသည်။ ကလေးများ၏ ညာသံသည် သာမန်နေ့မျိုးတွင် ကမ်းပါးယံထိပ်၏အဝေးမှ သူတို့၏ရွာ ထိအောင် ကြားနိုင်လောက်သော်လည်း ယခုမူ လေသံမိုးသံတို့အောက် တွင် မရှုမလှ ပျောက်ကွယ်မျောပါသွားတော့သည်။

ထိုအခိုက် အငယ်ဆုံးကျောင်းသားလေး၏ ကျော၌ပိုးထားသော လွယ်အိတ်ထုပ်သည် လှိုင်းအပုတ်တွင် လက်မှပြုတ်ပါသွား၏။ ထိုကလေး ၏ ငိုသံသည် ကျန်သုံးဦးအတွက် မျက်ရည်မထိန်းနိုင်စေသည့် အားလျော့ သံဖြစ်သွားသည်။

ထိုစဉ်

”မကြောက်ကြနဲ့ကွ၊ လာ၊ လာ၊ ငါ တွဲခေါ်မယ်”

သူတို့သည် နောက်သို့ ပြိုင်တူမော်ကြည့်လိုက်ကြ၏။ ခိုင်မာ တောင့်တင်းလှသော လက်တစ်ဖက်က အငယ်ဆုံးကျောင်းသားလေး၏ မျောပါသွားသော လွယ်အိတ်ထုပ်ကိုကိုင်ထားရင်း တစ်ဖက်က အစွန် ဆုံးကျောင်းသားလေး၏လက်ကို ဆွဲလိုက်သည်။

”ဟေး”

သူတို့သည် မိုးစက်နှင့် မျက်ရည်များကြားမှ ၀မ်းသာအားရ အော်လိုက်ကြသည်။ နီဝါရောင် ရေလှိုင်းတို့သည် ကမ်းပါးကြီးများကို တ၀ုန်းဝုန်း ထုနှက်ရိုက်ဖြိုနေကြသည်။

”မင်းက ပုဆိုးထုတ်လေး ရေထဲပါသွားတာနဲ့ ငိုရသလားကွ၊ ပစ္စည်းဆိုတာ ရှာရင်ရတယ်။ လူမပါရင် ပြီးရော၊ လူကအဓိကကွ၊ ဟုတ်တယ် မဟုတ်လားကွာ”

သူက တခြားကျောင်းသားလေးများကိုပါ အော်ပြောလိုက်သည်။

”ဟုတ်တယ်၊ ဟုတ်တယ်” ဟူသော ညာသံသည် လေတွင် တစစ လွင့်ပါသွား၏။ အငယ်ဆုံးကျောင်းသားလေးကား ထိုသူ၏မျက်နှာ ကို မကြာခဏ စူးစိုက်၍ကြည့်နေမိသည်။ ထိုသူအား သူတစ်ခါမှ မမြင်ဖူး၊ မတွေ့ဖူးပေ။

ထိုသူက သူ့မေးစေ့ရှိ ရေမြှပ်ဖက်ကို လှမ်းပွတ်ပေးလိုက်ရင်း ပြုံးပြလေသည်။ သူသည် အိမ်ဝရန်တာတွင် ကော်ဖီကျကျတစ်ခွက်အား စိတ်ကြိုက်ဖျော်၍ တမြည့်မြည့်သောက်နေမိ၏။ သူ၏ နှစ်ငါးဆယ်ပြည့် မွေးနေ့အတွက် သူ့တစ်သက်တာ၏ မေ့မရဆုံးသော နေ့ရက်များ အကြောင်းကို ရေးသားပြီးစီးလုပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ့ဘ၀သည် ကြည်နူးစရာများ အတိမပြီးခဲ့သော်လည်း ကျေနပ်စရာများကို ဆုလာဘ် အဖြစ် ရရှိခဲ့သည်သာဖြစ်၏။ သူ့ဘ၀၏ ရည်မှန်းချက် သုံးပုံနှစ်ပုံခန့် သည် အောင်မြင်ပြီးစီးနေပြီဖြစ်သည်။ သူ၏ ပရဟိတ လုပ်ငန်းများသည် လူငယ်သန်းပေါင်းများစွာအား ထင်ရှားအောင်မြင်ခြင်းသို့ လမ်းပြပို့ ဆောင်ခဲ့ပြီဖြစ်သည်။ သူမျော်မှန်းခဲ့သည့် ဘ၀ပုံစံသည် ရုပ်လုံးကြွပေါ် လွင်ခဲ့ပြီ။ ဘ၀၏ စိန်ခေါ်ချက်များကို ကြိုတင်ပြင်ဆင်မှုများ၊ စိတ်ရှည် သည်းခံမှုများဖြင့် သူçအလဲထိုးပစ်ခဲ့ပြီ။ သူ့ဘ၀၏ ပုစ္ဆာများကို စနစ်တကျ သူဖြေရှင်းကာ ကြောင်းကျိုးခိုင်လုံသော အဖြေများစွာ ရရှိခဲ့ပြီဖြစ်သည်။

လူတို့သည် လာမည့်အပတ် သူ၏မွေးနေ့အခမ်းအနား၌ သူ၏ ဘ၀တစ်သက်တာအတွင်း မေ့မရဆုံးနှင့် အကောင်းဆုံး အတွေ့အကြုံ တစ်ခုအကြောင်း ဟောပြောချက်အား စိတ်ဝင်တစား နားထောင်ကြရန် ပြင်ဆင်လှုပ်ရှား နေကြပြီဖြစ်သည်။

သို့သော် သူ့အဖို့ ထိုအချက်သည် ယနေ့တိုင် ပြည့်စုံစွာ နားမလည်နိုင်သေးသော အဖြေတစ်ခု ပိုင်နိုင်စွာ မရရှိသေးသည့် ပုစ္ဆာတစ်ရပ် ဖြစ်ကြောင်း သူမှလွဲ၍ မည်သူမျ သိမည်မဟုတ်ပါ။

ထိုအချက်ကို စဉ်းစားမိသောအခါ သူအကြီးအကျယ် တုန် လှုပ်မိလေသည်။ မိုင်ခြောက်ရာကျော် ကွာဝေးသော အလွန်သီခေါင်ခဲ့ သည့် သူ၏ မွေးရပ်ရွာကလေးသို့ ယနေ့ပင်ခရီးထွက်ရန် ဆုံးဖြတ် လိုက်တော့၏။

သူသည် ကော်ဖီလက်ကျန်ကိုပင် ဆက်မသောက်တော့ဘဲ ဘူတာကြီးရှိရာသို့ ခြေလျင်လမ်းလျောက်လာခဲ့သည်။

ပန်းခြံကြီးတစ်ခု၏ဘေးရှိ ပလက်ဖောင်းပေါ်သို့ သူရောက်သော အခါ ဆယ့်လေးငါးနှစ်သာသာ ကောင်လေးတစ်စုက အ၀တ်အစား ပိုသီပတ်သီနှင့် လွယ်အိတ်စုတ်တစ်လုံးလွယ်ထားသော သူတောင်းစား အဖိုးအိုကြီး၏ ဒန်ခွက်စုတ်ကြီးကို တစ်လှည့်စီပစ်မြှောက်ကာ ကစား နေကြသည်ကို တွေ့လိုက်ရသည်။

သူသည် ကောင်လေးများအနားသို့ကပ်ကာ ”ဒီမယ် မောင်ရင် လေးတို့၊ သူ့ခွက်ကို ပြန်ပေးလိုက်ပါ၊ ကျုပ် ပိုက်ဆံပေးပါ့မယ်”

သူက ပြောပြောဆိုဆို အင်္ကျီအိတ်ထဲမှ တန်ဖိုးအကြီးဆုံး ငွေစက္ကူရွက်များ အထပ်လိုက် ဆွဲနှုတ်လိုက်၏။ ကောင်လေးများသည် လည်း ငွေအချပ်များကို မြင်လိုက်သည်နှင့် ဒန်ခွက်အစုတ်အား အဖိုး ကြီးကိုပြန်ပေးကာ ငွေတစ်ရွက်စီယူ၍ ထွက်ပြေးသွားကြလေတော့သည်။ နောက်ဆုံး ငွေများကို အိတ်ထဲပြန်ထည့်ရင် ဟန်ပြင်လိုက်သောအချိန် သူ့မျက်စိရှေ့သို့ ထိုးခံလာသောလက်အစုံကို တွေ့လိုက်ရသောအခါ အလွန်အံ့အားသင့်သွား၏။

ထိုလက်အစုံမှာ ထူးဆန်းစွာ သူ့အာရုံကို ဆွဲယူလိုက်တော့သည်။ အဖိုးအို၏ လက်ခုံများ၊ လက်ဖျံများမှာ အရေပြားများပွန်းပဲ့၍ ချေးအ ထပ်ထပ် တင်နေသော်လည်း တစ်ချိန်က အလွန်သန်မာခဲ့ဟန် ရှိလေ သည်။

မျက်နှာကို သူ အသေအချာ ကြည့်လိုက်၏။ ညာဘက်မေး ဖျားရှိ ”ပဇောက်ပုံ” အမာရွတ်သည် မြင်မကောင်းအောင် ရှုံ့တွလျက်ရှိ ၏။ သူသည် အနှစ်နှစ်အလလက ရှာဖွေခဲ့သောအဖြေကို ရှာတွေ့လိုက် သည့်အလား အလွန်ဝမ်းသာသွားမိသည်။ သူ ပြုံးပြလိုက်၏။ အသနားခံ နေသောမျက်ဝန်းများနှင့် မျက်နှာက တစ်ချက်မှ အရာယွင်းမသွား။

”အဘ၊ လာလာ၊ ကျွန်တော်တွဲခေါ်မယ်၊ ဟိုမှာတွေ့လား၊ လမ်းမဟိုဘက်က စားသောက်ဆိုင်ကို ကျွန်တော်တို့ သွားကြမယ်”

အဖိုးအိုသည် ဘာမှမပြောသာတော့ပဲ သူတွဲခေါ်ရာသို့ ဒရွတ် တိုက် ပါလာတော့၏။ ရိပ်သာလမ်းမကြီးပေါ်တွင် ယာဉ်များ အဆက် မပြတ် ရှုပ်ထွေးပြေးလွှားနေကြ၏။ မျဉ်းကြားအရောက် မီးမနီခင်ပင် သူ အလောတကြီး ဖြတ်လိုက်သည်။

သူသည် လွန်ခဲ့သော အနှစ်လေးဆယ်ခန့်ဆီသို့ ပြန်လည်သတိ လည်ကာ ၀မ်းနည်းဝမ်းသာ ဖြစ်နေမိသည်။

သူသည် အဖိုးအိုအားစားပွဲထိုင်စေကာ အကောင်းဆုံး အစား အစာများကို အမြန်မှာလေ၏။ ပြီးမှ ထွက်ပြေးမှာစိုးသည့်အလား အဖိုးအို၏ ပျော့ရွဲနေသည့် ညစ်ပေသော လက်မောင်းတစ်ဖက်ကို ကိုင်ရင်း မျက်နှာကို စေ့စေ့ကြည့်ကာ –

”ကျွန်တော် လုံးဝ မမျော်လင့်ဘူးဗျာ”

အဖိုးအိုသည် သူ့စကားကို မကြားသယောင်ပင် ချပေးလာသော အစားအသောက်များကို အငမ်းမရ စားသောက်နေလေတော့၏။

”အဘ မမှတ်မိဘူး ထင်တယ်၊ ကျွန်တော်က အငယ်ဆုံးကောင်လေးလေ၊ လွယ်အိတ်ထုပ်လေး ရေထဲပါသွားတာ ကျွန်တော့်အိတ်ပေါ့။ အဲဒီအထဲက နှစ်ယောက်က အခု ရွာမှရှိကြတုန်းပဲ၊ အဲဒီအထဲက အကြီးဆုံးကျောင်း သားလေးက အဲဒီနောက် နှစ်နှစ်လောက်ကြာတော့ ပိုးထိပြီးဆုံးသွား တယ်။ အခု အဘ ဘယ်လိုလုပ် ဒီကို —”

သူသည် စကားကို ပြောချင်ရာ တရစပ်ပြောနေမိသော်လည်း သူတောင်းစား အဖိုးအိုမှာ လုံးဝစိတ်ဝင်စားဟန်မပြ။ သို့သော် တစ်ချက် မော့ကြည့်သော အဘိုးအို၏ မျက်ဝန်းများသည် ၀ါကျင်၍ ñှို့ရီနေ ကြောင်း သတိထားမိ၏။ အဖိုးအို၏မေးဖျားတွင် အဆင်ခြင်မဲ့ စား သောက်နေသဖြင့် အစာဖတ်တချို့ပေနေသည်။ သူသည် ထိုအစာဖတ် များကို တရိုတသေပင် သုတ်ပေးလိုက်၏။ မကြာပါ။ အစာအားလုံးကို တစ်ယောက်တည်း စားသောက်ပစ်၍ အကုန်ပြောင်စင်သွားလေသည်။ ထို့နောက် သူ့ထံသို့ လက်ဝါးအစုံ ထိုးပေးသည်။

”ကျုပ်ကို ပိုက်ဆံပေးပါဗျာ”
”အဘ . . .”

သူ အံ့အားသင့်၍ ကြေကွဲသွားသည်။ အဖိုးအို၏ ဆံပင် များသည် ဖြူညစ်နေ၏။ တစ်ကိုယ်လုံးလည်း ဖုန်များ၊ ချေးများဖြင့် ပေရေနေသည်။ သို့သော် သူ၏ညာဘက်မေးဖျားရှိ ပဇောက်ပုံ အ မာရွတ်အား ထင်ရှားနေပါသေးသည်။

”ကျုပ်ကို ပိုက်ဆံပေးပါဗျာ”

သူသည် ငြင်းဆန်ရန် မစွမ်းသာတော့သဖြင့် အိတ်ကပ်ထဲမှ အထပ်လိုက်သော ငွေစက္ကူများကို တစ်ခါတည်းပေးလိုက်သည်။ အဖိုး အိုသည် ငွေရသည်နှင့် စားပွဲမှ ”ဟေး” ဟု အော်ဟစ်ရင်း ထကာ ဆိုင်အပြင်သို့ ကလေးငယ်တစ်ယောက်လို ပြေးထွက်သွားတော့သည်။ ဆိုင်ထဲမှလူများသည် အံ့အားသင့်ရင်း ကြည့်နေကြ၏။ အဖိုးအို၏ အရိပ်အယောင်မျ မတွေ့ရတော့ချေ။ ရိပ်သာလမ်းမကြီးကာ အခြေမပျက် လှုပ်ရှားဆူညံနေဆဲ ဖြစ်သည်။

ဘူတာကြီးသို့ သူသွားစရာမလိုတော့ပါ။

စားသောက်ဆိုင်မှ သူ့အိမ်ကြီးရှိရာသို့ ပြန်လည်လမ်းလျောက် လာခဲ့သည့် လမ်းတစ်လျောက်တွင်တော့ အဖိုးအိုအား သူပြန်ရှာနေမိ သည်။ သို့သော် အဖိုးအို၏ခြေရာကား ပျောက်ခဲ့ပြီ။

”ပစ္စည်းဆိုတာ ရှာရင်ရတယ်၊ လူမပါရင်ပြီးရော၊ လူက အဓိကတဲ့”

သူသည် တစ်ယောက်တည်း တီးတိုးရေရွတ်နေမိ၏။

မျက်ရည်များသည် သူ့ပါးပြင်ပေါ်သို့ အတားအဆီးမဲ့ လိမ့်ဆင်းလာလေသည်။     ။

နေထွတ်

——————————–

ရွှေအမြူတေမဂ္ဂဇင်း၊ အမှတ် ၁၀၄၊ ဇူလိုင်လ၊   ၁၉၉၈။

——————————————————

ခင်ဗျားကို ကျုပ်ဇာတ်လမ်းတစ်ပုဒ် ပြောပြနေတယ်ဗျာဟု ကျွန်တော့်ရှေ့တွင်ထိုင်နေသော လူကြီး၏ ဘယ်ဘက်အင်္ကျီအိတ်ကပ်ထဲမှ ဈေးကြီး၍ နာမည်ကြီးလှသော ဖောင်တိန်ပင်တစ်ချောင်းက ပြောသည်။
ကျွန်တော့်သားက အသက်ဆယ့်ရှစ်နှစ်ဗျ။ ဆယ်တန်းကို ဂုဏ်ထူးလေးခုနဲ့အောင်တယ်ဟု ဈေးကြီး၍ နာမည်ကြီးလှသော ဖောင် တိန်ပင်ကို အင်္ကျီအိတ်တွင်ချိတ်ထားသော လူကြီးကဆို၏။ ထိုလူကြီး၏ အင်္ကျီမှာ အရောင်လက်၍ တောက်ပနေသည်။ ကုမ္ပဏီရုံးခန်း၏ နံရံများ သည် စိမ်းပြာရောင်သုတ်ထား၏။ လေအေးစက်၏ အာနိသင်ကြောင့် ရုံးခန်းတွင်းဝယ် ရာသီဥတုက မျတနေသည်။ ဈေးကြီး၍ နာမည်ကြီးလှ သော ဖောင်တိန်ပင်မှာ သူ့သခင်ကြီးနှင့်အတူ ကုမ္ပဏီရုံးခန်းထဲတွင် ဂုဏ်သရေရှိလူကြီးသုံးဦးကို ဧည့်ခံနေရ၏။
ဒီကိစ္စကို ခင်ဗျားခေါင်းထဲမှာပဲထားပါ။ ခင်ဗျားတို့အတွက်ပါ မကောင်းဘူးမဟုတ်လား။ ဒီအတွက် ခင်ဗျားကို ကျွန်တော်သပ်သပ် ပိုပေးပါ့မယ်ဟု သူ့သခင်ကြီးက အသက်လေးဆယ်ခန့် ပိန်ပါးပါးလူတစ် ယောက်အား လွန်ခဲ့သည့်ရှစ်လခန့်က ပြောခဲ့၏။ စိတ်ချပါဗျာ၊ ဘယ် ကျွန်တော်တို့ကလုပ်မှာလဲဟု ထိုပိန်ပါးပါးလူက သူ့သခင်ကြီး၏လက်ထဲမှ သူ့အားအထင်တကြီး စိုက်ကြည့်ရင်း ပြန်ပြောခဲ့သည်ဟု ဈေးကြီး၍ နာမည်ကြီးလှသော ဖောင်တိန်ပင်က ပြောပြနေ၏။
သူ့အထက်သားကြီးက အင်ဂျင်နီယာဆိုရင် သူက ဆရာဝန် ဖြစ်ရမှာပေါ့ဗျာ။ ဒါမှ ‘စတင်းဒတ် ဂျင်နရေးရှင်း’ တစ်ခုဖြစ်မယ် မ ဟုတ်လား။ အအေးကို သုံးဆောင်လိုက်ပါဦးဟု ဈေးကြီး၍ နာမည်ကြီး လှသော ဖောင်တိန်ပင်ကို အိတ်ကပ်၌ ချိတ်ထားသော ထိုလူကြီးက ဆိုသည်။ နိုင်ငံခြားဖြစ် အချိုရည်သုံးဗူးမှာ ရေခဲသေတ္တာအပြာနုရောင် လေးထဲမှထွက်၍ ကျွန်းစားပွဲပေါ်မှနေကာ ဂုဏ်သရေရှိ လူသုံးဦးအား ဧည့်ခံနေရသည်။ ‘လောကမှာ ငွေသာအဓိကဆိုတဲ့ အယူအဆမျိုး ကျွန်တော့်မှာ မရှိပါဘူး။ ဟုတ်တယ်မဟုတ်လားဗျာ။ လောကမှာ ပညာ ဟာလည်း အရေးကြီးသမို့လား။ ဘယ်နေရာမဆို ပညာဟာ အရေးပါတဲ့ နေရာမှာရှိတယ်လေ။ သောက်ပါ။ ဒီမှာက ရုံးခန်းဆိုတော့ ကသိက အောက်နိုင်နေမလား မသိဘူးဗျာ။ ဟား ဟား’ ဟုလည်း ထိုလူကြီးက ပြောရင်းရယ်နေပြန်၏။
ခြောက်ရက်။ တစ်ရက်ကို နှစ်ယောက်။ ဘာမှ ထူးထူးထွေထွေ လုပ်မပေးရပါဘူး။ ကြည့်နေရုံပါ။ ကျေးဇူးတင်ပါတယ်ဗျာ။ သုံးထောင်စီဆို ဖြစ်ရဲ့မဟုတ်လားဟု သူ့သခင်ကြီးက အသက်လေးဆယ်ခန့် ပိန်ပိန်ပါးပါး လူအား လွန်ခဲ့သည့်ရှစ်လခန့်က ပြောကြောင်း၊ ဖောင်တိန်ပင်က ဆို သည်။ ခင်ဗျားက စာသမားဆိုတော့ ဒါတွေပိုသိမှာပေါ့။ ခင်ဗျားလည်း ပညာရှင်တစ်ယောက်ပဲဟု ဈေးကြီး၍ နာမည်ကြီးလှသော ဖောင်တိန် ပင်ကို အင်္ကျီအိတ်၌ ချိတ်ထားသော လူကြီးကပြောသည်။ ထိုလူကြီးစကား ပြောလိုက်တိုင်း သူ၏ညာလက်သည် ကုမ္ပဏီနှင့် သက်ဆိုင်ဟန်ရှိသော ဖိုင်တွဲတစ်ခုထဲမှ စာရွက်များကို တစ်ရွက်ချင်းလှန်နေ၏။ ထိုအခါ သူ၏ ညာလက်သူကြွယ်ရှိ အရွယ်ကြီးကြီး ကျောက်စိမ်းလက်စွပ်သည် အရောင်လက်၍ သွားတတ်သည်။
ဒီမယ် မိန်းမရ။ ဒါ ဘ၀ကွ။ ဘ၀ကို အဆုံးအဖြတ်ပေးမှာ။ ဒီတစ်နေရာမှားရင် တစ်ဘ၀လုံး သွားပေရော့။ လူနဲ့ငွေ ဘယ်ဟာက အရေးကြီးသလဲဟု သူ့သခင်ကြီးက ဇနီးသည်အား ပြောခဲ့ကြောင်း ဈေးကြီး၍ နာမည်ကြီးလှသောဖောင်တိန်ပင်က ဖောက်သည်ချသည်။
ဂုဏ်သရေရှိလူသုံးဦးသည် အအေးကိုသာ ငုံ့၍သောက်နေကြ သည်။ ကျွန်တော်တို့ဆီမှာ ”တက္ကနော်လော်ဂျီ” ပိုင်းက အားနည်းနေ တယ်။ ဒါ ခင်ဗျားတို့လည်း သိပါတယ်။ သိပ္ပံနယ်ပယ်တွေမှာ ”ဆတ်ဘ ဂျက်”အဆင့်ပဲ ရှိနေသေးတယ်။ နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ဆက်ဆံတဲ့ အခါ တက္ကနော်လော်ဂျီပိုင်းက သပ်သပ်ဝယ်နေရသလိုချည်း ဖြစ်ဖြစ်နေ တယ်ဟု ဈေးကြီး၍နာမည်ကြီးလှသော ဖောင်တိန်ပင်ကို အင်္ကျီအိတ် ကပ်တွင် ချိတ်ထားသောလူကြီးက ပြောပြနေသည်။
ဆယ့်နှစ်ယောက်၊ သုံးသောင်းခြောက်ထောင်ဟု အသက်လေး ဆယ်ခန့် ပိန်ပါးပါးလူက ဈေးကြီး၍နာမည်ကြီးလှသော ဖောင်တိန်ပင်နှင့် လူကြီးအား ပြောခဲ့၏။ ဒီသုံးသောင်းကတော့ ခင်ဗျားတို့ ဆရာကြီး အတွက် အထူးပေါ့ဗျာဟု သူ့သခင်ကြီးက ထပ်ပြောခဲ့ကြောင်း ဈေးကြီး၍ နာမည်ကြီးလှသော ဖောင်တိန်ပင်က ဆိုလေသည်။
အချိုရည်သုံးဗူးထဲမှ အချိုရည်များကုန်သွားပြီ။
ကျွန်တော်ကတော့ သားကို ဆရာဝန်ပဲ ဖြစ်စေချင်တယ်။ သားငယ်ရမှတ်က မနှစ်က ‘အမ်စီ’ ၀င်ခွင့်အမှတ်ထက် နှစ်ဆယ်တိတိပို တယ်။ စီးကရက်ကြိုက်ရင် သုံးဆောင်ပါဦးဟု ပြည်ပဖြစ် ရွှေရောင် စီးကရက်ဗူး အသစ်စက်စက်ကိုဖွင့်ကာ ဂုဏ်သရေရှိ လူသုံးဦးအား ထိုလူကြီးက ဧည့်ခံပြန်၏။ ဂုဏ်သရေရှိ လူကြီးသုံးဦးအနက်မှ တစ်ဦး သည် ထိုစီးကရက်ဗူးထဲမှ တစ်လိပ်ကိုနှိုက်ယူကာ မီးညှိသည်။ အခု တစ်လော ခင်ဗျားတို့လောကမှာ ပြောပြောနေတဲ့ ”ဂျင်နရေးရှင်းဂက်ပ်” ဆိုတာကို ကျွန်တော်သဘောပေါက်တယ်။ ကျွန်တော်က အခုခင်ဗျားတို့ မြင်တဲ့အတိုင်း ကုမ္ပဏီတစ်ခု ပိုင်ရှင်ဖြစ်နေရင် သားတစ်ယောက်က ”ကွန်စထရပ်ရှင်း” ကုမ္ပဏီတစ်ခု ပိုင်ရမယ်။ သားတစ်ယောက်က ”ပရိုက်ဗိတ်”ဆေးရုံတစ်ခု ပိုင်ရမယ်လို့ မျော်လင့်ထားတယ်ဟု ဈေးကြီး၍ နာမည်ကြီးသော ဖောင်တိန်ပင်ကို အရောင်လက်၍ တောက်ပနေသည့် အင်္ကျီအိတ်၌ချိတ်ထားသော လူကြီးက ဆိုသည်။
ဝိုင်းတစ်ခုတောင် ဒီထက်မက ပေးရသေးတာပဲလေဟု သူ့သ ခင်ကြီးက ဇနီးသည်အားပြောခဲ့ကြောင်း ဈေးကြီး၍ နာမည်ကြီးလှသော ဖောင်တိန်ပင်က ပြောဆိုနေသည်။
အဲဒီကုမ္ပဏီပိုင်ရှင်က သူ့အိတ်ကပ်ထဲမှာ ဈေးကြီးပြီးနာမည် ကြီးတဲ့ ဖောင်တိန်ပင်တစ်ချောင်း အမြဲချိတ်ထားတယ်။ ရက်ရောတာက လည်း လွန်ပါရောဗျာ။ ဘယ်လိုပြောမလဲ၊ အမျော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ် ဆိုရမှာပေါ့ဟု အသက်လေးဆယ်ခန့် ပိန်ပါးပါးကျောင်းဆရာတစ် ယောက်က ကျွန်တော့်သူငယ်ချင်းအား နောင်တွင် ပြောပြခဲ့ကြောင်း ထိုကျွန်တော့် ငယ်သူငယ်ချင်းက လွန်ခဲ့သောနှစ်လခန့်က ကျွန်တော့်ကို ပြောခဲ့သည်။
အခု ဆယ့်ရှစ်နှစ်ဗျာ။ ဆယ်တန်းအောင်ပြီးပြီ။ ဂုဏ်ထူးလေးခု ပါတယ်။ အမှတ်ကတော့ ခုနကပြောသလို ဆေးဝင်မှာပါ။ သူ့ကွယ်ရာမို့ ပြောရဦးမယ်။ ဒီကောင်က ကျွန်တော့်ထက်တော်မယ့်ကောင်ဗျဟု ဈေး ကြီး၍ နာမည်ကြီးလှသော ဖောင်တိန်ပင်ကို အင်္ကျီအိတ်ကပ်တွင် ချိတ်ထားသော လူကြီးကဆို၏။
ခင်ဗျားကို ကျုပ်ဇာတ်လမ်းတစ်ပုဒ်ပြောပြနေတာ ခင်ဗျား သိနေပါတယ်နော်ဟု ကျွန်တော့်ရှေ့တွင်ထိုင်နေသော လူကြီး၏ ဘယ် ဘက်အင်္ကျီအိတ်ကပ်ထဲရှိ ဈေးကြီး၍ နာမည်ကြီးလှသော ဖောင်တိန် ပင်တစ်ချောင်းက ပြောနေသည်။ ထိုဈေးကြီး၍ နာမည်ကြီးလှသော ဖောင်တိန်ပင်မှာ သူ့သခင်ကြီးနှင့်အတူ ကုမ္ပဏီဧည့်ခန်းထဲတွင် ဂုဏ်သ ရေရှိ လူသုံးဦးကို ဧည့်ခံနေရ၏။
ဦး ဖုန်းလာတယ်ဟု ဧည့်ခန်း၏ ရှေ့ဘက်အ၀င်ဝ အခန်းငယ် ထဲမှ အတွင်းရေးမှူးမလေးက လာအကြောင်းကြားနေသည်။ ခင်ဗျားတို့ ကြိုက်တတ်ရင် စီးကရက်သောက်ပါ။ အိတ်ထဲထည့်ယူသွားပါဗျာ။ အားမနာပါနဲ့။
ကုမ္ပဏီရုံးခန်းသည် သုတ်ထားသော စိမ်းပြာရောင်ဆေးကြောင့် ကြည်လင်သန့်ပြန့်နေ၏။ ညှိထားသော လေအေးစက်အစွမ်းကြောင့် အခန်းတွင်း ရာသီဥတုမှာ သာယာစိုပြည်လျက် ရှိနေသည်။
ဒီမှာက စီးကရက်ကို ကျွန်တော်တစ်ယောက်ပဲသောက်တယ်။ ထည့်ယူသွားပါခင်ဗျာဟု ဈေးကြီး၍ နာမည်ကြီးသော ဖောင်တိန်ပင်ကို အင်္ကျီအိတ်ကပ်တွင် ချိတ်ထားသောလူကြီးက ကျွန်တော်နှင့် ဂုဏ်သရေရှိ လူနှစ်ယောက်အား နှုတ်ဆက်စကားနှင့်အတူ ဆို၏။
ကျွန်တော်တောင် အားကျသွားတယ်ဗျာဟု အလတ်တန်းစား ကုမ္ပဏီကြီးတစ်ခု၏ ရုံးခန်းအတွင်းမှ ထွက်လာအပြီးတွင် ကျွန်တော့် ဘေးမှ ဂုဏ်သရေရှိ လူနှစ်ယောက်အနက်မှ တစ်ယောက်ကဆိုသည်။
ကျွန်တော်ကတော့ မလွဲမရှောင်သာလို့ ငြိမ်နားထောင်နေရ တာခင်ဗျဆိုတော့ ထိုဂုဏ်သရေရှိ လူကြီးနှစ်ယောက်က ကျွန်တော့်အား တအံ့တသြ ကြည့်၏။
ကုမ္ပဏီပိုင်ရှင်လူကြီး၏ အရောင်လက်၍ တောက်ပနေသော အင်္ကျီအိတ်ကပ်အတွင်းမှ ဈေးကြီး၍ နာမည်ကြီးလှသော ဖောင်တိန်ပင်က ကျွန်တော့်ကို အထုပ်ဖြေပြနေတယ်ဗျာဟု ဆိုတော့ ပို၍ အံ့အားသင့်သွား ကြလေသည်။      ။
နေထွတ်

——————————–

ရွှေအမြုတေမဂ္ဂဇင်းမှာ စိစစ်ရေးအပယ်ခံရပြီး နော်ဝေးနိုင်ငံထုတ် ဥဒါန်းမဂ္ဂဇင်းမှာ ၂၀၀၈ မှာ ပြန်ဖော်ပြပါရှိ။

ဖေဖော်ဝါရီ၊ ၁၉၉၇ မှာ ရေးခဲ့ပါတယ်။

——————————-